ကော်မတီဝင်နိုင်ငံတွေက NUG နဲ့ စစ်ကောင်စီ ဘယ်အဖွဲ့အပေါ် အလေးပေးနိုင်လဲ

မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေစီ အရေး အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချပေးနိုင်တဲ့ ကုလသမဂ္ဂ မျက်နှာစာ နေရာမှာ နိုင်ငံ ၉ နိုင်ငံ ရောက်လာခဲ့ပါပြီ။

ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ လျှောက်ထားမှုတွေ အပေါ် စိစစ်ပေးတဲ့ အရည်အချင်းစစ် ကော်မတီထဲ အခုနှစ် အတွက် ဘယ်နိုင်ငံတွေ ပါဝင်လဲ ဆိုတာ တရားဝင် ပေါ်ထွက်လာလို့ ဖြစ်ပါတယ်။

ကော်မတီဝင် ၉ နိုင်ငံထဲမှာ ပါဝင်နေကျ တရုတ်၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စု အပြင် ဒီနှစ်မှာတော့ ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ ဆီယာရာလီယွန်၊ နမီးဘီးယားနဲ့ ဆွီဒင်တို့ ပါဝင်လာတာ တွေ့ရပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်လိုက်တဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ အဖွင့်နေ့မှာပဲ ညီလာခံ သဘာပတိ မော်လ်ဒိုက် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလာ ရှာဟစ်ရဲ့ အကြံပြုချက်ကို ညီလာခံက အတည် ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် အတွက် အရည်အချင်းစစ် ကော်မတီရဲ့ အစည်းအဝေးတွေကို နိုဝင်ဘာလမှာ စတင် ကျင်းပသွားမယ်လို့ နားလည်ရပါတယ်။

အဲဒီအခါမှာ ကော်မတီဝင် နိုင်ငံတွေဟာ NUG ဘက်ကို အလေးပေးမှာလား၊ စစ်ကောင်စီက ခန့်တဲ့ ကိုယ်စားလှယ် အဖွဲ့ကိုပဲ အတည်ပြုဖို့ အထွေထွေ ညီလာခံကို တင်ပြမှာလား ဆိုတာ တွေ့မြင်လာရမှာ ဖြစ်ပါတယ်။

ကော်မတီဝင် နိုင်ငံတွေ အပေါ် ဘယ်အချက်အပေါ် မူတည် သုံးသပ်နိုင်လဲ

လက်ရှိ ဖြစ်ပေါ် နေတဲ့ မြန်မာပြည် အခြေအနေနဲ့ ပတ်သက်ပြီး ကော်မတီဝင် တစ်နိုင်ငံချင်းစီရဲ့ သဘောထား ဘယ်လိုတွေ ရှိနေလဲ ဆိုတာဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်မှာ ထင်ဟပ်နေမှာ ဖြစ်ပါတယ်။

ဒီတော့ တစ်နိုင်ငံချင်းစီရဲ့ သဘောထားတွေကို နားလည်နိုင်ဖို့ ဆိုရင် အနီးစပ်ဆုံး ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ မြန်မာပြည်အရေး ဆုံးဖြတ်ချက်ကို ကုလ အထွေထွေ ညီလာခံမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြတုန်းက သူတို့တွေ ဘယ်လို ရပ်တည် မဲပေးခဲ့ကြလဲ ဆိုတာကို ဆန်းစစ်ကြည့်ရင် သိမြင်နိုင်တယ်လို့ အကဲခတ်တွေက အကြံပြုပါတယ်။

ဒီအကြံပြုချက်ဟာ တရုတ်၊ ရုရှား ရပ်တည်ချက်နဲ့ ဘယ်နိုင်ငံတွေ ထပ်တူကျခဲ့ သလဲ ဆိုတာ ဆန်းစစ်လိုတဲ့ သဘော အပေါ် အရင်းခံပြီး ပြောတာ ဖြစ်ပါတယ်။

တရုတ်၊ ရုရားရဲ့ ရပ်တည်ချက် ဆိုတာကို အဓိပ္ပာယ် ဖွင့်ကြတဲ့ အခါမှာလည်း မြန်မာ အာဏာသိမ်း စစ်ကောင်စီ အပေါ် ဖိအားပေး တောင်းဆိုမှု ပုံစံမျိုးတွေ မလုပ်ပဲ နီးစပ်တဲ့ ဆက်ဆံရေး ထူထောင်ထားရှိတာ၊ စစ်တပ်အပေါ် ရှုတ်ချ ကန့်ကွက် ပြစ်တင်တဲ့ ပြောဆိုမှုမျိုးကို ရှောင်တာ စတာတွေ အပေါ်မှာ အခြေခံပြီး စစ်ကောင်စီဘက် အလေးသာနိုင်တဲ့ သူတွေ အဖြစ် အကဲခတ်တွေက ပြောကြတာ ဖြစ်ပါတယ်။

အဲဒီလို တရုတ် ရုရှားရဲ့ ရပ်တည်ချက် တစ်နည်းအားဖြင့် စစ်ကောင်စီ အပေါ် အလေးသာနိုင်တဲ့ လိုင်း ဆိုတာကို နားလည်ဖို့ ဆိုရင် ဇွန်လ ၁၈ ရက် အထွေထွေညီလာခံ ဆုံးဖြတ်ချက် ဆိုတာ ဘာလဲ ဆိုတာ အရင်ဆုံး ကြည့်သင့်ပါတယ်။

ဇွန်လ ၁၈ ရက် မြန်မာအရေး အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေဟာ တစ်နိင်ငံလုံးကို လွှမ်းခြုံတဲ့ ပြည်တွင်းစစ်ကြီး အသွင် ပေါက်ကွဲ ထွက်လာနိုင်တဲ့ အန္တရာယ်မျိုးမှာ ရှိနေပြီလို့ ဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဂျာမန် စကားပြော ဥရောပ နိုင်ငံ လစ်ချင်စတိုင်းက တင်သွင်းတာ ဖြစ်ပါတယ်။

လစ်ချင်စတိုင်းဟာ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ မဟုတ်ပေမယ့် ဥရောပ တစ်ခုတည်းသော စျေးကွက် EEA ရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး သူ့ရဲ့ မူကြမ်းဟာ ဒီမိုကရေစီ အနောက်အုပ်စု နိုင်ငံတွေရဲ့ သဘောထားကို ထင်ဟပ်ပါတယ်။

မူကြမ်းထဲမှာ စစ်အာဏာသိမ်းမှု အပေါ် ရှုတ်ချ ဝေဖန်ထားပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေ၊ နိုင်ငံရေး အတိုက်အခံတွေကို စစ်တပ်က သတ်ဖြတ်နေတယ်၊ တိုင်းပြည်မှာ ဒီမိုကရေစီ တိုးတက် ဖြစ်ထွန်းရေးကို စစ်တပ်က နောက်ကြောင်းပြန် လှည့်ပစ်တယ် ... အစရှိသဖြင့် ဝေဖန်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အတွင်း မြန်မာပြည်သူတွေ ဖော်ပြခဲ့ကြတဲ့ သဘောထား ဆန္ဒတွေ အပေါ် စစ်တပ်က လေးစားဖို့၊ တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ကြေညာတာကို အဆုံးသတ်လိုက်ဖို့၊ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာပြီး ရေရှည် ခိုင်မြဲနိုင်မယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် ဖြစ်ထွန်းခွင့် ပေးဖို့ ... အစရှိတာတွေကိုလည်း အဲဒီ ဆုံးဖြတ်ချက်ထဲမှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ခြင်း ပြန်လွှတ်ဖို့ တောင်းဆိုသလို၊ မြန်မာနိုင်ငံထဲ လက်နက်တွေ စီးဝင်နေမှုကို ကုလ အဖွဲ့ဝင် နိုင်ငံတွေ ဝိုင်းဝန်း တားဆီးကြဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အထွေထွေ ညီလာခံ မဲခွဲဆုံးဖြတ်ချက် ရလဒ်

ဘေလာရုဇ် နိုင်ငံက မဲခွဲ ဆုံးဖြတ်ဖို့ တောင်းဆိုလို့ မဲခွဲကြတဲ့ အခါ ဘေလာရုဇ်ရဲ့ ကန့်ကွက်မဲ တစ်မဲပဲ ရှိပြီး၊ ထောက်ခံမဲ ၁၁၉ မဲ မဲအများစုနဲ့ အတည်ပြု နိုင်ပါတယ်။

မဲမထည့်ပဲ နေတာ တရုတ်၊ ရုရှား အပါအဝင် ၃၆ နိုင်ငံ ရှိပါတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ရှိတဲ့ အထဲ ၁၅၃ နိုင်ငံဟာ ဒီ မဲခွဲတဲ့ လုပ်ငန်းစဥ် အတွင်း ရှိနေခဲ့ကြတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

တရုတ် ရုရှား ကိုယ်စားလှယ်တွေက သူတို့ မဲမပေးပဲ ဘာလို့ နေခဲ့လဲ ဆိုတဲ့ အကြောင်းပြချက်တွေကို ပြောထားတာတွေ ရှိပါတယ်။

(၁) တရုတ်ကိုယ်စားလှယ်ရဲ့ ပြောဆိုမှု - မြန်မာရဲ့ လက်ရှိ အရေးကိစ္စတွေဟာ ပြည်တွင်းရေး ပြဿနာတွေလို့ ခေါ်ရမယ်၊ ဖြေရှင်းနိုင်ဖို့ ဆိုရင် မြန်မာ အပေါ်မှာပဲ အဓိက မူတည်တယ်၊ ပိတ်ဆို့မှုတွေဟာ အခြေအနေကို ပိုဆိုးလာစေတတ်ပြီး မြန်မာပြည်သူတွေပဲ ထိခိုက်တယ်၊ မြန်မာရဲ့ အချုပ်အခြာနဲ့ လွတ်လပ်မှု၊ နယ်နမိတ် ခိုင်မြဲမှုတွေ အပေါ် အဖွဲ့ဝင် နိုင်ငံတွေ လေးစားပါ၊ မလျော်ညီတဲ့ စွက်ဖက်မှုတွေ လုပ်ဆောင်တာမျိုးတွေက ရှောင်ကြဉ်ကြပါ၊ တရုတ် အနေနဲ့ နိုင်ငံတစ်နိုင်ငံကို အထူးပစ်မှတ်ထား ဆုံးဖြတ်ချက် ချတာမျိုးကို ဆန့်ကျင်တယ်၊ အဲဒီလို နိုင်ငံ အပေါ် မူတည်တဲ့ ဆုံးဖြတ်ချက် ဆိုတာတွေဟာ ပွင့်လင်းမြင်သာမှု သိမြင်လွယ်စေမှု မရှိဘူး၊ သက်ဆိုင်သူတွေ အားလုံး ပါဝင်ခွင့်လည်း ကင်းမဲ့လို့ တရုတ်ကတော့ မဲမထည့်ဘူးလို့ ဆိုထားပါတယ်။

(၂) ရုရှားဖက်ဒရေးရှင်း ကိုယ်စားလှယ်ရဲ့ ပြောဆိုမှု - မူကြမ်းပါ စာသားတွေဟာ မြန်မာရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ပြောဆိုရာမှာ မျှတမှု ရှိတဲ့ အရာတွေ ထည့်သွင်းဖို့ရာ ပျက်ကွက်တယ်လို့ မြင်တယ်၊ တစ်နိုင်ငံချင်းစီ အပေါ် အာရုံစိုက် ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုးဟာ ကုလ အဖွဲ့အစည်းတွေကြား ကွဲလွဲမှုတွေ ဖြစ်စေတယ်၊ မြန်မာအရေးဟာ လုံခြုံရေးကောင်စီတွင်း ဆွေးနွေးကြမယ့် အကြောင်းအရာထဲ ပါဝင်နှင့်ပြီး ဖြစ်တယ်၊ အခု ဆုံးဖြတ်ချက်ပါ စာသားတွေဟာ အထွေထွေညီလာခံမှာ ကွဲလွဲမှုတွေ ဖြစ်လာစေနိုင်လို့ မဲမထည့်ဘူးလို့ ဆိုပါတယ်။

မဲမထည့်ပဲ နေတဲ့ နိုင်ငံတွေ အားလုံး မြန်မာ စစ်တပ် အာဏာသိမ်းမှု အပေါ် ပေါ်ပေါ်ထင်ထင် ပြောဆို ရှုတ်ချဖို့၊ ကန့်ကွက်ဖို့ရာမှာ တရုတ် ရုရှားတို့လိုပဲ စိတ်အား မထက်သန်ကြဘူးလို့ သိမ်းကြုံး ကောက်ချက်ချလို့တော့ မရနိုင်ပါဘူး။

မဲမထည့်ပဲ နေတဲ့ အာဆီယံ ဒေသ ပြင်ပက မွတ်ဆလင်မ် နိုင်ငံ အများစု ဆိုရင် ဥပမာ- အီရန်၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေ ဆိုရင် ရိုဟင်ဂျာ ဒုက္ခသည် အရေး တိတိကျကျ ပြောဆိုထားတာတွေ မလုံလောက်လို့ ဆိုတဲ့ အမြင်သဘောထားနဲ့ မဲ မထည့်တာလို့ သူတို့ရဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

တခါ၊ အာဆီယံ အဖွဲ့ က ကမကထ လုပ်ပြီး ကြားဝင် ဖြေရှင်းပေးရေးကို ဒီ ဆုံးဖြတ်ချက်ထဲမှာ အလေးပေး တောင်းဆိုပေမယ့် မဲပေးတဲ့ အခါမှာတော့ အာဆီယံ နိုင်ငံတွေ အားလုံး တသဘောထားတည်း မရှိကြပါဘူး။

မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ တို့ဆိုရင် စစ်တပ်ရဲ့ အပြုအမူတွေ အပေါ် အတော် စိုးရိမ်ကြောင်း ဖွင့်ဟ ဖော်ထုတ်ကြပြီး ညီလာခံ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံမဲ ထည့်တဲ့အထဲ ပါကြပါတယ်။

အခု NUG နဲ့ အတူ လက်တွဲနေတဲ့ လက်ရှိ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာပြည် ကိုယ်စား ဒီ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ပါတယ်။

အရည်ချင်းစစ် ကော်မတီဝင် ဖြစ်လာမယ့် နိုင်ငံတွေ ဘယ်လို ရပ်တည်ခဲ့လဲ

စစ်အာဏာသိမ်းတဲ့ လုပ်ရပ် အပါအဝင် စစ်တပ်ရဲ့ အပြုအမူတွေကို ရှုတ်ချဖို့ ဝန်လေးတဲ့၊ ပြောင်းလဲအောင် ဖိအားပေးနည်း သုံးဖို့ စိတ်အား မထက်သန်တဲ့ တရုတ် ရုရှား တို့ရဲ့ ရပ်တည်မှုလိုင်းနဲ့ အခု ကော်မတီဝင် အသစ် ဖြစ်လာတဲ့ ၆ နိုင်ငံတို့ ရပ်တည် ခဲ့မှုတွေကို ယှဥ်ထိုး လေ့လာ ကြည့်ရအောင်ပါ။

တရုတ်နဲ့ ရုရှားတို့လိုပဲ မဲမပေးပဲ နေခဲ့တဲ့ ကြားနေ ၃၆ နိုင်ငံထဲ ဘူတန် နိုင်ငံ ပါဝင်ပါတယ်။ အမေရိကန်၊ ချီလီ၊ နမီးဘီးယားနဲ့ ဆွီဒင်တို့က ထောက်ခံမဲ ပေးကြပါတယ်။ ဘဟားမားစ်နဲ့ ဆီယာရာလီယွန် နှစ်နိုင်ငံကတော့ ဘယ် စာရင်းထဲမှာမှ မပါတာကြောင့် သီးသန့် သုံးသပ်ရဖို့ ရှိပါတယ်။

ဘူတန်ရဲ့ ကိုယ်စားလှယ်က မဲ မထည့်ရတဲ့ သူ့ နိုင်ငံရဲ့ ရပ်တည်မှု အကြောင်းပြချက်ကို အဲဒီနေ့က ရှင်းပြ ပြောဆိုထားတဲ့ မှတ်တမ်း မတွေ့ရပါဘူး။

ကုလ အထွေထွေညီလာခံမှာ တစ်နိုင်ငံချင်းစီ အပေါ် ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်တာကို မူအရ ဆန့်ကျင်ကြောင်း မဲမထည့်ပဲ နေတဲ့ နိုင်ငံတွေ အများစုကတော့ အကြောင်းပြချက် ပေးကြပါတယ်။

အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဘဝမှာ ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ် အဲရစ်ရဲ့ အထူးပြု ဘာသာရပ်တွေ ဖြစ်တဲ့ တိဘက်ဆိုင်ရာ ယဥ်ကျေးမှု၊ ဘူတန် ဘာသာစကား ယဥ်ကျေးမှု စတာတွေနဲ့ ဆက်စပ်ပြီး ဘူတန်မှာ သူတို့ ဇနီးမောင်နှံ နေထိုင် ခဲ့ဖူးတာမျိုး ရှိပါတယ်။

ဒီအချက်ဟာ ဘူတန်ရဲ့ ကုလအတွင်း ရပ်တည်ချက် သံတမန်ရေး သဘောထား အပေါ် လွှမ်းမိုး သက်ရောက် နိုင်တယ်လို့ ပြောလောက်စရာ သက်သေ အထောက်အထား မရှိပါဘူး။

မှန်းဆရခက်တဲ့ ၂ နိုင်ငံ

အထက်မှာ ဖော်ပြထားသလို ဇွန် ၁၈ မဲခွဲခဲ့ကြတုန်းက အဖွဲ့ဝင် ၁၉၃ နိုင်ငံ ရှိတဲ့ အနက် ထောက်ခံ ၁၁၉၊ ကန့်ကွက် ၁ ၊ မဲမပေး ၃၆ စာရင်း အရ ဆိုရင် ၃၇ နိုင်ငံ လို နေပါတယ်။

ရပ်တည်မှုကို ကွဲကွဲပြားပြား သိနိုင်စေတဲ့ ခေါင်းစဥ် တစ်ခုခုအောက်မှာမှ ရှိမနေတဲ့ အဲဒီ ၃၇ နိုင်ငံထဲက ဆီယာရာလီယွန်နဲ့ ဘဟားမားစ်တို့ အခု အရည်အချင်းစစ် ကော်မတီထဲ ပါလာတာ တွေ့ရပါတယ်။

ဒီတော့ အဲဒီ နှစ်နိုင်ငံရဲ့ သဘောထား ဘယ်လို ရှိနိုင်တယ်လို့ ပြောဖို့ ပိုပြီး ခက်နိုင်ပါတယ်။ သူတို့ရဲ့ ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကောက်ကြောင်းကို ကြည့်ကြရအောင်ပါ။

(က) ဘဟားမားစ်

အမေရိကန် ဖလော်ရီဒါကနေ ဆိုရင် အရှေ့ဘက်၊ ကျူးဘား ကနေ ဆိုရင် မြောက်ဘက်မှာ ရှိတဲ့ ကာရစ်ဘီယံကျွန်းစု နိုင်ငံ ဘဟားမားစ် ဟာ ဗြိတိနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတဲ့ ဓနသဟာရ အဖွဲ့ဝင် နိုင်ငံ ဖြစ်သလို အမေရိကန်နဲ့လည်း နီးစပ်ပါတယ်။ အမေရိကန်က သဘာဝဘေး ကိုင်တွယ်ရေးလို ကိစ္စတွေမှာ ဘဟားမားစ်ကို အဓိက ထောက်ပံ့ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

လက်ရှိ အာဏာရထားတာကတော့ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု ဆိုတဲ့ ဗဟိုလက်ျာပါတီ ဖြစ်ပါတယ်။

(ခ) ဆီယာရာလီယွန်

အနောက် အာဖရိက နိုင်ငံ ဆီယာရာလီယွန် ဟာ စစ်အာဏာသိမ်းမှုတွေ၊ တစ်ပါတီ အုပ်ချုပ်ရေး စံနစ်တွေ၊ ပြည်တွင်းစစ်တွေကို ကျော်ဖြတ်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဂျုးလီးယပ်စ် မာဒါ ဘီအို ဆိုရင် ၁၉၉၆ ခုနှစ် အာဏာသိမ်း စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်ပါတယ်။ အခုတော့ ရွေးကောက်ပွဲကတဆင့် နိုင်ငံရေး အာဏာကို ရယူထားပါတယ်။

ဆီယာရာလီယွန် ဟာ အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေနဲ့ကြား ဆက်ဆံရေးကောင်းပါတယ်။ ကိုလိုနီပြုခဲ့တဲ့ ဗြိတိန်နဲ့ကြားမှာလည်း တခြား ဓနသဟာယ နိုင်ငံတွေလိုပဲ ဆက်ဆံရေး အခိုင်အမာ ဆက်ရှိ နေပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့ ဗြိတိန် ကြားဝင် ခဲ့သလို၊ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေနဲ့အတူ အုပ်ချုပ်ရေးပိုင်းမှာရော စစ်ဘက်ဆိုင်ရာ အပိုင်းမှာပါ ဗြိတိန်က သင်တန်းတွေ ပေးထားပါတယ်။

တချိန်တည်းမှာပဲ ဆီယာရာလီယွန် ဟာ တရုတ်၊ ရုရှား တို့နဲ့ သာမက အနောက်အုပ်စု တို့နဲ့ ရပ်တည်မှု သိသိသာသာ ကွဲပြားတဲ့ အီရန်နဲ့ ကျူးဘားတို့နဲ့ကြားမှာလည်း သံတမန် ဆက်ဆံရေး ထားရှိတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ပြောဆိုမှု

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရည်အချင်းစစ် ကော်မတီ ထံက ဆုံးဖြတ်ချက်ကို စောင့်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"ညီလာခံတက်ရောက်ဖို့ ကျွန်တော်တို့က အဆိုပြုထားတဲ့ သူတွေ ရှိတယ်။ တက်ရောက်နိုင်သည် ဖြစ်စေ၊ မတက်ရောက်နိုင်သည် ဖြစ်စေ ကျွန်တော်တို့ သွားမယ့် လုပ်ငန်းစဥ်ကတော့ ကျွန်တော်တို့ ချမှတ်ထားတဲ့ လုပ်ငန်းစဥ် အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။

(ညီလာခံတက်ရောက်ခွင့်နဲ့ ပတ်သက်ပြီး) အရည်ချင်းစစ် ကော်မတီက စိစစ် ရဦးမှာ ဖြစ်ပါတယ်။ မည်သည့်ရလဒ်မှ ထွက်လာတာ မရှိသေးတဲ့ အတွက် ကျွန်တော်တို့ ဘက်ကလည်း တစုံတရာ ပြောဖို့ အကြောင်း မရှိသေးပါဘူး။ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ လုပ်ဆောင်ချက် အတိုင်းပဲ ဖြစ်လိမ့်မယ်။" ဆိုပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

နိဂုံး

အခု ဆောင်းပါးကတော့ အရည်ချင်း စစ်ကော်မတီ အဖွဲ့ဝင် နိုင်ငံတွေ အမည်စာရင်း ထွက်ပေါ် လာအပြီးမှာ အဲဒီထဲက ဘယ်နိုင်ငံတွေကတော့ တရုတ်၊ ရုရှား တို့နဲ့ ရပ်တည်မှု နီးစပ်နိုင်လဲ ဆိုတာကို အဓိက ဆန်းစစ်ထားတာ ဖြစ်ပါတယ်။

ကော်မတီရဲ့ လုပ်ငန်းစဥ်တွေ၊ ထွက်ပေါ်လာနိုင်တဲ့ ဖြစ်နိုင်သမျှ ရလဒ်တွေ အကြောင်းလည်း ဘီဘီစီ အနေနဲ့ သီးခြား ရေးသား တင်ဆက် ထားနှင့်ပြီး ဖြစ်ပါတယ်။

ကော်မတီရဲ့ အစီရင်ခံမှုကနေ အထွေထွေညီလာခံ အတည်ပြုချက် အသစ်တစ်ခု ရှိမလာမချင်း လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ မြန်မာကို ကိုယ်စားပြုပြီး ကုလ အထွေထွေ ညီလာခံမှာ ဆက်ရှိ နေမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား ရလာတဲ့ သဘောတူမှုနဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို လောလောဆယ် နေရာမပေးရဘူး၊ ဦးကျော်မိုးထွန်းလည်း နှုတ်ဆိတ် နေရမယ် ဆိုတဲ့ သတင်းလည်း ညီလာခံ မစခင်လေးမှာပဲ ထွက်လာပါတယ်။

အဲဒီလို ဦးကျော်မိုးထွန်း နှုတ်ဆိတ်နေရမယ် ဆိုတာ အထွေထွေ ညီလာခံ စည်းမျဥ်းနဲ့ မကိုက်ညီဘူးဆိုတဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။

အထွေထွေ ညီလာခံ ကျင်းပပုံ စည်းမျဥ်း အမှတ် ၂၉ အရ အကယ်၍ ကိုယ်စားလှယ် ဖြစ်မှုကို အဖွဲ့ဝင် နိုင်ငံတစ်ခုက ကန့်ကွက် ထားခဲ့ရင်တောင် ကော်မတီရဲ့ အစီရင်ခံမှုနဲ့ ညီလာခံရဲ့ ဆုံးဖြတ်ချက် ထွက်မလာမချင်း အဲဒီ ကန့်ကွက်ခံထားရတဲ့ ကိုယ်စားလှယ်ဟာ သူ့ခုံနေရာမှာ ယာယီ ထိုင်ခွင့်ရှိပြီး တခြား ကိုယ်စားလှယ်တွေနဲ့ အတူ အခွင့်အရေး အပြည့်အဝ ရှိတယ်လို့ ဆိုထားပါတယ်။

ဒီတော့ ဦးကျော်မိုးထွန်း မြန်မာကို ကိုယ်စားပြုမှု အပေါ် မှာလည်း မကန့်ကွက်ဘူး၊ စစ်ကောင်စီ ကိုယ်စားလှယ်လည်း ရှိမနေရဘူး၊ ဒါပေမယ့် ဦးကျော်မိုးထွန်း အနေနဲ့ နှုတ်ဆိတ် နေရမယ် ဆိုတဲ့ သဘောတူမှုကို တရုတ်နဲ့ အမေရိကန်တို့ကြား ရယူ ထားတာလား ဆိုတဲ့ ယူဆချက်မျိုးလည်း ရှိပါတယ်။

အဲဒီလို သဘောတူမှု တကယ်ပဲ ရှိနေလား ဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင် ကာယကံရှင် ဦးကျော်မိုးထွန်း အပါအဝင် သက်ဆိုင်သူတွေထံ ဘီဘီစီ ချည်းကပ် မေးမြန်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။