ကိုဗစ်ကိစ္စ စီမံမှုကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေအပြီး တူနီးရှားဝန်ကြီးချုပ် ရာထူးက ထုတ်ခံရ

တူနီးရှားနိုင်ငံမှာ တနင်္ဂနွေနေ့က တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးနောက် တူနီးရှားသမ္မတက ဝန်ကြီးချုပ်ကို ရာထူးကထုတ်ပယ်လိုက်ပြီး လွှတ်တော်ကိုပါ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

တူနီးရှားအစိုးရရဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံတွေကို လူတွေက အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့ကြပြီး အဲ့ဒီကနေ စီးပွားရေးနဲ့ လူမှုရေး မတည်မငြိမ်မှုတွေပါ နောက်ဆက်တွဲ ဆက်ဖြစ်လာခဲ့ပါတယ်။

တူနီးရှား အစိုးရရဲ့ အာဏာအလုံးစုံကို သူထိန်းချုပ်လိုက်ပြီလို့ ၂၀၁၉ခုနှစ်တုန်းက ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတကိုင်စ်ဆေးဒ် ကြေညာခဲ့ပါတယ်။

သူ အာဏာထိန်းချုပ်လိုက်တာကို သူ့ကို ထောက်ခံသူတွေက အောင်ပွဲခံကြပေမယ့် လွှတ်တော်ထဲမှာရှိတဲ့ အတိုက်အခံတွေကတော့ အာဏာသိမ်းလိုက်တာလို့ ချက်ချင်း စွပ်စွဲကြပါတယ်။

၂၀၁၁ တုန်းက ဖြစ်ပွားခဲ့တဲ့ တူနီးရှားတော်လှန်ရေးဟာ ဒေသတွင်း အာရပ်နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုတစ်ခုလို ဆိုကြပေမဲ့ တူနီးရှား နိုင်ငံရဲ့ စီးပွားရေး သို့မဟုတ် နိုင်ငံရေး တည်ငြိမ်မှုတွေတော့ ဖြစ်မလာခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးတဲ့ကိစ္စ အလွဲလွဲအချော်ချော်တွေ ဖြစ်ပွားခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီး အလုပ်ထုတ်ခံခဲ့ရသလို အစိုးရရဲ့ ကိုင်တွယ်ပုံကို မကျေမနပ်ဖြစ်ပြီး ဆန္ဒပြပွဲတွေ ဖြစ်လာတဲ့အထိ ဦးတည်သွားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့ကာ ထောင်နဲ့ချီတဲ့ ဆန္ဒပြ သမားတွေက ဝန်ကြီးချုပ် ဟီချမ်မီချီချီကို ရာထူးက နှုတ်ထွက်ဖို့တောင်းဆိုခဲ့ပြီး အာဏာရပါတီ အလယ်အလတ်လမ်းစဥ် အစ္စလမ် အီနာဒါပါတီ ကိုလည်း အလိုမရှိဘူးလို့ ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

ဆန္ဒပြသမားတစ်ယောက်ဖြစ်တဲ့ လမီယာ မီဖ်တာဟီကလည်း ဒီအချိန်ဟာ "တော်လှန်ရေးပြီးနောက်ပိုင်း အပျော်ဆုံးအချိန်"လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

တူနီးရှားနိုင်ငံ မြို့တော် တူးနစ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက လွှတ်တော်နေရာနဲ့ Avenue Bourguiba နေရာတစ်ဝိုက်ကို ပိတ်ဆို့ထားပါတယ်။

ဆန္ဒပြသမားတွေက အီနာဒါပါတီ ရုံးတွေကို ဝင်စီး ကွန်ပျုတာတွေကို ရိုက်ခွဲကြပြီးTouzeurက ဒေသပါတီရုံးချုပ်ကိုပါ မီးရှို့ခဲ့ကြပါတယ်။

တူနီးရှားနိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းမဖြစ်ခင်အထိ ၊တိုင်းပြည်ကို ကယ်တင်ပြီးတဲ့ အချိန်ထိ တိုင်းပြည်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ထိန်းချုပ်ထားမယ်လို့ သမ္မတကိုင်စ်ဆေးဒ်က တီဗီမိန့်ခွန်းတစ်ခုမှာ ပြောထားပါတယ်။

နောက်ပိုင်းမှာ သူကိုယ်တိုင်လည်း တူးနစ်မြို့က အောင်ပွဲခံနေတဲ့ လူအုပ်ကြီးနဲ့ အတူ သွားရောက် ပူးပေါင်းခဲ့ပါတယ်။

ပြီးတော့ အကြမ်းဖက်မှုတွေ ထပ်လုပ်လာတဲ့သူတွေကို စစ်တပ်နဲ့ နိုမ်နင်းသွားမယ်လို့ သမ္မတကိုင်စ်ဆေးဒ်က ပြောခဲ့ပါတယ်။

"လက်နက်အားကိုးချင်တဲ့သူတွေ၊ ဘယ်သူ့ဆီကပဲ ကျည်တစ်ထောင့် ထွက်လာထွက်လာ အဲ့ဒီသူတွေအားလုံး ကို စစ်တပ်က ကျည်ဆန်နဲ့ လက်တုံ့ပြန်သွားမယ်" လို့ သူက ပြောထားပါတယ်။

အာဏာသိမ်းတာလို့ စွပ်စွဲမှုများရှိနေ

တူနီးရှားမှာ သမ္မတနဲ့ လွှတ်တော်ကို တစ်နိုင်ငံလုံးက လူထုမဲနဲ့ ရွေးချယ်ရပါတယ်။ တူနီးရှားအခြေခံ ဥပဒေအရ သမ္မတက စစ်တပ်နဲ့ နိုင်ငံခြားရေးကိစ္စတွေကိုသာ ကြီးကြပ်ကွပ်ကဲ ခွင့်ရပါတယ်။

ဒါပေမဲ့ သမ္မတကိုင်စ်ဆေးဒ်ဟာ ဝန်ကြီးချုပ် မီချီချီနဲ့ အဆင်မပြေဖြစ်နေတာ အတော်ကြာနေပါပြီ။

အခုတော့ တူနီးရှားအစိုးရအာဏာကို သမ္မတကိုင်စ်ဆေးဒ် တစ်ဦးတည်း ချုပ်ကိုင်လိုက်ပြီး ဝန်ကြီးချုပ်သစ်တစ်ယောက်နဲ့ ပူးတွဲ အုပ်ချုပ်၊ လွှတ်တော်ကိုလည်း ရက် ၃၀ အကြာ ယာယီရပ်ဆိုင်းထားမယ်လို့ မစ္စတာဆေးဒ်က ပြောပါတယ်။

တိုင်းပြည် အန္တရယ်ကျရောက်တော့မယ့်အချိန် ရောက်လာတော့မှာဖြစ်လို့ တူနီရှား အခြေခံ ဥပဒေထဲမှာပါတဲ့ အပိုဒ်ခွဲ ၈၀ အရ သူ့အနေနဲ့ လွှတ်တော်ကို ရပ်ဆိုင်းခွင့်ရှိတယ်လို့လည်း ပြောနေပါတယ်။

ဒါပေမဲ့ တူနီးရှားနိုင်ငံရဲ့ တရားဝင်အုပ်ချုပ်မှုနဲ့ နိုင်ငံ‌‌ရေး မူဘောင်တွေက အသေအချာ အတိအကျမရှိဘူး ဖြစ်နေပါတယ်။

ဒီလိုမျိုး နိုင်ငံရေးအငြင်းပွားမှုတွေ အဆုံးသတ်နိုင်အောင် အထူးတရားရုံး ခေါ်ဆုံးဖြတ်ဖို့ ၂၀၁၄ အခြေခံဥပဒေမှာ တောင်းဆိုထားပေမယ့်လည်း အခုထိဖြေရှင်းနိုင်တာ မရှိသေးပါဘူး။

"သမ္မတက တော်လှန်ရေးနဲ့ အခြေခံဥပဒေကိုဆန့်ကျင်ပြီး အာဏာသိမ်းလိုက်တာ" လို့ တူနီးရှားလွှတ်တော်ဥက္ကဋ္ဌ ရာချက်ဂါနိုချီက စွပ်စွဲထားပါတယ်။

"အီနာဒါ ပါတီ ထောက်ခံသူတွေ၊ တူနီးရှားပြည်သူတွေနဲ့ အတူ ပူးပေါင်းပြီး တော်လှန်ရေးအတွက် ကာကွယ်သွားမယ်" လို့ အီနာဒါ ပါတီခေါင်းဆောင် ဂါနိုချီက ပြောနေပါတယ်။

အခြားပါတီ ၂ပါတီဖြစ်တဲ့ တူနီးရှား နှလုံးသားပါတီနဲ့ ကာရာမာပါတီတို့ကလည်း ဒါဟာ အာဏာသိမ်းတဲ့လုပ်ရပ်လို့ ပြောနေပါတယ်။

သူတို့ ပါတီရုံးတွေကို ဝင်ရောက်တိုက်ခိုက်တာကို အီနာဒါ ပါတီက စွပ်စွဲရှုတ်ချထားပြီး၊ ဖျက်ဆီးမှုတွေနဲ့ မတည်မငြိမ်ဖြစ်အောင် ရာဇဝတ်ဂိုဏ်းပုံစံမျိုးတွေလုပ်နေတာ လို့ အပြစ်တင်နေပါတယ်။