ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့သတင်းလွတ်လပ်ခွင့် ခရောင်းလမ်း
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၃ လ အတွင်း သတင်းသမား၈၀ ကျော် တရားစွဲခံထားရပြီး တစ်ဝက်ကျော်က ဖမ်းဆီးထိန်းသိမ်းခံထားရသလို သတင်းဌာန ၇ ခုခန့်လည်း လိုင်စင်တွေပိတ်သိမ်းခံခဲ့ရပါတယ်၊ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းမီဒီယာတွေကို စတုတ္တမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေနဲ့ အညီ လုပ်မယ်လို့ ပြောခဲ့ပါတယ်။
'ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီ' ဆိုတဲ့ သတင်းအမှားဟာ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့သွားခဲ့ပြီး လက်ခုပ်တွေတီးကြ၊ တချို့နေရာတွေဆို လမ်းပေါ်ထွက်ပြီးတောင် ကကုန်ကြပါတယ်။
အင်တာနက်ဖြတ်တောက်ခံရတဲ့အချိန်မှာ သတင်းမှားလား၊သတင်းအမှန်လား ဆိုတာသိရဖို့ သတင်းဌာနတွေဆီ သွားကြည့်လို့မရတော့ဘဲ သတင်းအမှောင်ကျကုန်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ဟာ စစ်အာဏာသိမ်းတာကို ရန်ကုန်မှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ နေ့ပါ။ အဲ့ဒီနေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီက အင်တာနက်ကိုဖြတ်တောက်လိုက်ပါတယ်။ အင်တာနက်ဖြတ်တာ တစ်ညမကူးခင်မှာဘဲ ကောလာဟလတွေနဲ့ သတင်းအမှားတွေရဲ့ ဒဏ်ကို ပြည်သူတွေ ခံလိုက်ရတာလည်း ဖြစ်ပါတယ်။
အရှိန်ကောင်းလာတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေက သတင်းဌာနတွေရဲ့ ဦးစားပေးသတင်းဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီဘက်ကတော့ သတင်းဌာနတွေကို ပိတ်ပစ်တာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
အကျိုးဆက်အဖြစ် မေလ ၃ ရက်မှာကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ကျဆင်းခဲ့ပြန်ပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာက အဆင့် ၁၄၀ ဖြစ်ပါတယ်။
အာဏာရှင်တို့ရဲ့နည်းဟောင်း
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့စဥ်ကတည်းက သတင်းစာတိုက်တွေကို ပိတ်သိမ်းပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချခဲ့ပြီး လက်ရှိအာဏာသိမ်းခေါင်းဆောင်တွေကလည်း ဒီနည်းဟောင်းကိုပဲ ပြန်သုံးပါတယ်။
အာဏာသိမ်းထားတဲ့ ၃ လအတွင်း သတင်းသမား ၈၀ ကျော် တရားစွဲခံထားရပြီး တစ်ဝက်လောက်က ဖမ်းဆီးထိန်းသိမ်းခံထားရဆဲပါ။ဆန္ဒပြပွဲတွေမှာ သတင်းယူရင်း အဖမ်းခံရတာရှိသလို အိမ်ကို လာဖမ်းတာလည်းရှိပါတယ်။ သတင်းစာတိုက်ကို ဝင်စီးရင်း အဖမ်းခံရတာတောင်ပါပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းမီဒီယာတွေကို စတုတ္တမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေနဲ့ အညီ လုပ်မယ်လို့ ပြောထားခဲ့သေးတာပါ။
ဒါပေမဲ့ လက်တွေ့မှာတော့ 'အာဏာသိမ်း'တာလို့ မသုံးနှုန်းဘဲ 'အာဏာထိမ်း' တာလို့ သုံးဖို့ ပြောပြီး သတင်းစာတွေအပေါ် ပထမဆုံးအကြိမ် ထိန်းချုပ်ဖို့ကြိုးစားပါတယ်။ ဒါ့အပြင် ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာတွေ မလုပ်ဖို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက စာပို့ပါတယ်။
မီဒီယာတွေက အာဏာသိမ်းတာလို့ပဲဆက်သုံးပြီး အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြတဲ့သတင်းတွေကို ဆက်လက်ဖော်ပြခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပြည်တွင်းသတင်း ဌာနတွေဖြစ်တဲ့ 7days ၊ ရုပ်သံလိုင်းတွေဖြစ်တဲ့ DVB၊ Mizzima နဲ့ အွန်လိုင်းမီဒီယာ တွေဖြစ်တဲ့ မြန်မာနောင်း၊ ခေတ်သစ် စတဲ့ မီဒီယာ ၅ခုကို စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကနေ ထုတ်ဝေခွင့်လိုင်စင်တွေ မတ် ၈ ရက်နေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။
7Days ကလွဲရင် ကျန်တဲ့သတင်းဌာနတွေက သတင်းတွေ ဆက်တင်လျက်ရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဧရာဝတီသတင်းဌာနကိုလည်း တရားစွဲထားပါသေးတယ်။
ကချင်ပြည်နယ်မှာ KIA နဲ့တိုက်နေတဲ့ စစ်တပ်ဟာ ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်ကို ပါထပ်ပိတ်ပစ်ပါတယ်။
ဒါ့အပြင် Voice of Myanmar (VOM) အယ်ဒီတာချုပ်နဲ့ သတင်းထောက်ကို ထိမ်းသိမ်းထားလိုက်လို့ VOM လည်းရပ်လိုက်ရပါတယ်။
သတင်းထောက်တွေကိုဖမ်းဆီးပြီး သတင်းဌာနတွေကို ပိတ်သိမ်းတဲ့အခြေအနေက ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ အဆိုးဆုံးအခြေအနေလို့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကသုံးသပ်ပါတယ်။
' အာဏာရှင်အစိုးရပဲဖြစ်ဖြစ် ရွေးကောက်ခံအစိုးရပဲဖြစ်ဖြစ် မီဒီယာကို အနည်းနဲ့အများ ဖိနှိပ်ကြတာပါပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ အဆိုးဆုံးပဲ' လို့ သူကပြောပါတယ်။
မအောင်မြင်သော သတင်းအမှောင်ချမှု
မီဒီယာတိုက်တွေကို ထုတ်ဝေခွင့်တွေလိုင်စင်တွေ ပိတ်သိမ်းလိုက်လို့ သတင်းမီဒီယာသမားတချို့ အလုပ်လက်မဲ့ဖြစ်သွားတာကလွဲလို့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်ဟာ မအောင်မြင်ပါဘူး။
စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင့်ဖမ်းဆီးမှုတွေကြောင့် သတင်းသမားတွေ သတင်းဖြစ်တဲ့နေရာကို အလွယ်တကူ မသွားရောက်နိုင်တော့ပေမဲ့လို့ သတင်းတွေကို ပုံမှန်ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။
လူမှုကွန်ရက်ကို တွင်တွင်ကျယ်ကျယ်သုံးတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေကိုယ်တိုင် ဖုန်းနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ပြီး သတင်းမီဒီယာတိုက်တွေဆီ ဆက်သွယ် သတင်းပို့ကြတဲ့အတွက်ပါ။
သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တင်ကြပါတယ်။ အားကောင်းလာတဲ့ Citizen Journalists တွေနဲ့ ထင်ရှားကျော်ကြားသူတွေကနေ သတင်းစီးဆင်းမှုတွေကိုရပ်တန့်ဖို့ ကြိုးစားလာပြန်ပါတယ်။
FACEBOOK သုံးလို့မရအောင် ပိတ်ပင်ပါတယ်။
အနုပညာရှင်တွေ၊ထင်ရှားကျော်ကြားသူတွေနဲ့ လူမှုကွန်ရက်အသုံးပြုသူ ရာချီကို ဖမ်းဝရမ်းထုတ်ပါတယ်။
တစ်ပြိုင်ထဲမှာပဲ မိုဘိုင်းအင်တာနက်တွေနဲ့ ဝိုင်ဖိုင်တွေကိုပါ ဖြတ်တောက်ပြန်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ကနေ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ အင်တာနက်ကို ညသန်းခေါင်ကျော် ကနေ မနက် ၉ နာရီအါထိ ရက်သတ္တပါတ်နဲ့ချီပြီး ဖြတ်တောက် ထားခဲ့ပါသေးတယ်။
စစ်ကောင်စီက အင်တာနက်ကို ထိန်းချုပ်ဖြတ်တောက်လိုက်တဲ့အချိန်မှာ သတင်းအချက်အလက်ရရှိဖို့ အမေ့ခံရေဒီယိုတွေတောင် တစ်ခေတ်ပြန်ဆန်းခဲ့ပြန်တာပါ။
စစ်ကောင်စီက ရသမျှနည်းနဲ့ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်နေတဲ့ကြားကကို သတင်းမီဒီယာတွေအနေနဲ့ သတင်းတွေကိုပရိသတ်ဆီ ရသမျှနည်းနဲ့ ရောက်အောင်ပို့ခဲ့ကြပါတယ်။
သတင်းစာတိုက်တွေ ပိတ်လိုက်လို့ တိုက်ပိုင်မရှိတော့တဲ့ သတင်းသမားတချို့ဆိုရင် Burma Associated Press ဆိုတဲ့ သတင်းအေဂျင်စီ ထောင်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ သတင်းတွေတင်ဆက်လျက်ရှိပါတယ်။
ဒါ့အပြင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေ ထုတ်လွှင့်တဲ့ ဖက်ဒရယ် FM လိုရေဒီယိုတွေပေါ် လာသလို အာဏာရှင်စနစ် ဆန့်ကျင်ရေး စာစောင်တချို့လည်းပေါ်ထွက်လာခဲ့ပါတယ်။
ဝါဒဖြန့်မှုလည်း ခေတ်မမီတော့
တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်ကြားရေးဝန်ကြီးဌာနကို ဒုဝန်ကြီးအဖြစ်ရောက်လာပြီး အစိုးရသတင်းစာနဲ့ရုပ်သံတွေကို စစ်ကောင်စီ ဝါဒဖြန့်ယန္တရားအဖြစ် အသက်သွင်းပါတယ်။
ဒါပေမဲ့ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ CDM လုပ်မှုကြောင့် နိုင်ငံပိုင်မီဒီယာတွေဟာ သူ့တို့ နှစ်ရှည်လများလုပ်လာတဲ့ ဝါဒဖြန့်မှုကိုတောင် ပီပီပြင်ပြင်မလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီက ခေတ်နောက်ကျကျန်ခဲ့တဲ့ ဖျော်ဖြေရေးနဲ့ဝါဒဖြန့် အစီအစဥ်တွေကို မြောက်ကိုရီးယားနဲ့တောင်ခိုင်းနှိုင်းပြီး မြောက်မြန်မာလို့တောင် လူမှုကွန်ရက်မှာ လှောင်ပြောင်ကြပါတယ်။
စစ်ကောင်စီရဲ့ အစောပိုင်းသတင်းစာရှင်းလင်းပွဲတွေကို အစိုးရအဖြစ်အသိအမှတ်မပြုတဲ့အနေနဲ့ မီဒီယာအများစုက သွားမတက်ကြပါဘူး။ နောက်ပိုင်းသတင်းစာရှင်းလင်းပွဲတွေမှာလည်း စစ်ကောင်စီ သဘောကျ မေးခွန်းတွေမေးတဲ့ မီဒီယာအမည်ခံသတင်းဌာနတွေက တစ်ဝက်လောက်ပါနေတယ်လို့ နေပြည်တော်အခြေစိုက် ဝါရင့်သတင်းသမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
'အရင်ကလိုနိုင်ငံတော်အဆင့်သတင်းစာရှင်းလင်းပွဲနဲ့ ဘာမှမဆိုင်တော့ဘူး' လို့ သူကပြောပါတယ်။
ဒါ့အပြင် Facebook ကလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်စာမျက်နှာတွေကို ဖယ်ရှားထားလို့ ချိနဲ့နဲ့ ဝါဒဖြန့်ချိရေးဟာ လူထုထဲကိုလည်း မပျံ့နှံ့မရောက်ရှိဘူးဖြစ်နေတာပါ။
သတင်းမီဒီယာဆုတ်ကပ်လား
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ အာဏာမသိမ်းခင်ကထဲက ကျဆင်းလာတာဖြစ်ပါတယ်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကစပြီး ၄ နှစ်ဆက်တိုက် အကျဘက်ရောက်ခဲ့တာပါ။
လူထုရဲ့ သတင်းအချက်အလက်ရယူမှုပုံစံကလည်း ပင်မမီဒီယာတွေကနေ လူမှုကွန်ရက်ဆီကို မြန်မြန်ဆန်ဆန်ပဲပြောင်းလဲခဲ့တာပါ။
အစိုးရကလည်း ပြည်သူလူထုအသံကို မီဒီယာကနေတစ်ဆင့် နားထောင်တာထက် လူမှုကွန်ရက်ကနေ တိုက်ရိုက်နားထောင်တာမျိုးကို အဓိကထားခဲ့ပါတယ်။
ရိုက်တာသတင်းထောက်တွေဆိုရင် သတင်းအလုပ်လုပ်ရင်း အဖမ်းခံရတဲ့အပြင် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။
စီးပွားရေးလုပ်ငန်းတွေကလည်း မီဒီယာကနေကြော်ငြာတာကနေ ပျံ့နှံ့အားကောင်းပြီးထိရောက်တဲ့ လူမှုကွန်ရက်ဆီကိုပြောင်းပြီး ကြော်ငြာပြန်ပါတယ်။
ကြော်ငြာဝင်ငွေနည်းလာမှုက မီဒီယာမှာလူလျော့တာ၊လစာလျော့တာတွေဖြစ်လာခဲ့ပါတယ်။
တစ်ခါ ကိုဗစ်ကပ်ရောဂါရဲ့ လူမှုစီးပွား အကျပ်အတည်းကလည်း မီဒီယာတွေရဲ့ ယိုင်နဲ့နဲ့ဘဏ္ဍာရေးကို ထပ်ဖြိုလှဲပြန်ပါတယ်။
ကိုဗစ်အလွန်မှာ အာဏာသိမ်းမှုနဲ့ထပ်ကြုံရတဲ့အခါ သတင်းလွတ်လပ်ခွင့်ပါ ထိပါးခံလာရပြန်ပါတယ်။
အခက်အခဲတွေ အများကြီးရှိနေတဲ့ကြားမှာမှ လက်ရှိအခြေအနေအရ သတင်းထောက်တွေရဲ့ လုံခြုံရေးကအဓိကစိန်ခေါ်မှုဖြစ်လာတယ်လို့ ဦးကျော်မင်းဆွေကပြောပါတယ်၊။
'ပေါ်ပေါ်တင်တင်လည်းသတင်းယူလို့မရဘူး။ ကိုယ့်အိမ်မှာလည်း စိတ်ချလက်ချ မအိပ်ရဲကြဘူး။' လို့ သူကပြောပါတယ်။
သတင်းသမားတွေအနေနဲ့ လွတ်လပ်စွာသတင်းတင်ပြခွင့်ရှိရမှာဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီ ကျင့်သုံးတဲ့ လူမှုအသိုက်အဝန်းရဲ့ အခြေခံအုတ်မြစ်လို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
'သတင်းလွတ်လပ်ခွင့်ဟာ သတင်းသမားတွေရဲ့ အခွင့်အရေးသာမဟုတ်ဘဲ အားလုံးရဲ့ အခွင့်အရေး' လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးတဲ့နောက် သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ဆယ်စုနှစ်တစ်စုခန့် နောက်ပြန်ဆုတ်သွားတယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သတိပေးထားပါတယ်။