ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငတရံစစ်ဘေးရှောင်စခန်းမှာ ရိက္ခာမရှိလို့ မျှစ်နဲ့ဆန်ရောပြီး ကြိုသောက်နေရ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့ ဆုံရာအစပ်မှာ ရှိတဲ့ ငတရံကျေးရွာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ရိက္ခာမရှိတဲ့အတွက် မျှစ်နဲ့ ဆန်ကိုရောပြီး ကြိုသောက်နေကြရတယ်လို့ စစ်ဘေးရှောင်မိသားစုတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေတဲ့ မြတန်ဆောင်းဆရာတော်က ဘီဘီစီကိုမိန့်ကြားပါတယ်။
ငတရံစစ်ဘေးရှောင်စခန်းဟာ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့နယ်တို့အကြား နယ်ခြားမျဉ်းပေါ်က ငတရံကျေးရွာမှာတည်ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခု ဖြစ်ပါတယ်။
အဲ့ဒီစခန်းမှာနေထိုင်သူတွေဟာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မီးဝ၊ နှမဒါ၊ ဗွီဟုန်း၊ ခမောင်းဝ စတဲ့ကျေးရွာတွေအပါအဝင်ရွာပေါင်း ၁၁ ရွာကဒေသခံတွေဖြစ်ကြပြီး ထောက်ပံ့ကူညီမှုတွေမရရှိတာကြောင့် စားရေးသောက်ရေး အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်တယ်လို့သိရပါတယ်။
စစ်ရှောင်တွေအနေနဲ့ ပွင့်လင်းရာသီတွေမှာဆိုရင် တောတောင်တွေကိုသွားပြီး ထင်းခုတ်၊ ဝါးခုတ် စတဲ့ရရာအလုပ်တွေကိုလုပ်ကိုင်ပြီး ရှာဖွေစားသောက်လို့အဆင်ပြေခဲ့ကြပေမယ့် အခုနှစ်မိုးရာသီအစပိုင်းကနေ အစားဆန်ရေရှားပါးမှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
လက်ရှိမှာ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် လူသူအရောက်အပေါက်နည်းပါးသွားပြီး ရှာဖွေရရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ရောင်းချဖို့အခက်အခဲရှိတာကြောင့် ခဲရာခဲဆစ်ရရှိတဲ့ဆန် အနည်းငယ်ကို မျှစ်တွေနဲ့ရောပြီး ကြိုသောက်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည် မြိုအမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ကျွန်မက ကုလားတန်မြစ်ကြောင်းမှာရှိတဲ့ မီးဝရွာကပါ။ အခက်အခဲကတော့ မျှစ်နဲ့ ထမင်းနဲ့ကြိုပြီးစားနေကြရပါတယ်။ ကျွန်မတို့ဘယ်လောက် အခက်အခဲကြုံနေရလဲဆိုတာကြည့်ပါ။ ဒုက္ခခံနေရပါတယ်။ ဟိုသွားလည်းအဆင်မပြေ၊ ဒီသွားလည်းအဆင်မပြေဘူး။ လုပ်စားလို့လည်းအဆင်မပြေဘူး။ ဘယ်လောက်ထိ ငတ်မွတ်ခေါင်းပါးနေရလဲဆိုတာ သားသမီးတွေလည်းများတယ်" လို့ အဆိုပါအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ဘေးရှာင်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်ကစတင်ပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ကျေးရွာတွေကနေ ထွက်ပြေးခိုလှုံလာခဲ့ကြတဲ့ ကျေးရွာသားတွေဖြစ်ကြပါတယ်။
ရခိုင်နဲ့ချင်းနယ်စပ်တစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ဘေးလွတ်ရာကို ထွက်ပြေးကြရင်း အဲ့ဒီငတရံကျေးရွာကို ရောက်ရှိလာခဲ့ကြကာ အဲ့ဒီကျေးရွာအနီးမှာ ဒုက္ခသည်တွေအဖြစ်နဲ့နေထိုင်နေကြတာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။
ငတရံ ဒုက္ခသည်စခန်းမှာ ကုလားတန်မြစ်ရဲ့မြစ်လက်တက်ဖြစ်တဲ့ ပီချောင်းဖျားမှာ တည်ရှိပြီး ရခိုင်ပြည်နယ်ဘက်က သွားရင် ကျောက်တော်မြို့ကနေပြီး စက်လှေနဲ့ လေးနာရီကြာသွားရသလို သွားရေးလာရေး၊ ဆက်သွယ်ရေးအလွန်ခက်ခဲတာကြောင့် လူသူအရောက်အပေါက်နည်းပါးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
အဲ့ဒီစခန်းမှာ ရခိုင်၊ ချင်းနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်ကြတဲ့ မြို့၊ သက်၊ ခမီလူမျိုးတွေခိုလှုံနေကြပြီး သူတို့ခိုလှုံနေကြတဲ့ ငတရံကျေးရွာဟာလည်း အိမ်ခြေ ၈၀ ဝန်းကျင်လောက်သာရှိပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ကျေးရွာ ဖြစ်တာကြောင့် တစ်ဦးကိုတစ်ဦးကူညီပေးနိုင်တဲ့အခြေအနေမရှိကြဘူးလို့ သိရပါတယ်။
ငတရံစစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည်အိမ်ထောင်စုပေါင်း ၁၁၀ သာရှိပေမယ့် အဲဒီစခန်းဟာ အစိုးရတွေရဲ့အသိအမှတ် ပြုထားတဲ့စခန်းမဟုတ်တဲ့အတွက် ထောက်ပံ့ကူညီမှုတွေလည်းမရရှိကြဘဲ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နေထိုင်နေကြတာဖြစ်တယ်လို့ မြတန်ဆောင်းဆရာတော်က စခန်းရဲ့အခြေအနေတွေကို မိန့်ကြားပါတယ်။
အဲ့ဒီစစ်ဘေးရှောင်စခန်းက စစ်ဘေးဒုက္ခသည်တွေဟာ ပြည်နယ်နှစ်ခုရဲ့အကြားမှာတည်ရှိနေပေမယ့် နှစ်ဖက်အစိုးရတွေရဲ့ လျစ်လျူရှု ပစ်ပယ်ခြင်းခံနေကြရသလို သွားလာရေးခက်ခဲပြီး လူသိနည်းပါးတဲ့အတွက် အလှူရှင်တွေအနေနဲ့လည်း သွားရောက်ထောက်ပံ့မှုတွေမရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။
"ဒီစစ်ရှောင်စခန်းက အစိုးရဆီမှာ မှတ်ပုံတင်လို့မရှိဘူးဆိုတော့ အစိုးရက စစ်ရှောင်စခန်းတစ်ခုအဖြစ် အသိအမှတ်မပြုထားဘူး။ အဲ့ဒါကြောင့် ဘေးစီမံက ဘာမှအထောက်အပံ့အကူအညီမပေးဘူး။ ဘေးစီမံ(သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ) မပေးတော့ နိုင်ငံတကာအဖွဲ့တွေကလည်း သွားပြီးတော့ အကူညီပေးတာမရှိဘူး။ နောက်တစ်ခုက ဒီနေရာက အရမ်းသွားရေးလာရေးခက်ခဲတဲ့အခါကတော့ ဒေသတွင်းက ပရဟိတအဖွဲ့တွေလည်းမသွားကြဘူး။ ဆိုတော့ ကိုယ့်ဟာကို ဟင်း(ရွက်)ခူးလိုက်၊ မျှစ်ချိုးလိုက် အဲ့လိုလုပ်စားလာကြတာ၊ အခုပိုပြီးတော့ အခြေအနေဆိုးနေတယ်လို့ ဒုက္ခသည်တွေက ပြောကြတယ်" လို့ မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။
စခန်းမှာနေထိုင်လာတာ နှစ်နှစ်ခန့်ရှိနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည် အစစ်အမှန်တွေဖြစ်ကြပေမယ့် ဘာအကူအညီမှမရရှိကြသလို အခုလိုမျိုး ထမင်းကို မျှစ်နဲ့ရောကြိုပြီးစားသောက်နေကြရတဲ့ပေါ် ဝမ်းနည်းမိတယ်လို့ ပီချောင်းဝကျေးရွာကလာတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ထမင်းတစ်နပ်ကို ဆန်နို့ဆီဗူး ငါးလုံးစားတဲ့မိသားစုတစ်ခုဟာ အခုအခါ တစ်နပ်ကို ဆန်နှစ်ဗူးလောက်နဲ့စားသောက်ပြီး ရောင့်ရဲနေကြရတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာလည်း ရိက္ခာအထောက်အပံ့တွေမရရှိတဲ့အတွက် စားရေးသောက်ရေး အခက်အခဲနဲ့ကြုံနေကြရပြီး ပုံမှန်ထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း ထောက်ပံ့မှုတွေပြုလုပ်ရာမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေကြရတယ်လို့ သတင်းတွေကြားသိနေရပါတယ်။
မြတန်ဆောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေပြီးတော့ ငတရံစစ်ဘေးရှောင်စခန်းကို အခုနှစ်မိုးဦးရာသီက အမိုးအကာအတွက်ပစ္စည်းတွေနဲ့ ရိက္ခာပစ္စည်းတွေကို နှစ်ကြိမ်တိုင်တိုင်သွားရောက်လှူဒါန်းပေးခဲ့ပြီး အခုဒုက္ခသည်တွေ စားစရာမရှိဖြစ်နေတဲ့အခါမှာ နောက်ထပ်လှူဒါန်းပေးဖို့ ပြင်ဆင်နေပေမယ့် အကူအညီတွေမရရှိသေးတဲ့အတွက် ဘယ်နေ့သွားဖြစ်မယ်ဆိုတာကို မသိရသေးဘူးလို့ မြတန်ဆောင်းဆရာတော်က ဆိုပါတယ်။
စားရေးသောက်ရေးအခက်အခဲရှိနေသလို အဲ့ဒီကျေးရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းမရှိတဲ့အတွက် ပြီးခဲ့တဲ့မိုးဦးရာသီက စခန်းတစ်ခုလုံးဝမ်းရောဂါနဲ့ကြုံခဲ့ကြရတယ်လို့ မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။