အထွက်များနေတဲ့ မြန်မာတွေနဲ့ အဖမ်းအဆီးကြမ်းနေတဲ့ ထိုင်းအ၀င်လမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army
ထိုင်းနိုင်ငံဆီကို အလုပ်ရှာဖို့သွားကြတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနယ်စပ်စည်းအ၀င်နားတွေတင်မှာပဲ အများအပြား ဖမ်းဆီးခံနေရတာကို အခုရက်ပိုင်းတွေမှာ တွေ့နေရပါတယ်။
တောစပ်နားမှာ ဒါမှမဟုတ် နယ်စပ်ကထွက်လာတဲ့ ကားလမ်းတွေပေါ်မှာ သူတို့ကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ထိန်းသိမ်းထားတဲ့ပုံတွေကို တွေ့ကြရတဲ့အခါ၊ ကားနောက်ဖုံးခန်းထဲမှာ လူတွေ ကျပ်သိပ်စွာ လိုက်လာခဲ့ရပြီး အဖမ်းခံရတာတွေကို မြင်ကြရတဲ့အခါ စိတ်မချမ်းမြေ့စရာပါ။
ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်ကြတယ်၊ အဖမ်းခံကြရတယ်၊ မြန်မာနိုင်ငံကို ပြန်ပို့ခံရတယ်၊ ဒါ့ထက် မက ဆိုးရွားတဲ့ဒုက္ခတွေကို ခံစားခဲ့ကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ဇာတ်လမ်းတွေက အရင်ကတည်းက မရေတွက်နိုင်လောက်အောင် သိခဲ့၊ ကြားခဲ့ကြရပါတယ်။
ဒါပေမယ့် အခုတလော မြန်မာပြည်က အလုပ်သမားတွေ အထွက်များပုံ၊ အဖမ်းအဆီးများပုံက 'စံချိန်တင်ပဲ'လို့ ရွှေပြောင်းအလုပ်သမားအရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
"နို၀င်ဘာ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ရက်ပေါင်း ၂၀ လောက်အတွင်း ထိုင်းမြန်မာ နယ်စပ်တလွှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားပေါင်း ၆၀၀၀ ကျော် ရှိတယ်" ၊ ဒီအရေအတွက်က သူ ဆယ်စုနှစ် ၂ စုနီးပါး မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ခဲ့တဲ့ ကာလအတွင်းမှာ ဒီလောက် အချိန်ကာလ တိုလေးအတွင်း "အများဆုံးအဖမ်းခံရတဲ့ အရေအတွက်ပဲ"လို့ မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဘီဘီစီကို ပြောပါတယ်။
အဖမ်းများသလို "အထွက်လည်း သိပ်များတဲ့ ကာလ"လို့ သူက ထပ်ဖြည့်ပြောပါတယ်။
မြန်မာတွေ ထိုင်းဘက်ကို အထွက်အများဆုံး လမ်းကြောင်းဖြစ်တဲ့ မွန်ပြည်နယ်နဲ့အစပ် ထိုင်းနိုင်ငံ ဆန်ခလဘူရီခရိုင်၊ ကန်ချနဘူရီပြည်နယ်ဘက်မှာ အဖမ်းခံကြရတာ အများဆုံးပါ။
အဲဒီဒေသ အပါအ၀င် ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ တပ်ခ်ခရိုင်အတွင်း ၊ တနင်္သာရီတိုင်းနဲ့ထိစပ်နေတဲ့ ပရာကျွတ်ကရိန်ကန်၊ ရနောင်းနဲ့ ချွန်ဖွန်ခရိုင်တွေအတွင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့စပ်နေတဲ့ ချင်းရိုင်ခရိုင်၊ ကယား ပြည်နယ်နဲ့ထိစပ်နေတဲ့ မယ်ဟောင်ဆောင်ခရိုင်တွေအတွင်း စတဲ့ဒေသတွေမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၄၀နှစ်ကြား အသက်အရွယ်ရှိသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army
မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာ၊ လုပ်ခ လစာနည်းတာ စတဲ့အကြောင်းတွေအပြင် အခုတလော မြန်မာပြည်ကနေ လူတွေအများအပြားထွက်လာကြတာက "ထိုင်းကိုဗစ်ကာလမှာ စောင့်ဆိုင်းနေကြရတာ သိပ်ကြာလွန်းလာတော့ အလုပ်မရှိရင်မဖြစ်တော့လို့၊ မလာရင်မဖြစ်တော့လို့"လာကြတာ၊ "စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ လူငယ်တွေရဲ့ အသက်ဘေးလုံခြုံရေးကင်းမဲ့လာလို့ ထွက်ပြေး လာကြတာ" စတဲ့ အကြောင်းတွေလည်း ပါတယ်လို့ ဦးမိုးကြိုးက ပြောပြပါတယ်။
ထိုင်းနယ်စပ်အရောက်ကို ထိုင်းဘတ်ငွေ ၁ သောင်းခွဲ (လက်ရှိငွေပေါက်စျေးအရ မြန်မာကျပ် ၁ သိန်း ဟာ ထိုင်းဘတ် ၁၈၅၀နဲ့ညီမျှ)၊ အလုပ်ပေါရာထိုင်းနိုင်ငံအတွင်းပိုင်း ဘန်ကောက် လိုမြို့ထဲ အရောက်ဆိုရင် ဘတ် ၂ သောင်းနီးပါး၊ အလုပ်ပါရတဲ့အထိ ရှာပေးရင် ဘတ် ၂ သောင်းစသဖြင့် လူသယ်ပေးတဲ့ ပွဲစားတွေအတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ပေးကြရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရပြီဆိုရင် အဲဒီကုန်ကျငွေတွေ အကုန်မဟုတ်ရင်တောင် တချို့တဝက်ဆုံးရှုံးတယ်လို့ အလုပ် သမားတွေကပြောပါတယ်။
ထိုင်းနိုင်ငံမှာ လက်ရှိရှိနေတဲ့ ကိုဗစ်အရေးပေါ်စီမံမှုဥပဒေအရ တရားမ၀င် ၀င်ရောက်လာသူဟာ ထောင်ဒဏ် ၁၀နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာတွေကို အဲဒီ ဥပဒေနဲ့ အရေးမယူဘဲ "ထိုင်းလူ၀င်မှုကြီးကြပ်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ နှစ်ချကာ ၂ လ လောက် ထိန်းသိမ်း ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့တယ်"လို့လည်း ဦးမိုးကြိုးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army
ထိုင်းမှာအလုပ်လုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားပေါင်း သန်းနဲ့ချီတဲ့ အရေအတွက်ရှိပြီး အဲဒီထဲမှာ အများအပြားက တရား၀င်စာရွက်စာတမ်းမရှိဘဲ လုပ်ကိုင်နေကြတာပါ။ ဒီလိုတရားမ၀င်လာရောက်လုပ်ကိုင် တာတွေကို တရား၀င်ဖြစ်အောင်၊ တရား၀င်အထောက်အထားစာရွက်စာတမ်း တွေနဲ့ ထိုင်းနိုင်ငံတွင်းကို လာနိုင်အောင် အထူး သဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လာခဲ့ပေမယ့် သိသိသာသာ မအောင်မြင်ခဲ့ပါဘူး။
ဒီနှစ် ဖေဖော်၀ါရီလဆန်း စစ်အာဏာသိမ်းမှုကလည်း မြန်မာဘက်အနေနဲ့ လုပ်ဆောင်ရမယ့် အဲဒီ ဆောင်ရွက်မှုတွေကို တုံ့ဆိုင်းသွားစေခဲ့ပါတယ်။
အခုအလုပ်သမားတွေ အထွက်များတဲ့ အရေးဟာ "ထိုင်းဘက်မှာ အထောက်အထားလက်မှတ် သက်တမ်းတိုးတာတွေ လုပ်ပေးနေပြီ"ဆိုတဲ့ ကောလဟလ သတင်းမှားတွေ ပျံ့နှံ့နေတာကြောင့်လည်း ပါတယ်လို့ သိရပါတယ်။
တကယ်မှာတော့ ထိုင်းဘက်က ကိုဗစ်ပျံ့နှံ့မှုထိန်းသိမ်းဆောင်ရွက်တဲ့ အနေအထားကြောင့် မြန်မာ အလုပ်သမားတွေအတွက် ဖွင့်ပေးထားတဲ့ ထိုင်းဘက်က ရုံးတွေက ကောင်းကောင်း အလုပ် မလုပ်နိုင်ကြသေးပါဘူး။
"CI စာအုပ်လိုမျိုး အလုပ်သမား ဘယ်သူဘယ်၀ါဆိုတာမျိုး ထုတ်ပေးထားတဲ့ သက်သေခံ အထောက်အထား လက်မှတ်တွေက သက်တမ်းကုန်နေတာတွေရှိတယ်၊ အဲဒါမျိုးက သိန်းနဲ့ချီပြီးရှိတာ၊ သက်တမ်းကုန်နေရင် အလုပ်သမားတွေကလည်း ခရီးသွားရတာ ခက်တယ်၊ အဲဒါတွေကို သက်တမ်းတိုး ပေးဖို့ ထိုင်းဘက်ကရုံးတွေကလည်း အကုန် ပြန်မဖွင့်နိုင်သေးဘူး၊ အဲဒါတွေက ရှုပ်ထွေး နေတာပေါ့" လို့ ထိုင်းရောက်မြန်မာလုပ်သား အရေးဆောင်ရွက်သူ မနန်းသန္တာထွန်းက ပြောပါတယ်။
မြန်မာအလုပ်သမားတိုင်း ထိုင်းနိုင်ငံကို တရား၀င်သွားရောက်၊ တရား၀င်နေထိုင်၊ တရား၀င် အလုပ် လုပ်နိုင်ကြတဲ့နေ့ ဘယ်ကာလမှာပေါ်လာမလဲဆိုတာကိုတော့ ဘယ်သူမှ မှန်းဆလို့ မရနိုင်ပါဘူး။
သူတို့အနေနဲ့ ထိုင်းနိုင်ငံကို တရား၀င် ၀င်ရောက်နိုင်ဖို့ အရေး တခုတည်းကိုတောင် "၂ နိုင်ငံက အစိုးရ တာ၀န်ရှိသူတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေ၊ အလုပ်သမားအရေးဆောင်ရွက်သူတွေ ပူးပေါင်းပြီး လုပ်ကြမှ ရမှာ"လို့ ဦးမိုးကြိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army








