အိန္ဒိယရဲ့ လူဦးရေအများဆုံးပြည်နယ် ကိုဗစ်ဒဏ် အကြီးအကျယ် ခံစားနေရ

အိန္ဒိယမှာ အခုဆို ကိုဗစ်၁၉ ဒုတိယလိုင်း ဝင်ရောက်နေပြီး ပြည်နယ်အများစုဟာလည်း ကိုဗစ်ဗိုင်း ရပ်စ်ပိုး ကူးစက်မှုကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရပါတယ်။

အဲ့ဒီထဲမှာ ရောဂါပိုးကူးစက်မှု အများဆုံးပြည်နယ်ကတော့ လူဦးရေ အထူထပ်ဆုံး အူတာ ပရာဒက်ရှ် ပြည်နယ် ဖြစ်ပါတယ်။

အာဏာပိုင်တွေက အခြေအနေတွေ ထိန်းချုပ်နိုင်တယ်လို့ ပြောနေပေမယ့်လည်း လူတွေလက်တွေ့ ခံစားနေရတဲ့ ကွဲလွဲနေတဲ့အကြောင်းကို ဘီဘီစီက ဂီတာရန်ဒီကသတင်းပေး ပို့ထားပါတယ်။

ကန်ဝါလ် ဂျိဆင်းရဲ့ အဖေ အသက်၅၈နှစ် အရွယ် နီရန်ဂျန်ပါဆင်းဟာ ဆေးရုံတစ်ရုံကနေ ပြောင်းရင်း အရေးပေါ်ကားထဲမှာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဆေးရုံတွေမှာ ကုတင်မလောက်လို့ ဆေးရုံတစ်ရုံက ပြောင်းရင်းလမ်းမှာ သေဆုံးခဲ့ရတာပါ။

"အရမ်းဝမ်းနည်းရတယ်။ အချိန်မီကုသမှုသာရရင် သူအသက်ရှင်မယ်လို့ ထင်တယ်။ အစိုးရ ၊ အာဏာပိုင်တွေနဲ့ ရဲတွေဆီက ဘယ်သူ့ဆီကမှ အကူအညီမရဘူး"လို့ ကန်ဝါလ် ဂျိဆင်းက သူ့ခံစားချက်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ကပ်ရောဂါစဖြစ်ကတည်းက ရောဂါပိုးကူးစက်မှု ၈၅၁၆၂၀ ရှိခဲ့ပြီး လူ ၉၈၃၀ သေဆုံးခဲ့တဲ့ အူတာ ပရာဒက်ရှ် ပြည်နယ်ဟာ အခြားပြည်နယ်တွေနဲ့စာရင် ပထမလှိုင်းမှာ အခြေအနေမဆိုးဘူးလို့ ပြောနိုင်ပေမယ့် အခုဒုတိယလှိုင်းမှာတော့ ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တဖက်မှာလည်း အာဏာပိုင်တွေကတော့ ထိန်းချုပ်နိုင်တယ်လို့‌ ပြောနေပါတယ်။ ဒါပေမယ့် အဲ့ဒီက ထွက်လာတဲ့ပုံတွေထဲမှာ ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတဲ့နေရာတွေမှာ လူတွေ အများကြီးတန်းစီနေတာ၊ ဆေးရုံမှာလူနာတွေ မဆန့်ဖြစ်နေတာ၊ ပြည်နယ်ရဲ့ မြို့တော် လပ်ခ်နောမှာ ဆိုရင်လည်း မီးသင်္ဂြိုဟ်ရတာတွေ အရမ်းအလုပ်များပြီး ဆက်တိုက် မီးသင်္ဂြိုဟ်နေရတာ တွေတွေ့နေရ ပါတယ်။ အခြားအဓိကမြို့တွေဖြစ်တဲ့ ဗာရာသဏီ၊ကန်ပူရာ၊ အလာဟာဘက်မြို့တွေမှာလည်း ရောဂါပိုးဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရပါတယ်။

လူဦးရေ သန်း ၂၄၀ ရှိတဲ့ အူတာ ပရာဒက်ရှ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ အများဆုံး ပြည်နယ် ဖြစ်ပါတယ်။

ပြည်နယ်တစ်ခုလို့ ဆိုပေမယ့် လူဦးရေအရ ဆိုရင် ဘရာဇီးနဲ့ ပါကစ္စတန်နိုင်ငံတွေထက် ပိုများပြီး၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အင်ဒိုနီးရှားတို့နောက်က ပဉ္စမလူဦးရေ အများဆုံးနေရာ ဖြစ်ပါတယ်။

ပြီးတော့ ဒီပြည်နယ်ဟာ နိုင်ငံရေးမှာလည်း အိန္ဒိယရဲ့ အရေးအကြီးဆုံးနေရာ ဖြစ်ပြီး ဝန်ကြီးချုပ် မိုဒီရဲ့ မဲဆန္ဒနယ်အပါအဝင် လွှတ်တော်ထဲမှာ အမတ်အများဆုံး လွှတ်တော်အမတ် ၈၀ ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

လွှတ်တော်အမတ် အများဆုံးရှိတဲ့နေရာ ဖြစ်ပေမယ့်လည်း ဖွံ့ဖြိုးမှုကတော့ နှေးကွေးဆဲ ရှိပါသေးတယ်။

လက်ရှိအချိန် အူတာ ပရာဒက်ရှ်ပြည်နယ်မှာ ရောဂါပိုးကူးစက်ဖြစ်ပွားမှု ၁၉၁,၀၀၀ ရှိနေပြီး ရောဂါပိုးကူးစက်မှု အနေနဲ့ကလည်း နေ့စဥ်လိုလို ထောင်နဲ့ ချီတိုးလာနေပါတယ်။

ပြီးတော့ အဲ့ဒီအခြေနေကနေ ပြည်နယ်ထဲက ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းတဲ့ အခြေအနေကိုလည်း မီးမောင်းထိုးပြစရာလို ဖြစ်လာပါတယ်။

ရောဂါပိုးကူးစက်ခံရတဲ့ သူတွေထဲမှာ ပြည်နယ် ဝန်ကြီးချုပ် ယိုဂီအာဒီယန်တက် အပြင် ဝန်ကြီးအများ အပြားနဲ့ ဒါဇင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ၊ ရာနဲ့ချီတဲ့ ဆရာဝန်တွေနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းကစလို့ ပြည်နယ်တစ်ဝိုက်က လူဒါဇင်နဲ့ချီတဲ့သူတွေဆီက ဝမ်းနည်းစရာအခြေအနေတွေ ကြားခဲ့ရပါတယ်။

ကန်ပူဝါမြို့က ဒေသခံ သတင်းသမားတစ်ဦး မျှဝေပေးတဲ့ ဗီဒီယိုတွေထဲမှာ အစိုးရဆေးရုံ လာလာ လာပွတ်ရိုင်ရဲ့ ကားရပ်တဲ့နေရာတစ်ခုမှာ လူတစ်ယောက်လဲနေတာနဲ့ အဲဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာက ခုံရှည်တစ်ခုမှာ အသက်ကြီးတဲ့ လူတစ်ယောက်ထိုင်နေတာကို တွေ့ရပါတယ်။ သူတို့ ၂ ယောက်လုံးက ကိုဗစ်ပိုးရှိသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးရုံမှာ သူတို့ နေရာမရကြပါဘူး။

အစိုးရဆေးရုံ ကန်ရှီရမ်ဆေးရုံ အပြင်ဘက်မှာလည်း ငိုနေတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့ရပါတယ်။ ရောဂါပိုးကြောင့် ဖျားနေတဲ့ သူ့အမေကို ဆေးရုံနှစ်ရုံက လက်မခံဘဲ ငြင်းခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

"ကုတင်မလောက်ဘူး သူတို့ပြော တယ်။ ကုတင်မရှိရင်လည်း အမေ့ကို ကြမ်းပြင်မှာထားပြီး ကုသမှုတော့ အနည်းဆုံးလုပ်ပေးသင့်တာပေါ့။ အမေ့လို လူနာတွေကလည်း အများကြီး။ ဆေးရုံက လက်မခံလို့ ပြန်လှည့်ရတဲ့လူတွေကလည်း အများကြီး။ ပြည်နယ် ဝန်ကြီးချုပ် ပြောနေတာကတော့ ဆေးရုံမှာ ကုတင်တွေ ရှိတယ်တဲ့။ ဘယ်မှာရှိလို့လဲ တစ်ချက်လောက် ကျွန်မကိုပြစမ်းပါ။ ကျွန်မအမေကို ကုပေးကြပါ" လို့ ငိုရင်း ပြောနေပါတယ်။

ဘယ်သူမှ မကူကြဘူး

အူထရာပရာဒက်စ်ပြည်နယ် မြို့တော် လပ်ခ်နောမှာ လည်း ဒီလိုမျိုး အခြေနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုတွေ့ရတဲ့ပုံက ဆေးရုံတစ်ရုံက တစ်ရုံကူးနေရင်း ဆူရှားကူးမားတစ်ယောက် သူ့ကားထဲမှာ အသက်ရှုစက်အကူအညီနဲ့ ကြိုးစား အသက်ရှုနေတဲ့ပုံပါ။ နောက်ဆုံးတော့ သူကိုတင်မယ့် ဆေးရုံရှာတွေ့ခဲ့ပေမယ့် နောက်ကျသွားပါပြီ။

အဖြစ်အပျက်ကို ဖုန်းနဲ့ သူ့သား အာဟစ်ကို အကျိုးအကြောင်းလှမ်းမေးတော့ "ဘယ်လိုဖြစ်လဲဆိုတာ ခင်ဗျားလည်း သိထားပြီးသားပါ။ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး "လို့ ပြန်ဖြေပါတယ်။

ပင်စင်စားတရားသူကြီး ရာမာ့စ်ချ် ချန်ဒရာက ဟင်ဒီစကားနဲ့ ရေးထားတဲ့စာထဲမှာ သူ့မိန်းမအလောင်းကို လာမသယ်ကြလို့ လာသယ်ပေးဖို့ တောင်းဆိုထားတဲ့ စာကို လူမှုကွန်ယက်မှာ လူတွေအများကြီး ရှယ်နေကြပါတယ်။

"ကျွန်တော့်မိန်းမနဲ့ ကျွန်တော်တို့ ၂ ယောက်လုံး ကိုဗစ်ပိုး ရှိနေတာ။ မနေ့ မနက်ကတည်း အစိုးရရဲ့ အရေးပေါ်ကူညီရေး နံပါတ်ကို အခါ ၅၀ လောက် အနည်းဆုံး ခေါ်ခဲ့ပေမယ့် ဘယ်သူမှ မလာကြဘူး။ ဆေးရုံကိုလည်း တင်ပေးမယ့်သူ မရှိဘူး ။ ဒီလိုနဲ့ ဒီမနက် ကျွန်တော့် မိန်းမဆုံးသွားတာပါ။"

ဒီပြည်နယ်ထဲ အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ အခက်အခဲကြုံနေရတာ သိပ်မထူးဆန်းဘူးလို့ ထင်တယ်။ ဒီပြည်နယ်ဟာ နှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့တာ ။ ပုံမှန်အခြေအနေမှာတောင် လူနာတင်ကားတို့၊ ဆရာဝန်တို့ရဖို့ တော်တော်ရှာနေရတဲ့ နေရာတွေ ရှိတဲ့ ပြည်နယ်ပါ။

ဒါကြောင့် ဒီအခြေအနေအောက်မှာ ကိုဗစ်ဖြစ်လာတာဆို တော့ အခက်အခဲတွေ ပိုဖြစ်လာပါတယ်။

ဝန်ကြီးချုပ်မိုဒီရဲ့ မဲဆန္ဒနယ် ဘာသာရေးအထွတ်အမြတ်နယ်မြေ ဗာရာဏသီမှာ အရင်ကတည်းက နေနေတဲ့ ဗီမာကပူးရဲ့အမေ အသက်၇၀ နာမာလာကပူး ကိုဗစ်နဲ့ ဆေးရုံမှာ သေခဲ့ရပါတယ်။ အခြေအနေတွေ ဆိုးရွားနေတာကို အခုလိုသူက ရှင်းပြပါတယ်။

"လူနာတင်ကားထဲမှာ သေမလိုဖြစ်နေတဲ့ လူတွေ အများကြီး တွေ့ခဲ့ရတယ်။ ကုတင်တွေမရှိတော့ ဆေးရုံတွေကလည်း သူတို့ကို လက်မခံနိုင်ဘူး။ ကိုဗစ်ကုသရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆေးတွေကလည်း ပြတ်နေတယ်။ အောက်စီဂျင်လည်း မလောက်ဘူး။"

သူ့အမေအလောင်းကို မီးသင်္ဂြိုဟ်ဖို့ သယ်သွားတော့လည်း အဲ့ဒီမှာအလောင်းတွေ အများကြီးတွေ့ရတယ်လို့ သူက ပြောပါတယ်။ မီးသင်္ဂြိုဟ်ဖို့ ထင်းစျေးကလည်း ၃ ဆ လောက်တက်လာတယ်။ ပြီးတော့ မီးသင်္ဂြိုဟ်ဖို့ နေရာတစ်ခုရဖို့ မိနစ် ၂၀ ကနေ ၅ နာရီ ၆ နာရီ‌လောက်ထိ စောင့်ရတယ်လို့ ကပူးက ပြောပါတယ်။

"ပြီးတော့ ဒီလိုမြင်ကွင်းမျိုးကို အရင်က တစ်ခါမှမမြင်ဖူးဘူး။ ဘယ်နေရာကိုကြည့်ကြည့် လူနာတင်ကားနဲ့ အလောင်းတွေပဲ မြင်ရတယ်။"

ကိုဗစ်ကြောင့်သေတဲ့လူတွေအကြောင်းကို မိသားစုတွေဆီက ကြားရတာ အရမ်းဝမ်းနည်းစရာကောင်းသလို ရောဂါကူးစက်မှုကလည်း တိုးလာနေပါတယ်။

ပြည်နယ်ထဲက မှတ်တမ်းပြုစုထားတဲ့စာရင်းအရ တစ်နေ့ကို သုံးသောင်း ခြောက်ရာနီးပါး ရောဂါကူးစက်ခံရပြီး နေ့စဥ်ရောဂါပိုးကူးစက်မှုကလည်း အမြင့်ဆုံးအခြေအနေကို ရောက်နေပါတယ်။