အာဆီယံ အထူးသံ ပြောနေပြီး စစ်ကောင်စီကလည်း မငြင်းဘူး ဆိုတဲ့ အပစ်ရပ်ရေး

မြန်မာနိုင်ငံထဲ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ရေး အတွက် အခုနှစ် အကုန်အထိ ပစ်ခတ် တိုက်ခိုက်တာတွေ ရပ်ထားဖို့ အာဆီယံ အထူး သံတမန်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးတို့ကြားထဲ ပြောထား ဆိုထားတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပါတယ်။

မြန်မာဆိုင်ရာ အာဆီယံ အထူးသံ အီရာဝန် ယူဆွဖ်က ဂျပန် အခြေစိုက် သတင်းဌာန ကျိုဒိုနဲ့ မေးမြန်းခန်းမှာ အဲဒီ ကိစ္စ ထည့်သွင်း ပြောရာကနေ အပစ်ရပ်ဖို့ အာဏာသိမ်း စစ်တပ်က သဘောတူတယ် ဆိုပြီး နိုင်ငံတကာ မီဒီယာတွေက ရေးသားလာတာ ဖြစ်ပါတယ်။

အွန်လိုင်းဗီဒီယိုကနေ တဆင့် ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သူ့ရဲ့ တောင်းဆိုမှုကို လက်ခံတယ်၊ ဘာမှ ကန့်ကွက်တာမျိုး မရှိဘူးလို့ ဒါတို အီရာဝန် ယူစွဖ်က ပြောပါတယ်။

စစ်ကောင်စီ ဝန်ကြီးက အပစ်ရပ်ရေး ကိစ္စလက်ခံတယ် ဆိုတာ ဘယ်တုန်းကလဲ

အီရာဝန် ယူစွဖ်ပြောတဲ့ မြန်မာစစ်တပ်ကလည်း မကန့်ကွက်ဘူးဆိုတဲ့ " ၄ လကြာ အပစ်ရပ်ရေး" ရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတာကို အရင်မသွားခင်၊ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးက မငြင်းဘူး လက်ခံခဲ့တယ် ဆိုတဲ့ အဲဒီ အစည်းအဝေးဟာ ဘယ်တုန်းက အစည်းအဝေးလဲ၊ လတ်တလော ရက်ပိုင်းအတွင်း စက်တင်ဘာလထဲ လုပ်တဲ့ အစည်းအဝေးမျိုး ရှိခဲ့လား ဆိုတာ မသေချာပါဘူး။

မြန်မာနိုင်ငံထဲ ကိုဗစ် ထိန်းချုပ်ရေး အပါအဝင် လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့တွေ ပေးဖို့ အာဆီယံ အပါအဝင် မိတ်ဖက် နိုင်ငံတွေရဲ့ ရန်ပုံငွေ မတည်ပွဲ အွန်လိုင်း အစည်းအဝေး ဆိုတာကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့တုန်းက လုပ်ခဲ့တာ ဖြစ်ပြီး အဲဒီမှာ ဦးဝဏ္ဏမောင်လွင်လည်း ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ဒေါ်လာ ၈ သန်းကနေ ၉ သန်းကြားထဲ မတည် ထားနိုင်တယ်လို့ နားလည် ရပါတယ်။

အခု ဒါတို အီရာဝန် ယူစွဖ်က အပစ်ရပ်ရေးနဲ့ တစ်ပါတည်း အဲဒီ ငွေကြေး ပမာဏ တန်ဖိုး အထိ ကူညီဖို့ရာ အာဆီယံနဲ့ မိတ်ဖက် နိုင်ငံတွေက ကတိပြုခဲ့ပြီး ဖြစ်တဲ့အကြောင်း ထည့်သွင်း ပြောလာပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဘက်က အပစ်ရပ်ရေး ကိစ္စ မငြင်းဘူးဆိုတာ အဲဒီ ဩဂုတ်လလယ် အစည်းအဝေးမှာ ပြောခဲ့ကြ ဆိုခဲ့ကြတာကိုပဲ ရည်ညွှန်း ပြောတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အာဆီယံသံတမန်ပြောတဲ့ အပစ်ရပ် ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ၊ ဘာမဟုတ်တာလဲ

လက်နက်ကိုင် အဖွဲ့တွေနဲ့ကြား နိုင်ငံရေးအရ သဘောတူညီချက် တစုံတရာ ရယူပြီး ကြေညာတဲ့ အပစ်အခတ်ရပ်ဆိုင်းတဲ့ အဆင့်မျိုး မဟုတ်ကြောင်း အီရာဝန် ယူစွဖ်ရဲ့ အခုလတ်တလော ပြောဆိုချက်တွေထဲ ပါဝင်နေပါတယ်။

"နိုင်ငံရေးဆိုင်ရာ ပစ်ခတ်မှု ရပ်ဆိုင်းရေး မဟုတ်ပါဘူး။ လူမှု ကယ်ဆယ်ရေး သမားတွေ၊ အကူအညီပေးရေး အဖွဲ့တွေရဲ့ လုံခြုံရေးကို အာမခံ စေလိုတဲ့ သဘောဖြစ်ပါတယ်။ သူတို့ ဘေးကင်းရန်ကင်း အလုပ်တွေ လုပ်နိုင်အောင်ပါ" ဆိုပြီး အီရာဝန် ယူစွဖ်က ကျိုဒို သတင်းဌာနကို ပြောခဲ့ပါတယ်။

အဲဒီလို အာဆီယံရဲ့ အစီအစဥ်နဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ အထောက်အပံ့တွေ မြန်မာပြည်ထဲ ဝင်လာရေး ဆိုတာ ဂျကာတာ သဘောတူမှု ၅ ချက်ထဲ ပါဝင်ပါတယ်။

အပစ်ရပ်ဆိုင်းပေးဖို့ သူ့ရဲ့ တောင်းဆိုချက်ကို အာဏာသိမ်း စစ်တပ်ဘက်က ဘာမှ မငြင်းဘူးလို့ ဆိုပေမယ့် ၊ တကယ်တမ်း စစ်ကောင်စီဘက်က အထောက်အပံ့တွေ ဝင်ခွင့် ပြုလိုက်ပြီလား၊ ဘယ်နေ့ ဘယ်အချိန် ဝင်လာတော့မှာလဲ ဆိုတာတွေတော့ အီရာဝန် ယူစွဖ် ထည့်သွင်းပြောတာ မတွေ့ရပါဘူး။

ပုံမှန် အတိုင်း ဆိုရင်တော့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ သဘာဝဘေး အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရေး ဌာန AHA တို့ အစီအစဥ်နဲ့ဆိုရင် ကိုဗစ် ကိုင်တွယ်ရေး အထောက်အပံ့တွေ ဩဂုတ် အကုန်ပိုင်းမှာ ဝင်လာဖို့ ဖြစ်ပြီး၊ ကူညီတာတွေ ပို ထိရောက် အောင်မြင်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်တာတွေ လုပ်ဖို့ အာဆီယံ အဖွဲ့ တစ်ဖွဲ့ မြန်မာပြည်ထဲ ရုံးစိုက် ထားရှိဖို့အထိ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

အခု အဲဒီကိစ္စ အထမြောက်ဖို့ ဘယ် အဆင့် ရှိနေပြီလဲ ဆိုတာ မသိရသလို၊ ဒါတို အီရာဝန် ယူစွဖ် အာဆီယံ အထူးသံ အနေနဲ့ နေပြည်တော် ခရီးစဥ် လာဖို့ စစ်ကောင်စီက မီးစိမ်းပြပြီလား ဆိုတာလည်း နိုင်ငံတကာ သတင်းဌာနတွေနဲ့ မေးမြန်းခန်းမှာ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး ၂ အီရာဝန် ယူစွဖ် တိတိကျကျ မပြောသေးပဲ ရှိနေပါတယ်။

"အခု ကျွန်တော်တို့ တောင်းဆိုနေတာဟာ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ရေးမှာ အကူအညီ ဖြစ်စေဖို့ရာ မြန်မာနိုင်ငံထဲက ဘက်ပေါင်းစုံ အဖွဲ့ပေါင်းစုံ အနေနဲ့ သွေးထွက်သံယို အကြမ်းပတမ်း ဖြစ်ရပ်တွေ မပေါ်ပေါက်အောင် ထိန်းချုပ်လိုက်ကြဖို့ ဖြစ်ပါတယ်" လို့ အီရာဝန် ယူစွဖ်က ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့တွေဘက်က ပြောဆိုချက်

အီရာဝန်ယူစွဖ် လောလောလတ်လတ် ပြောတဲ့ အထဲမှာ အပစ်ရပ်ကြရေး သူ့ရဲ့ အကြံပြု တောင်းဆိုချက်ကို မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် ဆန့်ကျင် နေကြတဲ့ အဖွဲ့အစည်းတွေထံကိုလည်း တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ ပေးပို့ ထားတယ်ဆိုတာ ပါဝင်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် ခုခံ နေကြတဲ့ ဒေသ အလိုက် ဖွဲ့စည်း ပေါ်ပေါက်လာကြတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေထံ အီရာဝန် ယူစွဖ်ရဲ့ ပန်ကြားချက် တစ်နည်းတစ်ဖုံ ရောက်ရှိလား ဆိုတာ မသိရပါဘူး။

ဒါပေမဲ့ အီးအေအို လို့ ခေါ်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား မှာတော့ အာဆီယံ အထူးသံရဲ့ ပန်ကြားချက် ရောက်လာပုံ ရပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင်ထားတဲ့ ၁၀ ဖွဲ့က ခေါင်းဆောင် တချို့နဲ့ကြား အာဆီယံ ပန်ကြားချက်ကို ဆွေးနွေးထားပြီး စက်တင်ဘာ ၇ ရက်နေ့မှာ အဖွဲ့ဝင်တွေအားလုံး အစည်းအဝေး လုပ်ဖို့ ရှိတယ်လို့ NCA ထိုး အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ရဲ့ ခေါင်းဆောင်ပိုင်းက တစ်ယောက်ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

အာဆီယံသံရဲ့ ပန်ကြားချက်ဟာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနိုင်ရေး အတွက် အပစ်အခတ်တွေ မလုပ်ကြဖို့ကို ဆိုလိုတာဖြစ်ကြောင်း နားလည်ရတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

"နိုင်ငံရေး အရ ၊ စစ်ရေးအရ အပစ်အခတ်ရပ် သဘောတူကြရေးကို တောင်းဆိုတာမျိုး မဟုတ်ဘဲ၊ စာနာနည်းလည်မှု အထောက်အပံ့တွေ လုပ်နိုင်ရေး အတွက် အကူအညီပေးရေး အဖွဲ့တွေ၊ ယာဥ်တန်းတွေကို အန္တရာယ် မပြုကြဖို့နဲ့ ကိုဗစ် ထိန်းချုပ်ရေး အပါအဝင် အကူအညီ လိုအပ်နေတဲ့ နေရာတွေမှာ စစ်ရှောင်တွေ ၊ အရပ်သားတွေအပေါ် စောင့်ရှောက်ကြဖို့ တောင်းဆိုတာ ဖြစ်တယ်"လို့ PNLO ရဲ့ နာယကလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

အာဆီယံရဲ့ သဘောကတော့ အရေးပေါ် ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို အန္တရာယ်ကင်းကင်း ပို့နိုင်ပြီ၊ နယ်မြေ ထိုက်သင့်သလောက် တည်ငြိမ်ကြောင်း သေချာနိုင်ပြီ ဆိုရင် ကိုဗစ် ကာကွယ်ဆေး ထိုးပေးရေး ကိစ္စပါ ဒုတိယ အဆင့် အနေနဲ့ အကောင်အထည် ဖော်လိုကြောင်း ရည်မှန်းထားတာ တွေ့ရတယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

လက်တွေ့ မြေပြင် အခြေအနေနဲ့ ပတ်သက်ပြီး NUG ကရော ဘာပြောလဲ

ပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာ ၅ ရက်နေ့မှာပဲ အီးအေအို ထိန်းချုပ်နယ်မြေတွေထဲ စစ်ကောင်စီတပ်တွေ အင်အားသုံး ထိုးစစ်ဆင်နေကြတယ် ဆိုပြီး NUG က ထုတ်ပြန် လာပါတယ်။

စစ်ကောင်စီဟာ ငြိမ်းချမ်းရေး ဆောင်ရွက်မယ်လို့ ပြောနေချိန်မှာပဲ မြေပြင် ဝေဟင် တိုက်ခိုက်မှုတွေ ပြုမူနေတာ ဖြစ်တာကြောင့် စာနာနားလည်မှု ဆိုင်ရာ အကျပ်အတည်းတွေ၊ လူတွေ သန်းချီ နေရပ်စွန့်ခွာရမှုတွေ ဆက်ပြီး ပေါ်ပေါက် နေလိမ့်ဦးမယ် လို့လည်း NUG က သတိပေးပါတယ်။

မြောက်ပိုင်းနဲ့ အရှေ့မြောက် ဒေသတွေမှာလည်း အခု သီတင်းပတ်ထဲ တိုက်ပွဲတွေ ရှိနေပေမယ့် တရုတ်ပြည်မကြီး အစိုးရရဲ့ ဩဇာကြီး အာရှရေးရာ အထူးသံ ဆွန်းကော်ရှန်ရဲ့ တိတ်တဆိတ် နေပြည်တော် ခရီးစဥ် အပြီးမှာ ကိုးကန့် MNDAA၊ တအာင်းပလောင် TNLA နဲ့ ရခိုင် အေအေတို့က စစ်ရေး လှုပ်ရှားမှုတွေ လျှော့ကြဖို့ တိုက်တွန်းစာ ထုတ်ပြန်တာ တွေ့ရပါတယ်။

ဒီမတိုင်ခင်တုန်းကလည်း ကချင် KIO ဗဟိုကော်မတီ အနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ အဖြေရှာလိုတယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

တရုတ်ပြည်မကြီး အစိုးရက ကိုဗစ် ကိုင်တွယ် ထိန်းချုပ်ရေး အတွက် သူနဲ့ကပ်လျက် မြန်မာဘက်ခြမ်းက နယ်မြေတွေထဲမှာပါ ကာကွယ်ဆေး ထိုးပေးတာမျိုးတွေ အပါအဝင် အကူအညီတွေ ပေးထားပါတယ်။

အီးအေအိုနဲ့ကြား တိုက်ပွဲတွေကတော့ KNU ထိန်းချုပ်မြေ နေရာအနှံ့မှာ တိုက်ပွဲတွေ ရှိနေသလို၊ မုံးကိုးနယ်ထဲမှာလည်း MNDAA နဲ့ကြား ဆက်ပြီး တိုက်ခိုက် နေပါတယ်။

တစ်ခါ၊ မြန်မာပြည်အနှံ့က မြို့တွေပေါ်မှာလည်း အခု စက်တင်ဘာ ပထမ သီတင်းတ် အထိ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေ၊ ဒလန် စွပ်စွဲချက်နဲ့ သတ်ဖြတ်မှုတွေ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စီးနင်း ပစ်ခတ် ဖမ်းဆီးမှုတွေ အပြန်အလှန် ဆက်လက် ဖြစ်ပေါ် နေပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ နောက်ဆုံးရ သတင်းတွေအရ ဆိုရင် ... မုံရွာ အောင်မင်္ဂလာ ရပ်ကွက်ထဲ ည ၈ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေကို ဝင်ရောက် ဖမ်းဆီးရင်း ပစ်ခတ်တာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၆ ရက် အစောပိုင်းမှာတော့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဆိုရင် ကြံခိုင်ရေးပါတီ ဇနီးမောင်နှံ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းတွေ ရထားပါတယ်။

ချင်း၊ စစ်ကိုင်း၊ မကွေး ဒေသအနှံ့က ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကြား မဟာမိတ် အဖြစ် စုစည်း ကြတဲ့ သတင်းတွေလည်း တောက်လျှောက် ကြားသိနေရပါတယ်။

အာဆီယံပေးမယ့် အကူအညီ ၊ အထူးသံရဲ့ ညှိနှိုင်းမှု

ဒါတို အီရာဝန် ယူစွဖ်ကတော့ မြန်မာပြည်ထဲ အောက်တိုဘာ မကုန်ခင် သွားနိုင်ဖို့ မြန်မာ အာဏာသိမ်း စစ်တပ်နဲ့ကြား ဆက်လက် ညှိနေရဆဲ ဖြစ်တဲ့ အခြေအနေကို ထုတ်ဖော် ပြောဆို ထားပါတယ်။

အဓိကကတော့ သူ့ရဲ့ ခရီးစဥ်မှာ အာဏာသိမ်း စစ်တပ်က ဖမ်းထားတဲ့ ဒီမိုကရေစီ ခေါင်းဆောင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ညှိနေတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

''မြန်မာပြည်ထဲကို ခပ်မြန်မြန်သွားဖို့လိုပါတယ်။ ဒါပေမဲ့ အဲဒါတွေမတိုင်ခင် ကျွန်တော့်ဘက်က အာမခံချက်တွေ အရင်ရထားဖို့လိုတယ်။ သူတို့ဘက်က ကျွန်တော့်ကို မြန်မာပြည်ထဲ ဝင်ခွင့်ပေးတဲ့အခါ ကျွန်တော်လုပ်ရမယ့်ကိစ္စအတွက် ရှင်းရှင်းလင်းလင်းသိမြင်ထားရဖို့လိုတယ်'' ဆိုပြီး ဒါတို အီရာဝန် ယူစွဖ်က အခုရက်ပိုင်းမှာပဲ ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

တစ်ခါ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ AHA သဘာဝဘေး တုံ့ပြန်ရေး ဌာနတို့ရဲ့ စုပေါင်း အစီအစဥ်နဲ့ မြန်မာကို စာနာမှု အကူအညီတွေ ပေးရေး အဆင့် နှစ်ဆင့် ချမှတ်ထားပါတယ်။

ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေး အပေါ် အာရုံစိုက်တဲ့ တုံ့ပြန်ကိုင်တွယ်ရေး လုပ်ငန်းစဥ်တွေကို ဗဟိုပြုထားတဲ့ "လူ့အသက်ကယ်ရေး" အဆင့်နဲ့ အဲဒီကနေမှ လူတွေ အသက်ကို မသေအောင် ကယ်နိုင်ပြီဆို ရေရှည် တည်ငြိမ်ရေး နောက် တစ်ဆင့် ဖြစ်တယ်လို့ အာဆီယံ သံတမန် အသိုင်းအဝိုင်းက ပြောကြပါတယ်။

အာဆီယံ အပြင် မိတ်ဖက် နိုင်ငံတွေကပါ အာဆီယံ ကမကထ လုပ်မယ့် အစီအစဥ်ထဲ အလှူတွေ တိုက်ရိုက် ထည့်ဝင် မတည်ထားသလို၊ ရန်ကုန်မှာ အာဆီယံ ညှိနှိုင်းရေး အဖွဲ့တစ်ခု ထူထောင်ထားရှိမှာ ဖြစ်ပါတယ်။

အာဆီယံရဲ့ ရည်မှန်းချက်ကို ကြည့်ရင် ကိုဗစ် တုံ့ပြန်ရေး ပစ္စည်းတွေ ဩဂုတ်လ အကုန် စရောက်နိုင်ရေးနဲ့ အကူအညီပေးရး လက်တွေ့ လုပ်ငန်းတွေကို ၂၀၂၂ အထိ ဆက်ပြီး လုပ်သွားမယ် ဆိုတာ တွေ့ရပါတယ်။

အာဆီယံ အစီအစဥ်နဲ့ ထောက်ပံ့ရေးတွေ ပြီးခဲ့တဲ့ ဩဂုတ်အကုန်မှာ မြန်မာပြည်ထဲ တကယ်တမ်း ဝင်လာ နိုင်ခဲ့လား ဆိုတာကိုတော့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပါဘူး။