အာဖဂန်နစ္စတန်- လက်နက်မချတဲ့ ပန်ရှီးယားတောင်ကြားကို ဝိုင်းထားတယ်လို့ တာလီဘန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ မသိမ်းပိုက်နိုင်ဘဲ နောက်ဆုံးကျန်နေတဲ့ နေရာဖြစ်တဲ့ မြို့တော် ကာဘူးလ်ရဲ့ မြောက်ဘက် ပန်ရှီးယားတောင်ကြားက တိုက်ခိုက်ရေးသမားတွေကို လက်နက်ချကြဖို့ တာလီဘန်တွေက ပြောလိုက်ပါတယ်။
တွစ်တာမှာတက်လာတဲ့ အသံဖိုင် မက်ဆေ့ချ်မှာ တာလီဘန် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တဲ့ အမီယာခန်းမူတာကီက ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ကြောင်းနဲ့ ဒေသခံတွေအနေနဲ့ တိုက်ခိုက်ရေးသမားတွေကို လက်လျှော့လိုက်ဖို့ နားချကြပါဆိုပြီး ပြောပါတယ်။
ဒါပေမဲ့ ပြုတ်ကျသွားတဲ့ အာဖဂန်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဘစ်စမီလာမိုဟာမက်ဒီကတော့ ပန်ရှီးယားကို ညဘက်မှာ လာတိုက်ခိုက်ခဲ့တာကို ပြန်ခုခံခဲ့ကြပြီး တာလီဘန်တွေဘက်က ၃၄ ယောက် သေဆုံးခဲ့တယ်ဆိုပြီး ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပန်ရှီးယားဒေသဟာ သူ့နယ်မြေကို ကျူးကျော်လာသူတွေကို ဆယ်စုနှစ်ပေါင်းများစွာအတွင်း အရှုံးမပေးတဲ့ နယ်မြေအဖြစ် အာဖဂန်ရဲ့ အထင်ကရ နေရာဖြစ်ပါတယ်။
ခေါင်းဆောင် အာမက်မာဆုဒ်ရဲ့ ဦးဆောင်မှုအောက်က ထောင်ချီတဲ့ တာလီဘန်ဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားတွေဟာ မြို့တော်ကာဘူးလ်နဲ့ မိုင် ၃၀ ကျော်လောက်ဝေးတဲ့ နေရာမှာရှိတဲ့ တောင်ကြားအဝင်ကနေ အသင့်ပြင် စောင့်ဆိုင်းနေကြပါတယ်။
တာလီဘန်ကလည်း သူတို့တပ်တွေ အဲဒီကို အပြင်ကနေ ဝိုင်းထားတယ်ဆိုပြီး ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကန်ဒါဟာမှာ အောင်ပွဲခံ ချီတက်
အာဖဂန်နစ္စတန်ရဲ့ ဒုတိယအကြီးဆုံး ကန်ဒါဟာမြို့မှာတော့ အမေရိကန်တွေ အပြီးထွက်ခွာသွားအပြီး နောက်တစ်ရက်မှာ တာလီဘန်တွေက အောင်ပွဲခံလှည့်လည်ခဲ့ပါတယ်။
အမေရိကန်တွေဆီက ရလိုက်တဲ့ စစ်လက်နက် အသုံးအဆောင်တွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။
သံချပ်ကာကားတွေ လမ်းတွေပေါ် စီတန်းလှည့်လည်နေပြီး နှစ် ၂၀ စစ်ကြီး ပြီးဆုံးတဲ့ အထိမ်းအမှတ် အဖြစ်အောင်ပွဲခံနေကြပါတယ်။
ရဟတ်ယာဥ်တွေလည်း အပေါ်ကနေ ပျံဝဲ နေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
တာလီဘန် ခေါင်းဆောင်တွေဟာ အာဖဂန်နစ္စတန် တောင်ပိုင်းက မြို့တော် ကန်ဒါဟာမှာ အစိုးရသစ်ဖွဲ့ဖို့ ဆွေးနွေးနေခဲ့ကြတာဖြစ်ပြီး နောက်နှစ်ရက်လောက်မှာ အစိုးရသစ်ကို ကြေညာတော့မယ်လို့ မျှော်လင့်ရပါတယ်။
တာလီဘန်အစိုးရက ပြိုလဲနေတဲ့ စီးပွားရေးနဲ့ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်ပေးရမယ့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။
ကာဘူးလ်က စိုးရိမ်နေတဲ့ မြို့ခံတွေ

ဓာတ်ပုံ ရင်းမြစ်, EPA
မြို့တော် ကာဘူးလ်မှာတော့ ပုံမှန် နေ့စဥ်လုပ်ငန်းတွေ လည်ပတ်ဖို့ ရုန်းကန်နေရပါတယ်။
ကာဘူးလ်ကို သိမ်းပိုက်ပြီးတာ နှစ်ပတ်အကြာထိ အစိုးရသစ်ကို မကြေညာနိုင်သေးပါဘူး။
အုပ်ချုပ်ရေးစနစ် လစ်ဟာသွားမှု နောက်ဆက်တွဲအဖြစ် ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေပြီး စိုးရိမ်နေတဲ့ လူအုပ်တွေက ဘဏ်တွေမှာ စုပြုံပြီး ငွေတွေ ထုတ်ယူနေကြပါတယ်။
လက်နက်အပြည့်အစုံနဲ့ တိုက်ခိုက်ရေးသမားတွေက မြို့ကို ထိန်းချုပ်ထားပေမဲ့ ဘဏ်တွေ၊ ဆေးရုံတွေနဲ့ အစိုးရ ယန္တရားတွေ လည်ပတ်နိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
စျေးတွေက နေ့တိုင်း တက်လာနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တာလီဘန်တွေက ဘဏ်တွေကို ပြန်ဖွင့်ဖို့ ညွှန်ကြားထားပေမဲ့ တစ်ပတ်အတွင်း ဘဏ်ကနေထုတ်နိုင်မယ့် ပမာဏကိုတော့ ကန့်သတ်ထားပါတယ်။
တာလီဘန် အရာရှိတွေကတော့ အစိုးရသစ်ဖွဲပြီးရင် ပြဿနာတွေ ပြေလည်သွားမှာလို့ ပြောနေပြီး တခြားနိုင်ငံတွေအနေနဲ့လည်း စီးပွားရေးအဆက်သွယ်တွေ ဆက်ထားရှိဖို့ ပြောနေပါတယ်။
မြို့တော် ကာဘူးလ်က လေဆိပ် ဘယ်လိုလည်ပတ်ရမလဲ ဆိုတာကိုလည်း ကာတာနဲ့ တူရကီ နိုင်ငံတို့ကို တာလီဘန်တွေ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ရက်တွေ ကြာဦးမယ်လို့ ဆိုပါတယ်။
အဲလို အခြေအနေတွေ ကြုံနေရပေမဲ့ တာလီဘန် ခေါင်းဆောင်တချို့ကတော့ အမေရိကန်တွေကို လှောင်ပြောင်နေပါတယ်။
အမေရိကန်တွေ ခေတ်ကုန်သွားပြီဆိုပြီး ထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ အာနက်ဟာကာနီက တွစ်တာမှာ ပြောပါတယ်။








