ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားကို ရွှေ့ပြောင်းလာတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေ အဲ့ဒီက လူမှုအတားအဆီးတွေကို ဘယ်လိုကျော် ဖြတ်နေကြသလဲ
အိမ်ထောင်ပြုတဲ့ကိစ္စကို လူမှုတာဝန်တွေယူရတဲ့ ကြီးလေးတဲ့ ကိစ္စတစ်ခု အဖြစ် တောင်ကိုရီးယားမှာ သဘောထားတတ်ကြပါတယ်။
တောင်ကိုရီးယား အစိုးရက ၁၉၉၀ခုနှစ်က စလို့ မူဝါဒအသစ်တွေ ဖန်တီးချမှတ်ပြီး ကျေးလက်တောနယ်မှာနေတဲ့ မိန်းမရှာမရတဲ့ အမျိုးသားတွေကို နိုင်ငံရပ်ခြားတိုင်းပြည်တွေက အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုကြဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားက ရွေ့ပြောင်းလာတဲ့ အမျိုးသမီးတွေ အတွက် တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်နဲ့ လက်ထပ်ပြီး အဲ့ဒီမှာ သွားနေဖို့ဆိုတာကလည်း လွယ်ကူလှတဲ့ ကိစ္စမျိုး တော့ မဟုတ်ပါဘူး။ အိမ်တွင်းအကြမ်းဖက်မှုနဲ့ နှိပ်စက်ညှင်းပန်းခံရတာတွေနဲ့ပါ ကြုံရလို့ တိုင်ကြားခဲ့ရတာတွေ တောင်ရှိပြီး တစ်ချို့တွေဆို သူတို့ တောင်ကိုရီးယားကို ပြောင်းလာချိန်မှာ ဆိုးရွားတဲ့ အခက်ခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အမျိုးသမီးအများစုဟာ တောင်ကိုရီးယားဘာသာစကား ဘယ်လိုပြောရမလဲဆိုတာတောင် မသိဘဲ ရောက်လာကြပေမဲ့ အဲ့ဒီ အခက်အခဲတွေကို ကျော်ဖြတ်ပြီး တောင်ကိုရီးယား လူ့အဖွဲ့အစည်းထဲမှာ သတ်သတ်မှတ်မှတ် နေရာတစ်ခုရလာတဲ့အထိ ရောက်လာအောင် ကြိုးစားခဲ့ကြတဲ့ သူတွေလည်းရှိပါတယ်။
အခု တင်ပြပေးသွားမယ့်အကြောင်းအရာက အဲ့ဒီလူတွေထဲ တစ်ချို့အကြောင်း ဖြစ်ပါတယ်။
ရဲအရာရှိတောင် ဖြစ်လာတဲ့သူ
ကင်ဟာနာ သူ့အမျိုးသားနဲ့ နီပေါမှာ ပထမဆုံးစတွေ့ခဲ့တာက ကြားကနေ သူ့အဒေါ်က ချိန်းဆိုပေးခဲ့လို့ပါ။
လက်ထပ်ဖို့ ကိစ္စကို ၃ရက်အတွင်း အပြီး ဆွေးနွေးကြပြီးတော့ သူ့နဲ့ယူမယ့်သူ တောင်ကိုရီးယားကနေ နီပေါကို လေယာဥ်နဲ့ ရောက်လာပါတယ်။ နောက်တော့ အဲ့ဒီနှစ်ထဲမှာပဲ သူတို့တွေ တောင်ကိုရီးယားကို ပြောင်းသွားကြပါတယ်။
နီပေါနိုင်ငံထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးပြီး အကန့်အသတ်တွေရှိတော့ နီပေါလူငယ်တွေ နိုင်ငံခြားထွက် အိမ်ထောင်ပြု၊ အလုပ်လုပ်တဲ့ကိစ္စဟာ သိပ်အထူးအဆန်း မဟုတ်ဘူးလို့ သူ့အပြောအရ သိရပါတယ်။
တောင်ကိုရီးယားကို ရောက်ပြီး ၁၁နှစ် ကြာတဲ့အချိန် အခု လက်ရှိအချိန်မှာ သူဟာ ကိုရီးယားလူမျိုးမဟုတ်တဲ့ ရဲအရာရှိအနည်းငယ်ထဲမှာ ပါဝင်တဲ့ ရဲအရှာရှိ တစ်ယောက်တောင် ဖြစ်နေပါပြီ။
"ကျွန်မကို ဒေသခံကိုရီးယားတွေနဲ့ ယှဥ်ပြီး ရဲတစ်ယောက် ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ တွေးတဲ့လူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေ လိုက်တွေးနေဖို့ ကျွန်မမှာအချိန်မရှိဘူး" လို့ နိုင်ငံသားလျှောက်တုန်းက နီပေါ နာမည် ဆမီဟာနာရိုင်ကနေ နာမည်ပြောင်းထားတဲ့ အသက် ၃၁နှစ်ရှိ ကင်ဟာနာက ပြောပါတယ်။
"ရဲဝတ်စုံဝတ်ပြီး ခါးပတ်မှာ သေနတ်ချိတ်လိုက်ရင် ကျွန်မက ကိုရီးယားနဲ့ တူတူ မတူတူ ဘာကိစ္စမှ မရှိတော့ဘူး" လို့ လည်း သူကထပ် ပြောပါသေးတယ်။
သူဟာ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဌာနက အရာရှိတစ်ယောက် အဖြစ် နီပေါတွေနဲ့ တောင်ကိုရီးယားအသိုင်းအဝန်းကြားမှာ အလုပ်လုပ်ပေးနေပါတယ်။
လတ်တလောနှစ်တွေအတွင်း တောင်ကိုရီးယားနိုင်ငံကို ရောက်လာပြီး အဲ့ဒီက အမျိုးသားတွေနဲ့ လက်ထပ်တဲ့ အမျိုးသမီးအရေအတွက်က အရင်ကထက် နှစ်ဆပိုများလာပြီး၊ ၂၀၀၇ခုနှစ်တုန်းကရှိတဲ့ ၁၂၀ နဲ့ ၁၀၀ ကနေ ၂၀၁၉မှာ ၂၈၇ နဲ့ ၂၉၈ အထိရောက်လာတယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ လူမျိုးပေါင်းစုံ မိသားစု ထောက်ပံ့ရေးစင်တာက ထုတ်ပြန်တဲ့ စာရင်းတွေ အရ သိနိုင်ပါ တယ်။
ဒါပေမဲ့ ခွဲခြားဆက်ဆံမှုတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ အရှေ့နဲ့ တောင်အာရှက အမျိုးသမီးတွေကို ဇနီးသည်လုပ်ဖို့ စာနဲ့ မှာယူတာ သို့မဟုတ် ရောင်းချနေတဲ့ ကိစ္စကလည်း အခုထိ ဆက်ရှိနေပါသေးတယ်။
"ကျွန်မသားငယ်ငယ်လေးတုန်းက ဘတ်စ်ကားပေါ်ကို တက်တဲ့ အချိန်တုန်းက လူတစ်ယောက်က ဟေ့ ဗီယက်နမ် ဒီမှာလာထိုင်လို့ ခေါ်ခံရဘူးတာကိုလည်း မှတ်မိနေပါ သေးတယ်'" လို့ သူကြုံခဲ့ရတာကို ကင်ဟာနာက ပြန်ပြောပြ ပါတယ်။
ဒါပေမဲ့ ကင်ဟာနာဟာ အဲ့လိုမျိုးအတားအဆီးတွေကို ကျော်ဖြတ်ပြီး ယဥ်ကျေးမှုမတူတဲ့ နောက်ခံကလာတဲ့ လူတွေအတွက် ကိုရီးယား လူ့အဖွဲ့စည်းက တိုးတက်အောင်လုပ်ပေးနိုင်တယ်လို့ သဘောထားပြီး ကြိုးစားခဲ့ပါတယ်။
ကိုရီးယားအစိုးရက ၂၀၀၈ခုနှစ်ကစပြီး ယဥ်ကျေးမှုပေါင်းစုံ ထောက်ပံ့ရေးစင်တာ တစ်ခုကို ထူထောင်ပေးခဲ့ပါတယ်။
"အခုဆို ကိုရီးယားမှာ နိုင်ငံခြားကလာနေတဲ့ လူတွေအများကြီးရှိနေပါပြီ။ အလုပ်လုပ်နေတဲ့ အချိန်မှာလည်း မတူကွဲပြားတဲ့ လူမျိုးတွေ အများကြီးကိုပါ တွေ့နေရပါပြီ "လို့ သူက ပြောပါတယ်။
ရွေ့ပြောင်းလာသူတွေ အခွင့်အရေး ကာကွယ် လှုပ်ရှားသူ
ဝင်အိုခ်ကွမ် သူ့အမျိုသားနဲ့ စတွေ့တဲ့အချိန်က သူ့ မွေးရပ်နိုင်ငံ ဗီယက်နမ်နိုင်ငံမှာပါ။
အခုဆို လယ်သမားတစ်ယောက်သမီးဟာ အုပ်ချုပ်ရေး ဥပဒေနဲ့ မာစတာ ဘွဲ့ရသူတစ်ယောက်ဖြစ်နေပြီး ဆိုးမြို့ရဲ့ ဂုဏ်ထူးဆောင် မြို့တော်ဝန်အဖြစ်လည်း အပ်နှင်းခံခဲ့ရဖူးပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး ကိုရီးယားလူမျိုးမဟုတ်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ပေမဲ့ အနိုင်မရရှိခဲ့ပါဘူး။
အဲ့ဒီကြုံတွေ့မှု တွေကြားထဲကနေ သူ့ရဲ့ အလုပ်ကို ဆက်လုပ်နေပြီး ရွေ့ပြောင်းလုပ်သားတွေကို ခွဲခြား အနိုင်ကျင့်တိုက်ခိုက်တာတွေကို စောင့်ကြည့်နေတဲ့ အလုပ်ကိုလည်း တစ်ပြိုင်နက်တည်း ဆက်လုပ်နေပါတယ်။
အလုပ်ခွင်ထဲက အခြေအနေတွေကို မကျေနပ်ဆန့်ကျင်ဆန္ဒပြတဲ့ ဗီယက်နမ်အလုပ်သမားတွေ အဖမ်းခံခဲ့ရတုန်းက သူကူညီခဲ့ကိစ္စဟာ သူမအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့ပါတယ်။
"ဗီယက်နမ်မှာဆိုရင် ဒီလိုမျိုး အခြေအနေရောက်အောင် လုပ်နိုင်မယ်လို့ တွေးတောင် တွေးမိမှာမဟုတ်ဘူး ။ အလုပ်သမားတွေကိစ္စအနိုင်ရတာကို တွေ့လိုက်ပြီးတော့ တကယ့်အပြောင်းအလဲကို တောင်ကိုရီးယားမှာ ကျွန်မတို့ လုပ်နိုင်တယ်လို့ သဘောပေါက်ခဲ့ပါတယ်"လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေတွေရှိနေသလိုပဲ ကြားထဲက အနှောင့်အယှက်အတားအဆီးတွေလည်း သူ့အနေနဲ့ကြုံရပါတယ်။ လတ်တလောက ရွှေ့ပြောင်းလုပ်သားတွေ ဗီဇာသက်တမ်းတိုးပေးဖို့ လုပ်နေတုန်းမှာလည်း လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်ရဲ့ ယဥ်ယဥ်ကျေးကျေး မဆက်ဆံတာနဲ့ ကြုံရပါတယ်။
"ကျွန်မ ကိုတောင် အဲလိုမျိုးဆက်ဆံရင် အခြားရွှေ့ပြောင်းလုပ်သားတွေ ဘယ်လိုဆက်ဆံခရမလဲဆိုတာ တွေးကြည့်ကြည့်ပေါ့ရှင် "လို့ သူက ပြောပါတယ်။
စကားပြန် ဆရာမ
ကိုင်လာ အသက်၂၄နှစ် ၁၉၉၉ခုနှစ်မှာ ဖိလစ်ပိုင်ကနေ ဆိုးလ်မြို့ကို သူ ရောက်လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ကိုရီးယားစကားမတတ်လို့ သူ့ရဲ့ အမျိုးသား ကိုရီးယားနဲ့တောင် စကားကောင်းကောင်းမပြောနိုင်ခဲ့ ပါဘူး။
အဲ့ဒီ အချိန်က သူ့အနေနဲ့ နိုင်ငံရပ်ခြားကို ပထမဆုံးရောက်ဖူးခဲ့ တာဖြစ်ပြီး ပထမဆုံး အိမ်ထောင်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာရှိတဲ့ ပေါင်းစည်းခြင်း ခရစ်ယာန်ဘုရှားရှိခိုးကျောင်းကနေ တစ်ဆင့် သူတို့ ဆုံတွေ့ခဲ့ကြသလို အိမ်ထောင်ပြုပြီး နှစ်အနည်းငယ်ကြာမှာပဲ အိမ်ထောင်ရေးလည်း ပြိုကွဲခဲ့ရပါတယ်။
နောက်ပိုင်းမှာ သူ့ယောက်ျား အသောက်အစားလုပ်လာပြီး မိသားစုကို စွန့်ခွာ သူ့ကို ပေးရမယ့်ထောက်ပံ့ကြေးတွေနဲ့ ကလေး ၃ ယောက်အတွက် ထောက်ပံ့ကြေးတွေပါ ဆက်မပေးတော့ပါဘူး။
"ကျွန်မနဲ့ ကွာရှင်းဖို့ သူပြောတယ်။ ဒါပေမဲ့ ကွာရှင်းတဲ့ကိစ္စက ဖိလစ်ပိုင်မှာ လုပ်ကြတာမဟုတ်လို့ အစပိုင်းမှာတော့ ကျွန်မငြင်းခဲ့ပါသေးတယ်" လို့ သူကပြောပါတယ်။
မိသားစုကို သူ့ယောင်္ကျား ထောက်ပံ့ငွေမပေးဘဲ ထားသွားတဲ့နောက်ပိုင်း ကိုင်ရာဟာ စာသင်တဲ့ အလုပ်ရခဲ့ပါတယ်။
"တစ်နေ့လုံး နာရီတွေအများကြီး ကျွန်မ အလုပ်လုပ်ခဲ့ပေမယ့် တစ်ချို့နေ့တွေ ကျရင် ရေ ဖိုး မီးဖိုးတွေ ပေးဖို့အတွက် လုံလောက်တဲ့ ငွေလေးတောင် အိမ်ကို ပြန်ပါ မလာနိုင်ဘူး" လို့လည်း သူကြုံခဲ့ရတာကို ရှင်းပြ ပါသေးတယ်။
လက်ရှိအချိန်မှာတော့ ကိုင်လာဟာ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေအတွက် စကားပြန်လုပ်နေသလို တစ်ဖက်ကလည်း ရွှေ့ပြောင်းလာတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေကိုပါ အကြံပေးကူညီမှုတွေ လုပ်နေပါတယ်။
သူကူညီနေတဲ့ သူတွေဟာ မိသားစုတစ်ခု တည်ထောင်ဖို့ အိမ်ထောင်ပြုရ ယုံတင်မဟုတ်ဘဲ ယဥ်ကျေးမှုတစ်ခုနဲ့ပါ ပေါင်းဖက်နေရတာလို့ သူကပြောပါတယ်။ ယဥ်ကျေးမှုပေါင်းစုံ ထောက်ပံ့ရေးစင်တာ အကူအညီတွေမှာ အမျိုးသားတွေပါ တိုးပြီးပါဝင်လာနေပြီး အထောက်အပံ့ဖြစ်ကြောင်းလည်းသူက ပြောပါတယ်။
"ဖြစ်နေကျမဟုတ်တဲ့ လူမျိုးမတူတဲ့ မိသားစုတစ်ခု စတည်ဆောက်ဖို့ ကိုရီးယားအမျိုးသား တွေကိုလည်း ပညာပေးတာတွေလုပ် နေပါတယ်။ လို့သူ ကဆိုပါတယ်။"
ရှေ့လျှောက်မှာလည်း အခြားကိုရီးယားကလေးတွေလိုပဲ သူကလေးတွေကိုပါ အခွင့်အလမ်းတွေ တူတူရစေချင်တယ်လို့ ကိုင်လာက ပြောပါတယ်။
အခုဆို သူ့သမီး က K-Pop စတားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်နေသလို၊ သူ့သား အလတ်ကလည်း နည်းပညာကုမ္ပဏီတစ်ခုမှာ စအလုပ်လုပ်နေပါပြီ။ အကြီးဆုံးသားကတော့ မဖြစ်မနေ စစ်မှုထမ်းရမယ့် တာဝန်အရ ရေတပ်ထဲကို ရောက်နေပါတယ်။
"ကျွန်မကလေးတွေ ဘဝကောင်းလာဖို့ ကျွန်မလုပ်နိုင်တာတွေအားလုံး လုပ်ပေးပြီး သွားပါပြီ။" လို့ သူက ပြောပြပါတယ်။
(မူရင်းနာမည်ကို ပြောင်းထားပါတယ်)