စမ်းချောင်း၊ မြေနီကုန်း ပစ်ခတ်မှု-"ကြောက်ကြောက်နဲ့ပဲ စွန့်စား"ကြတဲ့ ဒေါက်တာဇင်လင်းတို့

အွန်လိုင်းမှာ ပျံ့နေတဲ့ ဒေါက်တာဇင်လင်းပုံ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, အွန်လိုင်းမှာ ပျံ့နေတဲ့ ဒေါက်တာဇင်လင်းပုံ

အဲဒီ ဗီဒီယိုကို "ကျွန်မ ချက်ချင်း မကြည့်ဘူး၊ မကြည့်ရက်ခဲ့ဘူး"လို့ မမေရီက စိတ်လှုပ်ရှားစွာနဲ့ ပြောပြပါတယ်။

"အဲဒီမနက် ၁နာရီ ၂၂ မိနစ် အချိန်အထိ သူ(ဒေါက်တာဇင်လင်း) ကျွန်မတို့ကို မက်ဆေ့ချ် ပို့ခဲ့သေးတယ်၊ အဲဒီအချိန်မှာကတည်းက သူနဲ့ သူ့အနားကအဖွဲ့သားတွေရဲ့ လုံခြုံရေးက မကောင်းတော့ဘူးဆိုတာ သူတို့ရော၊ ကျွန်မတို့ရော သိထားတယ်။"

ပြီးခဲ့တဲ့ရက်ပိုင်း အတိအကျပြောရရင်တော့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်အစောကြီး ၁ နာရီ ခွဲနဲ့ ၂ နာရီကြားအချိန်၊ ရန်ကုန်၊ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းအရပ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ခန်းတခုပေါ်ကနေ သူတို့ဖမ်းလာတဲ့ လူ ၃ ယောက်ကို အဲဒီ တိုက်ရှေ့ လမ်းပေါ်မှာပဲ သေနတ်နဲ့ ပစ်သတ်နေတဲ့ဖြစ်ရပ်ကို တိတ်တဆိတ် မှတ်တမ်းတင်ထားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တခု ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဖြစ်ပြီးတဲ့ နောက်တရက် ဖြစ်တဲ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ခေတ်သစ် မီဒီယာက တင်လိုက်တဲ့ အဲဒီဖိုင်ဟာ အွန်လိုင်းမှာ ခပ်မြန်မြန် ပျံ့သွားခဲ့ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြတဲ့လူတွေ အရေအတွက် သန်းနဲ့ချီပြီး နိုင်ငံအနှံ့က လမ်းမတွေပေါ်ကိုထွက်ခဲ့ကြတယ်။ ရန်ကုန်က လမ်းမတွေမှာ အတူ ဆန့်ကျင်ဆန္ဒပြကြရင်း၊ နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေ၊ ဖမ်းဆီးမှုကို အန်တုစိန်ခေါ်ကာ သူတို့အခေါ် 'မြေပြင် ပြောက်ကျားဆန္ဒပြပွဲ'တွေမှာ မမေရီတို့ဟာ ဒေါက်တာ ဇင်လင်းတို့နဲ့အတူလက်တွဲပူးပေါင်းကာ အဲဒီအချိန်တွေက စလို့ အတူ အလုပ်လုပ်ခဲ့ကြတာပါ။

"သူ (ဒေါက်တာ ဇင်လင်း)က Scout Team Leader (ကင်းထောက်အဖွဲ့ရဲ့ခေါင်းဆောင်)ပါ၊ သူတို့က စစ်ကောင်စီတပ်တွေ ဘယ်လိုအချိန်၊ ဘယ်လိုနေရာတွေကို လာတယ်၊ ဘယ်လို ကင်းလှည့်တယ်၊ ဘယ်လောက် အရေအတွက်ရှိတယ်ဆိုတာ သူတို့တွေက လှည့်ပတ်ပြီး ကြည့်ပေးတယ်၊ သူတို့ ရွေးပေးတဲ့နေရာ၊ ရွေးပေးတဲ့အချိန်မှာ ကျွန်မတို့ ဆန္ဒပြကြတယ်၊ မလုံခြုံနိုင်တော့ဘူးဆိုရင် သူတို့က ချက်ချင်းလှမ်းသတိပေးတယ်၊ သူတို့ ကျေးဇူးနဲ့ ကျွန်မတို့ မြို့နယ်ပေါင်းစုံက ပြောက်ကျားဆန္ဒပြတဲ့ အဖွဲ့ထဲ ပါတဲ့သူတွေ ရက်တွေ လတွေချီပြီး ဆန္ဒပြခဲ့ရာမှာ တယောက်မှ အဖမ်းခံရတာမျိုး မရှိခဲ့ဘူး" လို့ သူ့ကို မြော်မြင်တတ်တဲ့ ခေါင်းဆောင် တယောက်၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင် တယောက်အဖြစ် လေးစားတဲ့ မမေရီက သူ့ရဲ့ စွမ်းဆောင်ခဲ့မှုတွေထဲက တချို့ကို ပြန်ပြောပြပါတယ်။

အဲဒီမနက်က မြေနီကုန်းဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေက ဒေါက်တာဇင်လင်း အပါအဝင် လူငယ် ၄ ယောက်ဖြစ်ပြီး၊ ဘယ်သူ ဘယ်ဝါ ဆိုတာသူတို့အနေနဲ့ အသေအချာ သိကြရတဲ့ နောက်ထပ်တယောက်ကတော့ သူနာပြု ဆရာမ မခင်ခင်ကြွယ်ပါ။ သူတို့ နှစ်ယောက်စလုံးဟာ လမ်းပေါ်ဆန္ဒပြပွဲတွေကို စစ်ကောင်စီ တပ်တွေ ပစ်ခတ်ဖြိုခွဲစဉ်က ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီ ပေးခဲ့ကြတယ်ဆိုတာကိုလည်း သိရပါတယ်။

စစ်အာဏာမသိမ်းမီ ပုံမှန်ဘဝတွေတုန်းက ဒေါက်တာဇင်လင်းဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဘက်မှာ ဆရာဝန်အဖြစ် ၇ နှစ်လောက် တာဝန်ထမ်းခဲ့ဖူးသလို၊ မခင်ခင်ကြွယ်ဟာ ထူးချွန်တဲ့ သူနာပြု တယောက်ဖြစ်တာ၊ ကိုဗစ်ကပ်ဘေးကာလမှာ လူနာတွေအတွက် ကိုယ့်အတွက် မငဲ့ပဲ ဆောင်ရွက်ခဲ့ကြတာတွေကိုလည်း သူ့ကိုသိကျွမ်းသူတွေက ထုတ်ဖော်ပြောကြပါတယ်။

ထူးချွန်တဲ့ သူနာပြုတယောက်လို့ သူ့ကို အများက ချီးကျူးကြ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ထူးချွန်တဲ့ သူနာပြုတယောက်လို့ သူ့ကို အများက ချီးကျူးကြ

အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလား

မြေနီကုန်းက ဒေသခံတယောက်က အဲဒီည၊ အဲဒီအချိန်လောက်က ပစ်ခတ်သံတွေ အများကြီး ကြားခဲ့ရတယ်လို့ ပြောပါတယ်။

"တဖက်တည်းကနေ ပစ်တဲ့အသံတွေလိုပဲ၊ အတွဲလိုက် အတွဲလိုက်တွေ ဆက်တိုက်ပစ်တာ၊ သေနတ်သံကတော့ အနည်းဆုံး အချက် ၂၀ ကျော်မယ်၊ အပြန်အလှန်ပစ်နေကြတဲ့ပုံတော့ မဟုတ်ဘူး၊ တခုတော့ရှိတယ်၊ အဲလို အတွဲလိုက် ပစ်သံတွေကြားမှ ကျွန်တော်နိုးလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ရှေ့မှာ ပစ်တာတွေ ကျွန်တော်မကြားရတာမျိုးလည်း ဖြစ်နိုင်တာပေါ့။"

စမ်းချောင်းမှာ နေထိုင်သူ နောက်တစ်ဦးကလည်း ပစ်ခတ်မှုကို စကြားရချိန်မှာ ဆက်တိုက်ပစ်သံတွေ စကြားရတယ်၊ နောက်ခဏရပ်သွားပြီး ဆက်တိုက်မဟုတ်ဘဲ ပစ်ခတ်သံတချို့ ပြန်ကြားတယ်။ နောက်ပိုင်း မနက်အထိ ပြန်ငြိမ်သွားတယ်လို့ ပြောပါတယ်။

မမေရီကတော့ ဒေါက်တာ ဇင်လင်းတို့ဆီမှာ လက်နက်တချို့ ရှိတယ်၊ "ပြန်ခုခံကြတာ သိပ်ဖြစ်နိုင်တာပေါ့"လို့ ဆိုပါတယ်။

လူတွေရဲ့ အသက်ကိုကယ်တင်ကြတဲ့၊ လူနာတွေရဲ့ ဝေဒနာတွေကို သက်သာလျော့ပါးအောင် လုပ်ပေးကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကို ထမ်းရွက်ကြသူ သူတို့လိုလူတွေ လက်နက်ကိုင်တဲ့အထိ ဘာကြောင့် ဆုံးဖြတ်ခဲ့ကြတာပါလဲ။

ဒေါက်တာဇင်လင်းရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်ခ် စာမျက်နှာမှာတော့ ရန်ကုန်မှာ မတ်လအတွင်း ဆန္ဒပြသူတွေထဲက ဒဏ်ရာရသူ၊ ဆုံးပါးတဲ့သူတွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြုမူနေတဲ့ပုံတွေကို မကြည့်ရက် မမြင်ရက်နိုင်ခဲ့တဲ့ အကြောင်းတွေ သူရေးခဲ့ဖူးပါတယ်၊ မတ်လ ၂၉ ရက်နေ့ကတော့ သူ့ မျက်စိရှေ့မှာ သေနတ်ထိပြီး ဆုံးပါးသွား တဲ့လူတယောက်ကို အဲဒီလို လူတွေ လက်ထဲ "အပါမခံနိုင်လို့ ချက်ချင်းတက်ဆွဲ" ဖြစ်ခဲ့တယ် လို့ ရေးသားထားပါတယ်။

ဒီလိုလုပ်တာက သေနတ်နဲ့ပစ်ခတ်ခံရနိုင်တယ်ဆိုတာ သိကြပါတယ်၊ သူတခုခုဖြစ်ခဲ့ရင် "အန္တရာယ်ကိုသိရက်နဲ့ ကြောက်ကြောက်နဲ့ပဲ ကိုယ်ယုံကြည်ရာ မှန်ကန်ရာကို စွန့်စားခဲ့တဲ့ လူတွေအဖြစ်သာ နောက်မျိုးဆက်တွေကို ပြောပြပေးဖို့"သူရေးခဲ့ပါတယ်။

"သူတို့ကြုံလိုက်ရတဲ့ အဖြစ်တွေက လပိုင်းအတွင်းမှာပဲ လက်နက်ဆိုတဲ့အပေါ် သူတို့ရဲ့ အမြင် တွေ ပြောင်းခဲ့တယ်"လို့ မမေရီက ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တခုခုက အဲဒီဖြစ်ရပ်အကြောင်း အစီရင်ခံစာလို့ ယူဆနိုင်တဲ့ စာတစောင် အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ တပ်ဖွဲ့တခုခုက အဲဒီဖြစ်ရပ်အကြောင်း အစီရင်ခံစာလို့ ယူဆနိုင်တဲ့ စာတစောင် အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့

စစ်ကောင်စီက ဖြေရှင်းချက်မှာ မပါဝင်တဲ့ ဗီဒီယိုဖိုင်

အဲဒီညက ဖြစ်စဉ်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက်လာတဲ့ စာတစောင်ကိုလည်း တွေ့ရ ပါတယ်။ အဲဒီစာအရေးအသားပုံစံဟာ စစ်ကောင်စီ တပ် တခုခုကနေ သူတို့တပ်တွင်း တနေရာရာကို အကြောင်းကြားအစီရင်ခံတဲ့ ပုံစံပါပဲ။

ဒီစာဟာ တမင်သက်သက် ဖောက်ချလိုက်တာလား၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် တယောက်ယောက်က သူ့ဆန္ဒအရ အများသိအောင် တမင်ထုတ်လိုက်တာလား ဆိုတာကို ရေရေရာရာ မသိနိုင်သလို၊ တရားဝင်စာ အစစ်ရယ်လို့လည်း ဘီဘီစီ အနေနဲ့ အတည်မပြုနိုင်ပါဘူး။

အဲဒီစာထဲမှာတော့ အဲဒီညက ဖမ်းဆီးမှုကို ဗိုလ်မှူးကြီးအဆင့် တယောက် ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်၊ တိုက်ခန်း အတွင်းမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးတယ်၊ သူတို့ဘက်က တပ်ကြပ်ကြီး အဆင့်အပါအဝင် ၃ ယောက် သေဆုံးပြီး၊ ဗိုလ်ကြီး အဆင့်တယောက် အပါအဝင် ၅ ယောက် ဒဏ်ရာရတယ်၊ ပစ္စတို သေနတ် ၃ လက်၊ ပစ္စတိုအတု သေနတ် ၅ လက်၊ AK 47 ကော်သေနတ် အတု ၁ လက် အပါအဝင် သေနတ်ကျည်ဆန် တချို့ တွေ့ရှိ သိမ်းဆည်း ခဲ့တဲ့အကြောင်းတွေ ရေးထားပါတယ်။

အဲဒီစာမှာပါဝင်တဲ့ သူတို့ဖမ်းဆီးသူတွေ သေဆုံးတဲ့နေရာဟာ ထွက်ပေါ်လာတဲ့ ဗီဒီယိုနဲ့ လုံးဝ ခြားနားနေပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းစာ ရှင်းလင်းပွဲမှာလည်း အဖွဲ့တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်း ဒီဖြစ်ရပ်မှာ အပြန်အလှန် ပစ်ခတ်ရင်း ဒေါက်တာဇင်လင်း အပါအဝင် ၄ ယောက် သေဆုံးခဲ့ရတာဖြစ်သလို၊ သူတို့ တပ်ဖွဲ့ဝင်တွေ တိုက်ခန်း လှေခါးက အတက်မှာ ဒေါက်တာဇော်လင်းနဲ့ မခင်ခင်ကြွယ်တို့က လှေခါးက ဆင်းလာကာ ပစ်ခတ်တယ်၊ ကျန် ၂ ယောက်က အခန်းထဲက ပစ်ခတ်တယ်၊ သူတို့ တပ်ဖွဲ့ဝင် တချို့လည်း သေဆုံးသွားတယ်လို့ ရှင်းလင်းပါတယ်။

ဒါပေမယ့် ဗီဒီယိုထဲက သတ်ဖြတ်မှုတွေကိုတော့ သူက ထည့်ပြီး ရှင်းလင်းပြော မသွားခဲ့ပါဘူး။