အာဖဂန်နစ္စတန်- တာလီဘန် အစိုးရဖွဲ့ရေး အစည်းအဝေး အဆုံးသတ်

တာလီဘန်တွေဟာ အစိုးရသစ်ဖွဲ့ဖို့ သုံးရက်တာ အစည်းအဝေးကျင်းပနေတာ ပြီးဆုံးသွားပြီလို့ ထုတ်ပြန်လိုက်ပါတယ်။

တာလီဘန်ခေါင်းဆောင် မူလာ ဟီဘက်တူလာ အက်ခွန်ဇားဒါက ဆွေးနွေးမှုတွေကို ဦးဆောင်ခဲ့ပြီး အဲဒီဆွေးနွေးမှုတွေမှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူမှုရေး ကိစ္စတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရသစ်မှာ ဘယ်သူတွေ ပါမယ်ဆိုတာ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်လာပြီ ဖြစ်ပေမဲ့ အတည်ပြုထားနိုင်တဲ့ သတင်းမျိုးတော့ မရှိသေးပါဘူး။

တာလီဘန်အစိုးရသစ်ကို မသိရသေးပေမဲ့ တာလီဘန်အဖွဲ့ကို အခုပုံထဲက တာလီဘန်ခေါင်းဆောင်တွေက ဦးဆောင်နေတာဖြစ်ပါတယ်။

အခြားဆက်စပ်သတင်း

ဂျာမနီနဲ့ အလုပ်အတူတူလုပ်ခဲ့တဲ့ လူထောင်နဲ့ချီ အာဖဂန်မှာ ကျန်ရစ်နေဆဲလို့ မာကယ်ပြော

ဖွံ့ဖြိုးရေးစီမံကိန်း အဖွဲ့တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ဒေသခံ ဝန်ထမ်းတစ်သောင်းကနေ လေးသောင်းအတွင်း အာဖဂန်နစ္စတန်မှာ ဆက်ရှိနေဆဲဖြစ်ပြီး အဲ့ဒီလူ တွေဂျာမနီကို ရောက်ချင်ရောက် လာနိုင်တယ်လို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ်လ်က ပြောပါတယ်။

သူတို့ ဂျာမနီကို ဒုက္ခသည်အဖြစ်ရောက်မလာဆိုတာ တိုင်းပြည်ကို တာလီဘန်တွေ ဘယ်လိုအုပ်ချုပ်မလဲဆိုတာ မူတည်နေတယ်လို့ သူက ဆိုပါတယ်။

အာဖဂန်နိုင်ငံသား ၄၀၀၀ ကျော်အပါအဝင် လူ ၅၃၀၀လောက်ကို အာဖဂန်ကနေ ဂျာမနီက ခေါ်ထုတ်ပြီးသွားပါပြီ။

တာလီဘန်တွေနဲ့ အဆက်အသွယ်တွေဆက်လုပ်ပြီး ဥရောပသမဂ္ဂရုံး တတ်နိုင်ရင် ဆက်ထား ဖို့ကိစ္စကိုလည်း ဥရောပသမ ဂ္ဂ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဘာလင်မြို့မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သူက ပြောခဲ့ပါတယ်။

အဲ့ဒီလိုထားမှာဟာ ယာယီသာဖြစ်နိုင်ပြီး အရင်တုန်းကထားတဲ့ သံတမန်အသိအမှတ်ပြုမှုပုံစံမျိုးနဲ့ မတူဘူးလို့လည်း သူက ပြောပါသေးတယ်။

လူသားချင်းစာနာမှု အကူအညီတွေဆက်ပေးဖို့ကာဘူးလေဆိပ် ဆက်အသုံးပြုခွင့်မရမှာကိုလည်း သူက စိုးရိမ်နေပါတယ်။

" လူသားချင်းစာနာမှုအကူအညီတွေနဲ့ ဆေးဝါးအကူအညီတွေ အာဖဂန်ကိုရောက်ဖို့က ဒီလေဆိပ်ကို ဆက်အသုံးပြုဖို့ က အရမ်းအ‌ရေးကြီးပါတယ်။ "