ကလေး-ဂန့်ဂေါလမ်းပေါ်ကရွာတွေ မီးရှို့ပစ်ခတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ကလေး-ဂန့်ဂေါလမ်းပေါ်က ချောင်းခွရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၃ ရက်နေ့မှာ မီးရှို့သွားတယ်လို့ ရွာသားတွေက ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ်။
အနည်းဆုံး အိမ် ၂ အိမ်မီးလောင်ကျွမ်းနေတာကို ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။
နတ်ချောင်းရွာမှာလည်း နိုဝင်ဘာ ၂ ရက်နေ့ညနေက အိမ်တအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း အနီးအနားနေထိုင်သူရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။
နတ်မြောင်းရွာမှာတော့ စစ်ကောင်စီတပ်သားတွေက စည်သာရွာအနီးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် ရွာထဲကအိမ်တွေရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာ လက်နက်ကြီးကျည်တွေကျပြီး ပျက်စီးမှုတွေရှိကြောင်း ရွာခံအမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။
လတ်တလော အခြေအနေတွေကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောတာမရှိသေးဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းက ထန်တလန်မြို့က မီးလောင်မှုတွေကို ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ပီဒီအက်ဖ်တွေရဲ့ လုပ်ဆောင်ချက်တွေဆိုပြီး ပြန်လည်စွပ်စွဲခဲ့ပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ညနေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နတ်မြောင်းရွာက ရွာသူတဦးထိမှန်သေဆုံးခဲ့ပြီး တခြားရွာသားတဦးတော့ ခြေထောက်ပြတ်သွားခဲ့တယ်လို့ ရွာသူတဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kalay News HQ
နတ်ချောင်းရွာထဲမှာလည်း နိုဝင်ဘာလ ၃ ရက်နေ့မှာ ရွာသား ၃ ဦးစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေထဲက တဦးကတော့ ကိုညီညီလင်းဖြစ်ကြောင်း အနီးအနားရွာသားတယောက်က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။ ကိုညီညီလင်းဟာ တင်သား၊ ဒိုးနွယ်၊ အရှေ့စည်းရွာတွေကို စစ်ကောင်စီတပ်တွေက စီးနင်းဝင်ရောက်စဉ်က ဦးခေါင်းမှာ ဒဏ်ရာရခဲ့လို့ အနားယူနေသူဖြစ်ပြီး အခုစစ်ကောင်စီတပ်ဖွဲ့ရဲ့ကျည်ဆန် ဦးခေါင်းကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ ၃ ဦးရဲ့ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ တွေ့မြင်ရပါတယ်။
မနေ့က နိုဝင်ဘာလ ၂ ရက်နေ့ ကလေး၊ ဂန့်ဂေါလမ်းပေါ် နတ်မြောင်းရွာမရောက်မီ ကုက္ကိုတန်းအနီးမှာ အိမ်စီးကားအဖြူတစီး ဖြတ်သန်းသွားစဉ် ဒေသခံကာကွယ်ရေးအဖွဲ့တွေက တားဆီးစစ်ဆေးခဲ့ပါတယ်။
အိမ်စီးကားအဖြူဟာ ရပ်တန့်စစ်ဆေးမခံဘဲ အရှိန်မြှင့်တင်မောင်းနှင်ထွက်ပြေးသွားပြီး ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ ကျေးရွာသူတဦးက ဘီဘီစီကို ပြောပါတယ်။ နတ်မြောင်းရွာကို ကျော်လွန်ပြီး နတ်ချောင်းရွာအနီးမှာတော့ ဒေသကာကွယ်ရေးတွေရဲ့ ပစ်ခတ်မှုကြောင့် အိမ်စီးကားပေါ်က မချစ်ပိုပိုထွေးအမည်ရှိ အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မချစ်ပိုပိုထွေးဟာ ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ဗိုလ်မှူးသန်းနိုင်ဆိုသူနဲ့ ပတ်သက်သူတဦးလို့ ဒေသခံတွေက ဆိုပါတယ်။ မချစ်ပိုပိုထွေးရဲ့ ရုပ်အလောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးရုံပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
မချစ်ပိုပိုထွေးသေဆုံးပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ကား ၈ စီးနဲ့ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွရွာဘက်ကားလမ်းတလျှောက် ချီတက်လာခဲ့ပါတယ်။ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွရွာတွေကို ကျော်လွန်အပြီး ပန်းမွန်ချောင်းအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားအများအပြား ကျဆုံးသလို ဒေသခံပြောက်ကျားတွေဘက်ကလည်း ဒဏ်ရာရခဲ့တယ်လို့ ကလေးပီဒီအက်ဖ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီဒေသတဝိုက်က လတ်တလော တိုက်ခိုက်မှုအခြေအနေတွေကို စစ်ကောင်စီဘက်က ထုတ်ဖော်ပြောတာတွေတော့ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
နိုဝင်ဘာလ ၂ ရက်ညနေပိုင်းကစပြီး စည်သာရွာနားကနေ စစ်ကောင်စီ စစ်သားတွေက လက်နက်ကြီးနဲ့ တညလုံးပစ်ခတ်မှုကြောင့် နတ်မြောင်း၊ နတ်ချောင်းကျေးရွာထဲက အိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်ချောင်းရွာထဲက ရွာသူအမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်အမျိုးသားတယောက် ခြေထောက်ပြတ်ခဲ့ကြောင်း ဘီဘီစီက သတင်းရပေမဲ့ အသက်သေဆုံးမှုရှိမရှိ အတည်မပြုနိုင်သေးပါဘူး။
နိုဝင်ဘာ ၃ ရက် ဗုဒ္ဓဟူးမနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ စစ်ကား ၃၂ စီးနဲ့ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွရွာတွေဘက်ကို လာရောက်ပြီး ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံးရွာသား ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Yaw Eagle အဖွဲ့ကတော့ နည်းဆုံး အရပ်သား ၆ ယောက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာတော့ ချောင်းခွရွာကို မီးရှို့သွားကြောင်း ရွာသားတွေ ရိုက်ကူးလိုက်တဲ့ဗီဒီယိုတခု လူမှုကွန်ရက်စာမျက်နှာမှာ တက်လာတာဖြစ်ပါတယ်။








