ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခပ်စိပ်စိပ်ဖြစ်လာတဲ့ နိုင်ငံအနှံ့ ဗုံးကွဲမှု နဲ့ သေနတ်ပစ်မှုများ
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက နေရာဒေသ အချို့မှာ ဗုံးတွေပေါက်တာ ခပ်စိပ်စိပ်ဖြစ်လာသလို မြို့ပေါ်တွေမှာ သေနတ်နဲ့ ပစ်ခံရတဲ့ လူသေဆုံးမှုတွေ မေလ ၂၇ ရက်နေ့က ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်မြို့ပေါ်က သာကေတ အပါအဝင် မြို့နယ်အချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သာကေတက ရာအိမ်မှူးတစ်ဦးနဲ့ ဘီးလင်းက ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌတို့ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
သာကေတမှာ ဗုံးတွေ ခြောက်ကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့ပြီးတော့ သာကေတ ၊ ၁၀ ရပ်ကွက်က အမှတ် ၂ ရဲစခန်းအနီးမှာလည်း နှစ်ကြိမ်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် အင်းစိန် ကညနရုံး၊ သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံး နဲ့ အရှေ့ဒဂုံတို့မှာလည်းပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
သာကေတမှာတော့ မေလ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်မှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီးတဲ့အချိန် မာန်ပြေ ၃ ရပ်ကွက် လမ်း ၂၀ ထဲက ရာအိမ်မှူး ဦးဘုန်းငွေဟာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ကလည်း လမ်းမတော် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ဗုံးပေါက်ကွဲမှုအပြီးမှာ သေနတ်ဒဏ်ရာနဲ့ ဦးခေါင်းကိုထိမှန်ပြီး သေဆုံးခဲ့ပြီး အခု သာကေတ ၃ ရပ်ကွက် ရာအိမ်မှူးကလည်း သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၇ ရက် ၊ မနက် ၈နာရီကျော်မှာလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနဲ့ ဇနီးကို သေနတ်နဲ့ပစ်ခတ်တာကြောင့် ဦးမြင့်ဆွေ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။
သူတို့ဟာ အလူးလေးရွာနဲ့ ဝင်းပြန်ရွာအနီးက သူတို့ပိုင် ကျွဲကောခြံကို ဆိုင်ကယ်နဲ့သွားရာမှာ လမ်းခွဲတစ်နေရာအရောက် ဆိုင်ကယ်ကိုတားပြီး သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
အခုချိန်ထိ ပစ်ခတ်သွားသူတွေရဲ့သတင်းကို မသိရသေးဘဲ အလူးလေးရွာနဲ့ ဝင်းပြန်ရွာဘက်ခြမ်းတွေမှာ စစ်ဆေးနေပြီး ဘီးလင်းမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပဲလို့ ဆိုပါတယ်။
မကွေးမြို့မှာ လည်း ဆရာဝန်ကြီးတစ်ဦး သေနတ်ပစ်ခံရလို့ မျက်လုံးပျက်စီးခဲ့ပြီး နေပြည်တော်မှာ ကုသမှုခံယူနေရပါတယ်။
မနေ့ည မေလ ၂၆ ရက်နေ့ညက လူတွေ အနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ စစ်ကောင်စီ သတင်းပေးတွေနဲ့ နီးနီးကပ်ကပ် မနေဖို့ ရန်ကုန်နဲ့ မကွေးကလူငယ် အဖွဲ့တွေက သတိပေးစာ ထုတ်ပြန်တာရှိခဲ့ပါတယ်။
စစ်ကောင်စီ သတင်းပေးလို့ ပြောဆိုခံရသူတွေကို တိုက်ခိုက်မှုတွေရှိနေသလို ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကောင်စီက ကြိုးစားနေချိန်မှာ ကျောင်းတွေမှာ ဗုံးပေါက်တာ၊ ဗုံးတွေ့တာတွေလည်း ရှိနေပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ်က မူလတန်းကျောင်းနဲ့ သင်္ဃန်းကျွန်း အမှတ် ၆ အလယ်တန်းကျောင်းမှာ မေလ ၂၇ ရက်နေ့က ဗုံးတွေ့တာတွေရှိခဲ့ပါတယ်။
ဒါအပြင် မေလ ၂၇ ရက်နေ့ မနက်ပိုင်းက ဘီးလူးချောင်းရေအားလျှပ်စစ်ရုံးက စက်ရုံမှူးရုံးလည်း မီးလောင်ခဲ့ပါတယ်။
မေလ ၂၅ ရက်နေ့က လည်း သင်္ဃန်းကျွန်းက မင်္ဂလာဆောင်တစ်ခုမှာ ဗုံးပေါက်ပြီး သတို့သမီး အပါအဝင် လူ ၃ ဦးသေဆုံးခဲ့တယ်လို့ သင်္ဃန်းကျွန်းဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှု ရက်ပေါင်း ၁၀၀ ကျော်လာပြီးနောက်မှာ တော့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် လူ၈၀၀ ကျော်သေဆုံးခဲ့သလို လူ၅၀၀၀ ကျော်ဖမ်းဆီးထိမ်းသိမ်းခံထားရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကပြောပါတယ်။
မြန်မာ စစ်တပ်ဘက်ကတော့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသူ ဟာ ၃၀၀ ဝန်းကျင်လောက်ပဲရှိမယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်ပိုင်း Phoenix ရုပ်သံ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံအနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုတွေ၊ သေနတ်သံတွေနဲ့ တိုက်ပွဲတွေရှိနေပြီး ချင်းပြည်နယ် ၊ကယားပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ဘေးရှောင်နေသူ သောင်းနဲ့ချီပြီး တိုးလာနေပါတယ်။
ဗုံးပေါက်ကွဲမှုတွေနဲ့ သေနတ်ပစ်ခံရပြီး သေဆုံးမှုတွေ ရှိနေသလို မြန်မာနိုင်ငံကို တင်ပို့မယ့် လက်နက်တွေကို ထိုင်းအာဏာပိုင်တွေ က မေလ ၂၇ ရက်ညနေပိုင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ဖမ်းမိထားကြောင်း ထိုင်းနိုင်ငံက ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဖမ်းမိထားတဲ့ လက်နက်တွေထဲမှာ ပစ္စတို ၁၃ လက်၊ သေနတ်အရှည် ၁၄ လက်အပါအဝင် ကျည်ဆန်ပေါင်း ငါးသောင်းနီးပါး ပါဝင်တယ်လို့ ချင်းရိုင်ခရိုင် အကောက်အခွန်အရာရှိများက သတင်းထုတ်ပြန်တယ်လို့လည်း သိရပါတယ်။
လက်နက်တွေကို ထိုင်းအာဏာပိုင်တွေက မယ်ဆိုင်မြို့ စစ်ဆေးရေးဂိတ်မှာ မြန်မာလူမျိုးကားဒရိုင်ဘာ မောင်းလာတဲ့ကားအတွင်း ဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ နေ့ကလည်း သုဝဏ္ဏမှာ ကားပေါ်ကနေ ပန်းခြံထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပါတယ်။
မေလ ၂၇ ရက်နေ့ သာကေတ ပေါက်ကွဲမှု၊ရာအိမ်မှူး သေနတ်ပစ်ခံရမှု ၊ဘီးလင်းက ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ သေနတ်ပစ်ခံရမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
နှစ်ပေါင်းများစွာ ဗုံးသံ သေနတ်သံတွေနဲ့ အလှမ်းဝေးနေတဲ့ ရန်ကုန်လို့ မြို့ကြီးမှာ နေ့စဥ်ရက်ဆက်နီပါး ဗုံးသံ သေနတ်သံတွေကြားနေရလို့ နားယဥ်နေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် စိုးရိမ်မှုတွေရှိနေလို့ မြန်မာနိုင်ငံကနေ အခြားနိုင်ငံတွေကို ပြောင်းရွှေ့နေထိုင်ဖို့ စီစဥ်နေကြ သူတွေလည်း ရှိနေပါတယ်။
ရန်ကုန် နဲ့ မြန်မာနိုင်ငံအနှံ့က အေးချမ်းခဲ့တဲ့ဒေသတွေဟာ စစ်မြေပြင်လို ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ စစ်ဘေးရှောင်နေသူတွေက ဘီဘီစီကို ပြောပါတယ်။