ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်မျိုးကွဲသစ်ကြောင့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်ဖို့ အစ္စရေးပြင်ဆင်
အစ္စရေးနိုင်ငံဟာ ကိုဗစ်မျိုးကွဲသစ် ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ၂ ပတ်ပိတ်ဖို့ ပြင်ဆင်နေပြီး ဗိုင်းရပ်စ်ပျံ့ပွားမှုရပ်အောင် စောင့်ကြည့်တာတွေလုပ်သွားမယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီလိုပိတ်ပင်မှုကို အစ္စရေးအစိုးရဲ့ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့က အပြည့်အ၀ထောက်ခံ ထားတာကြောင့် ဒီနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ စတင်အသက်ဝင်မယ်လို့ ယူဆရပါတယ်။
လက်ရှိမှာ အစ္စရေးနိုင်ငံဟာ တောင်အာဖရိကနိုင်ငံမှာပထမဆုံးစတင်တွေ့ရှိပြီး ကူးစက်နိုင်စွမ်း ပိုများနိုင်ချေရှိတဲ့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်(Omicron) ပိုးတွေ့လူနာ ၁ ဦးကိုတွေ့ရှိထားပါတယ်။
အဲဒီမျိုးကွဲသစ်ကြောင့်ပဲ နိုင်ငံအများစုဟာ တောင်အာဖရိကနိုင်ငံကိုရော၊ သူ့ပတ်ဝန်းကျင်က နိုင်ငံတွေကိုပါ ခရီးသွားလာမှု ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံကတော့ နည်းပညာစွမ်းနိုင်မှုကြောင့် မျိုးကွဲသစ်ကို စတင်တွေ့ရှိတာကို ချီးကျူးအသိအမှတ်မပြုဘဲ တောင်အာဖရိကကို ခရီးသွားလာမှုကို ကမ္ဘာ့နိုင်ငံတွေက ပိတ်ပင်မှုတွေ ပြုလုပ်တာကို သဘောမကျတဲ့အကြောင်းပြောထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ကတော့ အဲဒီမျိုးကွဲသစ်ဟာ စိုးရိမ်စရာရှိပြီး ပိုးပြန်လည်ကူးစက်နိုင်မှုလည်းမြင့်တယ်ဆိုတာ ကနဦးတွေ့ရှိထားတယ်လို့ပြောပါတယ်။
ဒါပေမဲ့လည်း WHO ကတော့ နိုင်ငံတွေရဲ့ခရီးသွားလာမှုကန့်သတ်ချက်တွေ အလျင်စလိုချမှတ်တာကို သတိပေးထားပြီး သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ကူးစက်နိုင်မှုအန္တရာယ်ရဲ့သိပ္ပံနည်းကျတွေ့ရှိချက်တွေ ကို လိုက်ပြီး ချမှတ်သင့်တယ်လို့ ပြောနေပါတယ်။
အစ္စရေးအစိုးရရဲ့ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့က စနေနေ့တုန်းက ကျင်းပတဲ့အရေးပေါ် အစည်းအဝေးမှာ ကန့်သတ်ချက်အသစ်တွေကို ချမှတ်ဖို့ သဘောတူထားပြီးပြီဖြစ်တာကြောင့် အစိုးရအဆင့်မြင့်အရာရှိကြီးတွေရဲ့ အတည်ပြုချက်ကျန်ရှိနေပါသေးတယ်။
အစ္စရေးနိုင်ငံသားမဟုတ်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်တာအပြင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား အစ္စရေးနိုင်ငံသားတွေကို ၃ ရက်တာ၊ ကာကွယ်ဆေးမထိုးရသေးတဲ့နိုင်ငံသားတွေကို ၇ ရက်တာ အသွားအလာကန့်သတ်စောင့်ကြည့်မှုကို မဖြစ်မနေပြုလုပ်မယ်လို့ သိရပါတယ်။
အစ္စရေးအစိုးရရဲ့ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူနာ တွေကို နိုင်ငံ့လုံခြုံရေးအေဂျင်စီ Shin Bet ရဲ့ စောင့်ကြည့်မှုကို ခံရမယ့်ကိစ္စကိုလည်း အတည်ပြု ထားပြီးဖြစ်ပါတယ်။
စနေနေ့ အစောပိုင်းတုန်းကတော့ အစ္စရေးဟာ အာဖရိကတိုက်က နိုင်ငံပေါင်း ၅၀ ကို အနီရောင်အဆင့် သတိပေးချက်ထဲ ထည့်သွင်းသွားပြီးဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေကပြန်လာတဲ့ အစ္စရေးနိုင်ငံသားတွေဟာ အစိုးရက အတည်ပြုပေးထားတဲ့ ဟိုတယ်တွေမှာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ကိုဗစ်ပိုးရှိ၊ မရှိကိုလည်း စစ်ဆေးခံရမှာဖြစ်ပါတယ်။
ဒါ့အပြင် အစ္စရေးဟာ အာဖရိကတိုက် နိုင်ငံအများစုကနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ထားတာ သောကြာနေ့ကတည်းက ဖြစ်ပါတယ်။
ကပ်ဘေးစဖြစ်ကတည်းက အစ္စရေးနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ၁.၃ သန်းရှိတယ်လို့ အတည်ပြုစာရင်း တွေအရ သိရပြီး ၈ ထောင် ၁ ရာကျော်သေဆုံးမှုရှိတယ်လို့ John Hopkins တက္ကသိုလ် သုတေသနအရ သိရပါတယ်။
သောကြာနေ့နဲ့ စနေနေ့မှာပဲ ကမ္ဘာတဝန်းက နိုင်ငံတချို့က ဗိုင်းရက်စ်မျိုးကွဲသစ်ပြန့်ပွားမှုမဖြစ်အောင် ကန့်သတ်အစီအမံတချို့ကို ချမှတ်ထားပြီးဖြစ်ပါတယ်။