ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်ထဲ အခုရက်ပိုင်းရောက်လာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဘာတွေလဲ
မြန်မာနိုင်ငံထဲကို တရုတ်ကိုဗစ် ကာကွယ်ဆေးတွေ အခုရက်ပိုင်း ထပ်ရောက်လာကြပြီး ကာကွယ်ဆေးတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ဒေသတွေမှာ ထိုးလာကြတာကို တွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်(SSPP/SSA) ထိန်းချုပ်နယ်မြေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့က စထိုးနေပြီ ဖြစ်တယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်က ဘီဘီစီကို ပြောပါတယ်။
ကာကွယ်ဆေးကို လူ ၅ သိန်း ထိုးနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သူကပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ကစပြီး ရှမ်းမြောက်ပိုင်းက (SSPP/SSA) ဌာနချုပ် အနီးတစ်ဝိုက်ကျေးရွာတွေကို စထိုးတာဖြစ်ပြီး ဒုတိယ အဆင့်အနေနဲ့ ဒေသခံပြည်သူတွေကို ထိုးပေးဖို့ရှိတယ်လို့လည်း သူက ရှင်းပြပါတယ်။
မိုင်းရှူး၊မိုင်းရယ်၊ကျေးသီး ၊ကျောက်မဲ၊တန့်ယန်း၊သီပေါ ၊နန့်မလန်၊လားရှိုး စတဲ့ မြို့နယ်တွေကိုလည်း ထိုးပေးဖို့ လျာထားတယ်လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ (SSPP/SSA ) က ကိုဗစ်ကာကွယ်ဆေးဆိုပြီး ထိုးပေးနေတဲ့ဆေးကတော့ Adenovirus ဆိုတဲ့ ဆေးဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီဆေးက ကိုဗစ် ကာကွယ်ဆေးထဲမှာ ပါဝင်ကြောင်း နဲ့ တရုတ်နိုင်ငံထုတ်ဆေးကို စမ်းသုံးတာဖြစ်ကြောင်း သူကပြောပါတယ်။
ရှမ်းပြည်နယ်မှာ(SSPP/SSA) က အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အာရှနိုင်ငံတွေမှာ အသုံးများတဲ့ ဆိုင်နိုဗက် နဲ့ ဆိုင်နိုဖန်း ဆေး မဟုတ်သလို ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး WHO က အသိအမှတ်ပြုထားတာမျိုးတော့ မရှိသေးပါဘူး။
ဒါအပြင့် တခြား တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာလည်း တရုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးဖို့လုပ်နေတဲ့ ဆိုတဲ့ သတင်းတွေလည်း တွေ့ရပါတယ် ။
အဲ့ဒီ့ဒေသတွေမှာ ထိုးမဲ့ဆေးတွေက ဘာဆေးတွေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အာရှနိုင်ငံတွေတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးပေးရာမှာ တရုတ်နိုင်ငံထုတ်ဆေးတွေဟာ အဓိက အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။
အာရှမှာ တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ဒါမှမဟုတ် ဆိုင်နိုဖမ်း ကာကွယ်ဆေးတွေကို လူသန်းနဲ့ချီက ထိုးပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင် သီတင်းပတ်တွေ အတွင်းမှာတော့ ဒီကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေထဲက ဆိုင်နိုဖမ်းနဲ့ဆိုင်နိုဗက် နှစ်မျိုးလုံးဟာ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ရဲ့ အရေးပေါ်လိုအပ်ချက်မှာ သုံးဖို့အတွက် ခွင့်ပြုချက်ရထားတဲ့ ကာကွယ်ဆေးတွေလည်း ဖြစ်ပါတယ်
တရုတ်နိုင်ငံကနေ စစ်ကောင်စီက မှာယူထားတဲ့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆိုင်နိုဖမ်းနဲ့ဆိုင်နိုဗက်တို့နှစ်မျိုးထဲက တချို့ဟာဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ညနေမှာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဇူလိုင်လ ၂၂ ရက်မ ဒီကနေ့ ညနေမှာ အလုံးရေ ၇ သိန်းခွဲရောက်ရှိလာတယ်လို့ ကျန်းမာရေးနဲ့ အားကာစားဝန်ကြီးဌာနက တာဝန်ရှိသူက အတည်ပြုပြောဆိုပါတယ်။
မြန်မာနိုငံနဲ့အိမ်နီးချင်း တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးထဲက တစ်မျိုးကို အလုံးရေ နှစ်သန်းစီနဲ့ လေးသန်းကို မြန်မာနိုင်ငံက ဝယ်ယူဖို့ မှာထားသလို တရုတ်အစိုးရကလည်း အလုံးရေ နှစ် သန်း လှူဒါန်းဖို့ရှိပါတယ်။
မြန်နိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို KIO ထိန်းချုပ်နယ်မြေတွေနဲ့ ရှမ်းမြောက်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်တဲ့နယ်မြေတွေမှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထိုးခဲ့ပါတယ်။
တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက်နဲ့ ဆိုင်နိုဖမ်း ကာကွယ်ဆေးတွေဟာ ကိုဗစ် လက္ခဏာ ပိုးကူးစက်မှုတွေကို ကာကွယ်ရာမှာ ၅၀% ကနေ ၇၉% အထိ ထိရောက်မှု ရှိတယ်လို့ ကမ္ဘာတစ်၀န်း လက်တွေ့ စမ်းသပ်မှုတွေမှာ တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကြောင့် ဆေးရုံတက် ကုသမှုခံယူရသူတွေ ဒါမှမဟုတ် သေဆုံးမှုတွေကို ကာကွယ်ရာမှာတော့ ထိရောက်မှု အများကြီး ရှိနေဆဲ ဖြစ်ပါတယ်
NLD အစိုးရလက်ထက်ကတော့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးကာကွယ်ဆေး ၂ သန်းကျော်မှာယူခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေကို ပထမ ဦးစားပေး သတ်မှတ် ထိုးပေးခဲ့ပါတယ်၊ သူတို့ရဲ့နောက်မှာတော့ နိုင်ငံဝန်ထမ်းတွေ၊ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေကို ထိုးပေးဖို့ သတ်မှတ်ထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှ ၁၈ နှစ်အထက် လူဦးရေ သန်း ၄၀ နီးပါးရှိပြီးအဲဒီထဲက သန်း ၂၀ နီးပါးကို ၂၀၂၁ ခုနှစ်မကုန်မီ ကာကွယ်ဆေးထိုးနိုင်ဖို့ လျာထား ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တာဝန် ရှိသူတွေက ပြောပါတယ်။
ဇူလိုင်လ ၂၃ ရက်နဲ့ ၂၄ ရက် နဲ့ သြဂုတ်လထဲမှာလည်း တရုတ်ကာကွယ်ဆေးတွေ ထပ်ရောက်လာဖို့ ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။
ကိုဗစ် ကာကွယ်ဆေးထိုးထားပြီးသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ် ကူးစက်ခံရတာရှိပေမဲ့ ရောဂါ ပြင်းပြင်းထန်ထန် မခံစားရကြောင်းနဲ့ အောက်ဆီဂျင်ရှူစရာမလိုဘဲ ပြန်လည် သက်သာလာတာတွေ့ရကြောင်းလည်း ကလေးဝမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။