ပြည်ပထွက် အလုပ်လုပ်သူတွေ ဘယ်လို အခက်အခဲ ကြုံနေရသလဲ

ရန်ကုန်လေဆိပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ငံခြားကိုသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့သူတွေ ဒီရက်ပိုင်း ရန်ကုန်လေဆိပ်မှာ အထောက်အထားမပြည့်စုံလို့ဆိုပြီး မသွားရဘဲ ပြန်လှည့်ရတဲ့သူတွေအများအပြား ရှိနေပါတယ်။

အဓိကအားဖြင့် အခြေခံအလုပ်သမားအဖြစ် သတ်မှတ်တဲ့ အိမ်အကူအပါအဝင် အခြေခံအလုပ်သမားတွေ ပြည်ပထွက်ခွာအလုပ်သမားသက်သေခံကတ် OWIC မပါလို့ ထွက်ခွာခွင့်မရသူတွေ အများအပြားရှိနေပါတယ်။

အလုပ်ကနေ ခွင့်နဲ့ ပြန်လာသူတွေအဖို့ ခွင့်ရက်ကာလအတွင်းမှာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားအလည်အပတ်သွားလာရာမှာလည်း အခုသတ်မှတ်ချက်ကြောင့် အခက်အခဲတွေ ရှိလာပါတယ်။

အဲဒီလို ပြည်ပအလုပ်အကိုင်ထွက်ခွာခွင့် အခက်အခဲတွေ ဖြစ်နေတာဟာ အဓိကအားဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ လေကြောင်းအချို့တို့က အထောက်အထား မပြည့်စုံလို့ဆိုပြီး ထွက်ခွာခွင့်မပြုတာ၊ လေယာဥ်စီးနင်းခွင့်မပြုတာမျိုးတွေဖြစ်တယ်လို့ ပြန်လှည့်လာရသူတွေထံက သိရပါတယ်။

အများစု လိုအပ်တာကတော့ အလုပ်သမားဝန်ကြီးဌာနက အသိမှတ်ပြုထုတ်ပေးရတဲ့ OWIC ခေါ် ပြည်ပ ထွက်ခွာအလုပ်သမားသက်သေခံကတ်ပြားဖြစ်ပြီး အဲဒီကတ်မပါတာကြောင့် ပြန်လှည့်လာရသူက အများဆုံးဖြစ်နေပါတယ်။

၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဥပဒေပါ တရားဝင်အသိမှတ်ပြု အလုပ်ကိုင်အေဂျင်စီမှအပ မည်သူမျှ လုပ်သားပို့ဆောင်ခွင့်မရှိစေရဆိုတဲ့ အချက်အရ လက်ရှိ အခြေခံလုပ်သားအဖြစ် သတ်မှတ်ချက်တွင်းပါဝင်တဲ့အလုပ် သမားတွေက တရားဝင်အေဂျင်စီကတစ်ဆင့် OWIC ကတ်အပါအဝင် သတ်မှတ်ချက်တွေနဲ့အညီသာ ပြည်ပ ထွက်ခွာအလုပ်လုပ်ခွင့်ရကြတော့မှာလို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။

ရန်ကုန်လေဆိပ် ၂၀၂၀ ပြည့်နှစ်အတွင်းက နိုင်ငံတကာခရီးသွားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်လေဆိပ် ၂၀၂၀ ပြည့်နှစ်အတွင်းက နိုင်ငံတကာခရီးသွားတွေ

အခုလို ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်သူတွေအပေါ် တင်းကျပ်တာတာဟာ အလုပ်သမားဝန်ကြီးဌာနကို မတင်ပြထားရင် တရားဝင် အလုပ်သမားလို့ သတ်မှတ်လို့ မရကြောင်း၊ ဒါကြောင့် ပြည်ပမှာ အလုပ်သမား အခွင့်အရေး ဆုံးရှုံးတဲ့အခါ ဖြေရှင်းရခက်ကြောင်းနဲ့ အဲဒီလို အခက်အခဲတွေ ကြုံတွေ့လာလို့ ပြန်ပြီး စိစစ်တာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

အခုလိုမတင်းကျပ်ခင်ကတော့ အလည်အပတ်ဗီဇာနဲ့ ပြည်ပထွက်ခွာပြီး ရောက်ရှိနိုင်ငံကနေ အလုပ်ရှာပြီး လုပ်ကိုင် ခွင့်လျှောက်ထားတာမျိုးတွေနဲ့ လွယ်လွယ်ကူကူ ထွက်ခွာလို့ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစလို့ နှစ်ရက်တာ သင်တန်းတက်ရောက်ပြီး လျှောက်ထားရတဲ့ OWIC ကတ်နဲ့ အလုပ်ခေါ်စာ၊ တရားဝင်အေဂျင်စီ အချိတ်အဆက်စတာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှသာစေလွှတ်တော့တာမျိုး ဖြစ်လာတာပါ။

ဒါပေမဲ့ လက်ရှိကာလမှာ OWIC ကတ်လျှောက်ထားဖို့အတွက် ကိုဗစ်ကာလကြောင့် သင်တန်းကျောင်း အပါအဝင် အလားတူရုံးတွေ ပိတ်ထားတာကြောင့် ထွက်ခွာလိုသူတွေအတွက်တော့ အခက်အခဲရှိနေတယ်လို့ အလုပ်သမားတွေနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံက သိရပါတယ်။

ဒါ့အပြင် အားလပ်ရက်မှာ မြန်မာနိုင်ငံအတွင်း ပြန်လာကြသူတွေ အနေနဲ့ အဲဒီခွင့်ကာလအတွင်း တခြားနိုင်ငံတွေကို အလည်အပတ်ပြန်သွားလိုရင် လတ်တလောကာလမှာ သီးခြားစီစဉ်ဖြေရှင်းပေးထားတာမျိုးမရှိနေတာကြောင့် အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ကို အလည်အပတ်အဖြစ်ပြန်လည်ပြောင်းလဲ လျှောက်ထားရမယ့်အခြေအနေမျိုး ရှိနေပါတယ်။

ဒါပေမဲ့ နိုင်ငံကူးလက်မှတ်ပြောင်းလဲလျှောက်ထားရတဲ့ ကြာချိန် ၁၀ရက်နဲ့ လိုအပ်တဲ့စာရွတ်စာတမ်းများပြားမှုတွေကြောင့်လည်း ခွင့်ကာလအတွင်း နိုင်ငံရပ်ခြား အလည်အပတ်သွားသူတွေ၊ ဆေးကုသလိုသူတွေအတွက်တော့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။