အာဖဂန်နစ္စတန်- ကာဘူးလ်ဆန္ဒပြပွဲကို တာလီဘန်တွေ သေနတ်ပစ်ဖောက်ခြောက်လှန့် ဖြိုခွင်း

သူတို့အဖွဲ့က တားမြစ်ထားတဲ့ အမိန့်ကို ချိုးဖောက်ပြီး တာလီဘန်တပ်သားတွေ လေထဲသေနတ် ပစ်ဖောက်နေစဥ်
ဓာတ်ပုံ ပုံစာ, သူတို့အဖွဲ့က တားမြစ်ထားတဲ့ အမိန့်ကို ချိုးဖောက်ပြီး တာလီဘန်တပ်သားတွေ လေထဲသေနတ် ပစ်ဖောက်နေစဥ်

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့မှာ ဒီနေ့ဖြစ်ပွားတဲ့ ဆန္ဒပြပွဲကြီးတစ်ခုကို တာလီဘန်တွေက သေနတ်ပစ်ဖောက်ခြောက်လှန့်ပြီး ဖြိုခွင်းလိုက်ပါတယ်။

ဗီဒီယိုဖိုင်တစ်ခုထဲမှာ သေနတ်သံတွေ အတော်များများ ကြားရသလို လူတွေကလည်း လုံခြုံတဲ့နေရာ ဘေးလွတ်ရာကို ထွက်ပြေးနေတာကို တွေ့ရပါတယ်။

ဒီနေ့အင်္ဂါနေ့ မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ လမ်းမပေါ်ထွက်လာပြီး အမျိုးသမီး အခွင့်အရေးတွေကို တောင်းဆိုတာနဲ့ တာလီဘန်တွေရဲ့ အုပ်ချုပ်ရေးကို ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။

ပြီးတော့ ဆန္ဒပြသမားတွေက ပါကစ္စတန်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုပါ ကြွေးကြော်ခဲ့ကြပါတယ်။ သူတို့မကြိုက်တဲ့ တာလီဘန်အဖွဲ့ကို အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက အထောက်အပံ့ပေးနေတယ်လို့ အာဖဂန်နစ္စတန်က လူအများစုက ယူဆထားကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် အာမက်မာဆုဒ်က တာလီဘန်တွေကို ပုန်ကန်ထကြွဖို့ တောင်းဆိုတိုက်တွန်းအပြီး တစ်ရက်အကြာမှာ ဒီဆန္ဒထုတ်ဖော်ပွဲတွေ ဖြစ်လာခဲ့တာပါ။

ဘီဘီစီကို ပို့ပေးတဲ့ ဗီဒီယိုထဲမှာ တာလီဘန်သေနတ်သမားတွေက လေထဲကို သေနတ်တွေ ပစ်ဖေါက်ခဲ့ကြတာကို တွေ့ရပါတယ်။ အောင်ပွဲခံတဲ့အနေနဲ့ မိုးပေါ်ကို သေနတ်ပစ်ဖောက်တာကြောင့် လူအများကြီးသေတယ်လို့ သတင်းတွေထွက်ပြီးနောက် ပြီးခဲ့တဲ့တစ်ပတ်ကတင် သေနတ် ပိတ်ပင်တားဆီးမှုတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ကာဘူးလ်မှာကျင်းပခဲ့ အာဖဂန်အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲ
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ တစ်ပတ်က ကာဘူးလ်မှာကျင်းပခဲ့ အာဖဂန်အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲ

ဘီဘီစီအဖွဲ့ အပါအဝင် တစ်ချို့ သတင်းသမားတွေ ဆန္ဒပြပွဲကို ဗီဒီယိုရိုက်ခွင့် ပိတ်ပင်တားဆီးခံရပြီး အခြား ဒေသခံ သတင်းသမားတွေ၊ နိုင်ငံခြား သတင်းဌာနကသတင်းသမားတွေနဲ့ အတူ အာဖဂန်နစ္စတန်က တိုလိုသတင်းအေဂျင်စီက ကင်မရာသမားတစ်ယောက်လည်း အဖမ်းခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အမျိုးသမီးဆန္ဒပြပွဲတွေမှာ အမျိုးသားတွေ မပါဝင်ခဲ့ကြပေမယ့် ဒီကနေ့ဆန္ဒပြပွဲမှာတော့ အမျိုးသားတွေ ပါပါဝင်ခဲ့ကြပြီး အမျိုးသမီးတွေရဲ့ တန်းတူညီမျှနဲ့ လုံခြုံမှုရှိရေးကို ပါဝင်တောင်းဆိုခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်က လူအများစုဟာ တာလီဘန်တွေ အာဏာပြန်ရတဲ့အပေါ် အိမ်နီးချင်း ပါကစ္စတန် ကို အပြစ်တင်နေကြပါတယ်။ ဒီနေ့ အင်္ဂါနေ့ ဆန္ဒပြပွဲမှာလည်း "ပါကစ္စတန် ကျဆုံးပါစေ" "ပါကစ္စတန်ကြိုးဆွဲ ရုပ်သေးအစိုးရ အလိုမရှိ"ဆိုပြီး ကြွေးကြော်သံတွေ တိုင်ခဲ့ကြပါတယ်။

Taliban share video of group's flag being raised in Panjshir

ဓာတ်ပုံ ရင်းမြစ်, Taliban video

စစ်သွေးကြွတွေကို အထောက်အပံ့ပေးနေတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ နိုင်ငံတချို့ကလည်း ပါကစ္စတန်ကို စွပ်စွဲအပြစ်တင်ထားပါတယ်။

တာလီဘန်တွေကို ပြန်လည်တွန်းလှန်နေတဲ့ တစ်ခုတည်းသော နေရာဖြစ်တဲ့ ပန်ရှီးယားဒေသမှာတော့ အဲဒီဒေသကို သိမ်းပိုက်လိုက်ပြီလို့ တာလီဘန်ဘက်က ကြေညာလိုက်ပေမဲ့ တွန်းလှန်သူတွေဘက်ကလည်း သူတို့ဟာ မဟာဗျူဟာကျတဲ့ နေရာတွေမှာ ဆက်ရှိနေပြီး တိုက်ခိုက်မှုတွေ ဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။