အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အမီ အီရာဝန် ယူဆွဖ် ခရီးစဥ် အထမြောက်လာဖွယ် ရှိလား

အာဆီယံ အထူးသံတမန်ရဲ့ တောင်းဆိုချက်တွေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီ ဘက်က လိုက်လျောနိုင်မှု အတိုင်းအတာကြား ကွာဟမှုတွေ ဆက်ရှိနေပါတယ်။

နေပြည်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ အာဆီယံ အထူးသံ အီရာဝန် ယူဆွဖ်နဲ့ နိုင်ငံရေးပါတီ တချို့ အောက်တိုဘာ ၁၂ နေ့ တွေ့ကြမယ် ဆိုတဲ့ အစီအစဥ်ဟာ ပျက်သွားပါတယ်။

ဒါ့ကြောင့် ဒါတို အီရာဝန် ယူဆွဖ်ရဲ့ မြန်မာ ခရီးစဥ် အထမြောက် မလာနိုင် ဖြစ်နေရတဲ့ အချက်၊ နှစ်ဘက် ကိုယ်စီ ချမှတ် ကိုင်စွဲထားတဲ့ အခြေခံမူ ကန့်သန့်ချက်တွေ ညှိမရ ဖြစ်နေတဲ့ အချက်ဟာ အတော်လေး ထင်ရှားနေပါတယ်။

အာဆီယံ အထူးသံဟာ အောက်တိုဘာ ၁၂ ရက်နေ့ အထိ မြန်မာပြည်ကို ရောက်မလာသေးတဲ့ အတွက် တွေ့ဆုံပွဲ အစီအစဥ် နေ့ရက်နဲ့ အချိန် အပြောင်းအလဲ ရှိတယ် ဆိုပြီး စစ်ကောင်စီ ဘက်က အတည်ပြု ပါတယ်။

ဒါဟာ ဆွေးနွေးရေး လမ်း လုံးဝ ပိတ်သွားတာ မဟုတ်ပဲ ဆက်ပြီး ညှိနေဦးမယ်၊ တစ်ချိန်ချိန်မှာ အာဆီယံ အထူးသံ ခရီးစဥ် အထမြောက်လာကောင်း လာလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး စစ်ကောင်စီဘက်က ဆက်ပြီး ပြောတာ ဖြစ်ပါတယ်။

ဒါတို အီရာဝန် ယူဆွဖ်ရဲ့ မိခင် နိုင်ငံ ဖြစ်ပြီး လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဘရူနိုင်း နိုင်ငံနဲ့ရော အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ပါ နိုင်ငံခြားရေး ဝန်ကြီးဌာန ညှိနှိုင်းနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ညှိနှိုင်းမှုတွေ အဆင်ပြေလို့ လာဖြစ်ခဲ့ရင်တော့ အာဆီယံ အစည်းအဝေးမတိုင်ခင် ဖြစ်မှာပါ" လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

သူရည်ညွန်း ပြောဆိုတဲ့ အာဆီယံ အစည်းအဝေးဆိုတာ အခု အောက်တိုဘာလ နှောင်းပိုင်း ၂၆ ရက် ကနေ ၂၈ ရက်နေ့ အထိ၊ အွန်လိုင်းကနေ တဆင့် ကျင်းပဖို့ ရှိတဲ့ အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို ရည်ညွှန်းတယ်လို့ နားလည်ရပါတယ်။

အဓိက ကြန့်ကြာနေရတဲ့ အကြောင်းခံ

ဖမ်းဆီးခံ ထားရတဲ့ ရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရရေး အာဆီယံ အထူးသံဘက်က တောင်းဆိုချက် အပေါ် စစ်ကောင်စီဘက်က လိုက်လျော မပေးနိုင်ပဲ အကျေအလည် ညှိနှိုင်း နေရတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အကဲခတ်တွေ၊ လေ့လာ စောင့်ကြည့်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး ကိစ္စက စစ်ကောင်စီနဲ့ကြား အဓိက ညှိမရ ဖြစ်နေတဲ့ အချက်အဖြစ် သုံးသပ်နိုင်ကြောင်း မြန်မာ့ နိုင်ငံရေး သုတေသီ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဘီဘီစီကို ပြောပါတယ်။

"စီစဥ်ထားတယ် ဆိုတာက နိုင်ငံရေး ပါတီ ၈ ပါတီနဲ့ တွေ့ဖို့ ဆိုပြီး နားလည်ရတယ်။ အဲဒီ ၈ ပါတီ ဆိုတာကလည်း စစ်တပ် ထောက်ခံတဲ့ ပါတီတွေချည်းပဲ၊ နိုင်ငံရေး ပါတီတွေ ပါဝင်မှု မျှမျှတတ မရှိဘူး ဆိုတဲ့ သဘောထား အမြင်မျိုးနဲ့ (အထူးသံဘက်က) တွေ့ဆုံဖို့ ငြင်းတာလည်း ဖြစ်နိုင်တယ်" လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သူ့ရဲ့ တောင်းဆိုချက်အပေါ် စစ်ကောင်စီဘက်က တိုက်ရိုက် တုန့်ပြန်တာမျိုး မလုပ်ဘူး ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဒါတို အီရာဝန် ယူဆွဖ်က လူသိရှင်ကြား ဖွင့်ပြောတာမျိုး လုပ်ထားပါတယ်။

တခါ၊ စစ်ကောင်စီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် စသဖြင့် နာမည်တပ် မပြောပေမယ့်၊ လက်ရှိ တရားရင်ဆိုင် နေရသူတွေနဲ့ တွေ့ခွင့်ပေးဖို့ ခက်ကြောင်း လောလောလတ်လတ်မှာပဲ ပြောဆို ထားပါတယ်။

အာဆီယံရဲ့ မကျေလည်မှု

မြန်မာ့ အကျပ်အတည်းကို အာဆီယံ ကြားဝင်ရေး လမ်းကြောင်းနဲ့ ဖြေရှင်းဖို့ အနောက်အုပ်စု နိုင်ငံတွေရော တရုတ်၊ ရုရှားပါ မကျန် အားပေးနေတာ ဖြစ်ပါတယ်။

ဂျကာတာ အစည်းအဝေးကနေ ထွက်လာတဲ့ မြန်မာအရေး အာဆီယံ ဘုံသဘောထား ၅ ချက်ကို အကောင်အထည် ဖော်ရေးမှာ မြန်မာ အာဏာသိမ်း စစ်ကောင်စီဘက်က လုံလောက်အောင် ပူးပေါင်းမှုတွေ မရှိဘူး ဆိုတဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်သံဟာ အခုလ အောက်တိုဘာ အစောပိုင်းမှာပဲ အာဆီယံ နိုင်ငံခြားရေး ထိပ်တန်း တာဝန် ရှိသူတွေ ထံကနေ ထွက်လာပါတယ်။

အောက်တိုဘာ ပထမပတ်ထဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အွန်လိုင်း အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် အပေါ် ဖိအားတွေ အတော်ရှိခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆာအီဖူဒင် အဗ္ဗဒူလာက ထုတ်ပြောပါတယ်။

တိုးတက်မှုတွေ ဖြစ်မလာဘူး ဆိုရင် အောက်တိုဘာ နှောင်းပိုင်း အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဌကို ပါဝင်ခွင့် မပေးတာမျိုး အထိ လုပ်ရမလား ဆိုတဲ့ တိုင်ပင်မှုတွေလည်း ရှိနေတယ် ဆိုတဲ့ အချက်ကို အာဆီယံ အထူးသံ အီရာဝန် ယူဆွဖ် ကိုယ်တိုင်လည်း မလေးရှား ဝန်ကြီးနဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖွင့်ဟ ပြောလာပါတယ်။

နေပြည်တော် တွေ့ဆုံပွဲသတင်း ထွက်ပေါ်လာမှု

စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု လုံလောက်မှု မရှိဘူး၊ အားနည်းတယ်လို့ အထူးသံ အပါအဝင် အာဆီယံ အသိုင်းအဝိုင်းဘက်က ဝေဖန်ပြစ်တင်သံ ထွက်လာပြီး နောက်သီတင်းပတ် ထဲမှာပဲ နေပြည်တော် တွေ့ဆုံပွဲ သတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ အဲဒီ သတင်းဟာ ပြည်တွင်းမှာ စတင်ကြားသိရတာ ဖြစ်ပြီး ၊ အာဆီယံ အသိုင်းအဝိုင်း ထံကနေ ထွက်လာတာ မဟုတ်ပါဘူး။

အောက်တိုဘာ ၁၂ ရက် အာဆီယံ အထူးသံနဲ့ တွေ့ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ထားတယ် ဆိုပြီး ကြံ့ခိုင်ရေး USDP အပါအဝင် ပါတီတချို့က တစ်ရက် အလိုမှာ မီဒီယာတွေကို စပြောလာတာ ဖြစ်ပါတယ်။

စီစဥ်ထားတယ် ဆိုတဲ့နေ့ နောက်ရက် အောက်တိုဘာ ၁၂ ရက်နေ့ ရောက်တဲ့ အခါမှာတော့ ပွဲမဖြစ်တော့ဘူးလို့ ကော်မရှင်က အကြောင်းကြားတဲ့ အကြောင်း ပြောကြပါတယ်။

"အာဆီယံ အထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ UEC က ဖိတ်ကြားတဲ့ အတွက် ပါတီ ဥက္ကဌကြီး ဦးသန်းဌေးကိုယ်တိုင် တက်ရောက်ဖို့ စီစဥ်ခဲ့ပါတယ်။ ဒီနေ့ (အောက်တိုဘာ ၁၂ ရက်) မနက်မှာတော့ တွေ့ဆုံမယ့် အစီအစဥ် ပျက်ပါတယ် ဆိုပြီး လှမ်းပြောတယ်။ ပြန်ပြီးတော့ အကြောင်းကြားမယ်လို့ ပြောပါတယ်" လို့ USDP ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကို ပြောပါတယ်။

နေပြည်တော် တွေ့ဆုံပွဲ အကြောင်း မြန်မာ သတင်းမီဒီယာတွေက ရေးတဲ့ အခါ အာဆီယံ သံတမန် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ပြည်ပ အခြေစိုက် သုတေသီတွေ၊ အကဲခတ်တွေ ကိုယ်တိုင် အံ့ဩခဲ့ကြပါတယ်။

" အဲဒီလို နေပြည်တော် တွေ့ဆုံပွဲ သတင်းကို ပြည်တွင်းက ပြောမှ ကြားသိ ရတာပါ။ အာဆီယံ ရုံးဘက်ကနေ သတင်းထွက်တာမျိုး မရှိဘူး" လို့ အကဲခတ် တစ်ဦးက ဆိုပါတယ်။

ဒီတော့ အာဆီယံ အထူးသံနဲ့ ဆွေးနွေးမှုတွေ ဘယ်လောက်ထိ ခရီးရောက်ခဲ့ပြီး ဘယ်လောက်ထိ နားလည်မှု ရခဲ့တဲ့ အတွက် နေပြည်တော် တွေ့ဆုံပွဲကို စီစဥ် ခဲ့တာလဲ၊ တခါ ဘာ့ကြောင့် အခုလို ပြန်ဖျက်ရတဲ့ အထိ ဖြစ်လာပြန်တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။

စစ်ကောင်စီဘက်ကတော့ အထက်မှာ ပြောခဲ့သလို ၁။ နေပြည်တော် ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရတယ် ဆိုတဲ့ အချက် ၂။ ဆက်ပြီး ညှိနေတယ် ဆိုတဲ့ အချက် ၃။ အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် အထမြောက်လာရေး ဦးတည် ဆွေးနွေးတယ် ဆိုတဲ့ အချက်တွေကို အတည် ပြုထားပါတယ်။

ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ခရီးစဥ် အထမြောက်လာနိုင်သလား

"ဒါတို အီရာဝန် ယူဆွဖ် အနေနဲ့ သူ့ရဲ့ အထူးသံ တာဝန်နဲ့ ပတ်သက်ပြီး ဆောင်ရွက် ပြီးမြောက် ထားတာတွေကို အောက်တိုဘာနှောင်းပိုင်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ တင်ပြရဖို့ ရှိနေတယ်" လို့ အရှေ့တောင်အာရှ ရေးရာ အထူး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ဆိုပါတယ်။

အီရာဝန် ယူဆွဖ်ရဲ့ နေပြည်တော် ခရီးစဥ် ရှိနေတယ် ဆိုတဲ့ သတင်း ထွက်လာစမှာ ဒေါ်မိုးသူဇာက ပြောခဲ့တဲ့ ကနဦး သုံးသပ်ချက် ဖြစ်ပါတယ်။ အဲဒီ ခရီးစဥ် ရှိနေတယ် ဆိုတဲ့ သတင်းရော၊ တခါ ပျက်သွားပြန်ပြီ ဆိုတဲ့ သတင်းရော ပြည်တွင်း သတင်းရင်းမြစ်တွေ ထံကသာ ကြားသိရပြီး အာဆီယံ အသိုင်းအဝိုင်းကနေ သိရတာမျိုး မဟုတ်ဘူးလို့ ဒေါ်မိုးသူဇာက ဆိုပါတယ်။

ဒေါ်မိုးသူဇာဟာ ဂျကာတာမြို့၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်သလို၊ လက်ရှိ စင်္ကာပူ အခြေစိုက် ယူဆွဖ် အီရှပ်ခ် သုတေသန အဖွဲ့၊ အာဆီယံရေးရာ လေ့လာရေးဌာနက ဝါရင့် သုတေသီ တစ်ဦး ဖြစ်ပါတယ်။

အီရာဝန် ယူဆွဖ် ရဲ့ အနေအထားကို ကြည့်ရင် သူဟာ မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံ အသိုင်းအဝိုင်း ကြားမှာသာမက ကမ္ဘာ့မျက်နှာစာမှာပါ မီးမောင်းထိုး ခံထားရသူ သဖွယ် ထင်းထင်ကြီး ဖြစ်နေပါတယ်။ အကြောင်းကတော့ အားလုံး ဝိုင်းတွန်းနေတဲ့ "မြန်မာအရေးကို အာဆီယံနည်းနဲ့ ဖြေရှင်းရေး" လမ်းကြောင်းမှာ အဓိက တာဝန်ယူ နေသူ အဖြစ် ရှုမြင် ခံနေရတဲ့ အတွက် ဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့ အနေနဲ့ စစ်ကောင်စီနဲ့ကြား ညှိနှိုင်းမှုတွေ တိုးတက်မှုရှိရေး ဆိုတာက တစ်ဘက်၊ နိုင်ငံရေး အရ အနှစ်သာရရှိတဲ့ တိုးတက်မှု ဖြစ်ဖို့ ဆိုတာကလည်း တစ်ဘက် အတော်လေး မလွယ်တဲ့ အနေအထားမှာ ရောက်နေတယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

တခါ၊ တရားဝင် အစိုးရ သဖွယ် အသိအမှတ် ပြုမှုကို လိုလားတဲ့ စစ်ကောင်စီ အနေနဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကနေ ချန်ထား ခံရမှာမျိုးကို လိုလားမှာ မဟုတ်ဘူး ဆိုပြီး သုံးသပ်ကြပါတယ်။

ဒါ့ကြောင့်လည်း အီရာဝန် ယူဆွဖ် ခရီးစဥ် ဖြစ်မြောက်မယ် ဆိုရင် အာဆီယံ အစည်း အဝေး မတိုင်ခင် ဖြစ်လိမ့်မယ် ဆိုပြီး ထိပ်သီးဆွေးနွေးပွဲနဲ့ ယှဥ်ထိုး ပြောဆိုတာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

စစ်ကောင်စီဘက်က ဘယ်လောက် အတိုင်းအတာ အထိ လိုက်လျောမှုတွေ လုပ်ထားနှင့်လဲ၊ ကမ်းလှမ်းမှုတွေ ရှိလဲ ဆိုတာကိုတော့ နှစ်ဘက်လုံးက တရားဝင် ထုတ်ပြောတာမျိုးတော့ မရှိသေးပါဘူး။

စစ်တပ်ကို လိုလားတဲ့၊ စစ်တပ်နဲ့ သင့်မြတ်တဲ့ နိုင်ငံရေး ပါတီတွေ၊ အုပ်စုတွေနဲ့သာ တွေ့ဖို့ ဆိုရင်တော့ အာဆီယံ အထူးသံ ခရီးစဥ် ဖြစ်မြောက်လာဖို့ ခဲယဥ်းနေဦးမယ်လို့ လက်ရှိ အချိန်ထိ အခြေအနေတွေကို ကြည့်ပြီး သုံးသပ်မှုတွေ ရှိနေပါတယ်။

တခါ၊ ထိပ်ပိုင်း ခေါင်းဆောင်တွေ အဖမ်းခံထားရ၊ CRPH/ NUG စသဖြင့် ပေါ်ပေါက်လာပြီး လက်နက်ကိုင် ခုခံရေး လမ်းစဥ် ချမှတ်ထားတဲ့ အတွက် NLD ပါတီဝင် အစွန်းရောက်တွေ ဆိုပြီး စစ်ကောင်စီဘက်က ရည်ညွှန်း သုံးစွဲလေ့ ရှိပေမယ့် ပါတီကို ဖျက်သိမ်းလိုက်ပြီ ဆိုပြီးတော့ ကြေညာတာမျိုးတော့ မလုပ်သေးပါဘူး။

ဆက်ပြီး ရှိနေတဲ့ NLD ပါတီကနေ တဆင့် အီရာဝန် ယူဆွဖ်ကို ကြားခံထားပြီး တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း ဖော်ဆောင် နိုင်မလား ဆိုတဲ့ တွက်ဆမှုတွေလည်း ရှိပါတယ်။