ဆီးရီးယားမြို့က မြန်မာစစ်အာဏာသိမ်း ဆန့်ကျင်ရေး နံရံစာ

စစ်အာဏာရှင် ဆန့်ကျင်ရေး မြန်မာ စာသားတွေ၊ လက် ၃ ချောင်း ထောင် သင်္ကေတ ရုပ်ပုံတွေကို ဆီးရီးယားနိုင်ငံ၊ အိဒ်လစ် (Idlip) မြို့ရဲ့ ပြိုပျက်နေတဲ့ နံရံတစ်ခုပေါ် တွေ့မြင် နေရပါတယ်။

ပုံမှာ "စစ်အာဏာရှင် အလိုမရှိ၊ စစ်အာဏာရှင် ကျဆုံးပါစေ" ဆိုတဲ့ မြန်မာစာသားတွေ ပါပါတယ်။ နှာခေါင်းစည်းတွေ ၀တ်ထားရင်းသား လက် ၃ ချောင်း ထောင်နေတဲ့ လူငယ်လေးတွေကိုလည်း တွေ့ရပါတယ်။ အရှေ့ဆုံးက တစ်ယောက်ဟာ ခွဲစိတ်ခန်း ၀တ်စုံအရောင်နဲ့ဆိုတော့ CDM ကို စတဲ့ ဆရာ၀န်တွေကို ရည်ညွှန်းလိုပုံ ရပါတယ်။

"ငါတို့နိုင်မှာ" စာသားကိုတော့ အင်္ဂလိပ်လို ရေးထားပါတယ်။ ဖေဖေါ်၀ါရီ ၁ ရက် က စလို့ ဧပြီ တတိယပတ်ထိ စစ်အာဏာသိမ်းမှုကို လက်သင့်မခံ၊ ငြင်းဆန်တွန်းလှန် နေသူတွေရဲ့ ယုံကြည်မှုဟာ "ငါတို့နိုင်မှာ" ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

အဇစ်ရဲ့ နံရံပန်းချီကားကို ဆိုရှယ်မီဒီယာပေါ်တင်တဲ့ ဆီးရီးယား အရေး တက်ကြွလှုပ်ရှားသူတွေက "သွေးစည်းမှုမှာ နည်စည်းမခြားဘူး"လို့ ဆိုပါတယ်။

စစ်တပ်က အရပ်သားတွေကိုပါ မရှောင် ဗုံးကြဲတာ၊ ဆန္ဒပြသမားတွေကို ဖြိုခွင်းတာ၊ ပရဟိတကယ်ဆယ်ရေးသမားတွေ၊ ကျန်းမာရေး ဆေး၀န်ထမ်းတွေ အပေါ် ပစ်မှတ်ထားတာ ဆီးရီးယား ပြည်သူတွေ အသိဆုံးပါပဲလို့လည်း ပြောပါတယ်။

မြန်မာပြည်မှာလည်း ကရင်မှာဆိုရင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင် သေဆုံးတဲ့ ဖေဖေါ်၀ါရီ ၉ ရက် ကနေ အခု နှစ်လခွဲ ကာလတာ အတွင်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးသူ အယောက် ၇၀၀ ကျော်သွားပြီလို့ ပြည်တွင်းပြည်ပ စောင့်ကြည့်သူတွေက ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ဆောင်တဲ့ သူတွေ၊ လူနာတင်ကားတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဆေး၀န်ထမ်းတွေလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ ရန်ပြုတိုက်ခိုက်တာတွေ တနိုင်ငံလုံး အနှံ့မှာ ဖြစ်ပေါ် နေခဲ့ပါတယ်။

အစ်လစ်(ပ)

အစ်လစ်(ပ) ဆိုတာ ဆီးရီးယား အနောက်မြောက်ဘက်ပိုင်းက မြို့ပါ။ ဆီးရီးယား ပြည်တွင်းစစ် ၁၀ နှစ်တာမှာ အလက်ပိုလိုပဲ မီဒီယာတွေထက် အကြားခဲ့ရဆုံး နာမည်ဖြစ်ပြီး၊ စစ်ဒဏ် အကြီးအကျယ်သင့်နေခဲ့တဲ့ မြို့ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုဒဏ်၊ လက်နက်ကြီးဒဏ်တွေကြောင့်တမြို့လုံးမှာ ပြိုကျနေတဲ့ အဆောက်အဦး နံရံတွေ၊ အင်္ဂဒေ အပိုင်းအစတွေ၊ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်နေပါတယ်။

အဲဒီ အုတ်နံရံအပြိုအပျက်တွေကြား တပိုင်းတစကျန်နေတဲ့ နေရာတွေပေါ် အဇစ် အာ့စ်မာ Aziz Asmar က ပန်းချီတွေဆွဲပါတယ်။ ဂရပ်ဖီတီ ရေးပါတယ်။ ဆီးရီးပြည်တွင်းစစ် ရိုက်ခတ်မှု အပြင် ခေတ်ပြိုင် နိုင်ငံတကာ ခံစားမှုတွေဟာ အဇစ်ရဲ့ လက်ရာမှာ ထင်ဟပ်နေပါတယ်။

အဇစ်ရဲ့ခေတ်ပြိုင် နိုင်ငံတကာ ခံစားမှု လက်ရာတွေ

အဇစ်ရဲ့ အစ်လစ်(ပ်) နံရံပေါ်က လက်ရာတွေထဲ ကမ္ဘာက သတိ အထားမိဆုံးက ဂျော့ချ်ဖလွိုက်ရဲ့ပုံဆိုရင် မမှားနိုင်ပါဘူး။ ဂျော့ချ်ဖလွိုက်ဆိုတာ လူဖြူရဲက သူ့ရဲ့ လည်ပင်းပေါ် ဒူးနဲ့ ဖိထားတာ ခံခဲ့ရပြီးနောက် သေဆုံးခဲ့တဲ့ အမေရိကန်လူမည်း ဖြစ်ပါတယ်။

ဂျော့ချ်ဖလွိုက် သေဆုံးမှုဟာ "လူမည်းတွေ အသက်လည်း အရေးပါတယ်" BLM လှုပ်ရှားမှု ကမ္ဘာနဲ့ချီ ဖြစ်ထွန်းလာပြီး၊ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး အမြင်တွေ၊ လူ့ဘောင်အတွင်း တန်းတူညီမျှမှူ ရှိရေး အမြင်တွေ နိုးကြားလာစေခဲ့ပါတယ်။

အဇစ်ရဲ့ ပုံထဲမှာ ဂျော့ချ်ဖလွိုက် ပြောခဲ့တဲ့ "ငါအသက်ရှုလို့ မရတော့ဘူး" ဆိုတဲ့ လူဖြုရဲတွေ လျစ်လျူရှုခဲ့တဲ့ စာသားတွေလည်း ထည့်ရေးထားပါတယ်။

အခုလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ပုံဟာ အစ်လစ်(ပ်)ရဲ့ နံရံထက်ရောက်လာပါတယ်။

ဆီးရီးယား ၂၀၁၁၊ မြန်မာ ၂၀၂၁

အဇစ်ရဲ့ အခု နံရံပန်းချီကို တွေ့ရချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီရှဲ ဘက်ချလက်က ဆန္ဒပြသမားတွေအပေါ် မြန်မာစစ်တပ် ဆက်လက် ဖိနှိပ်နေတာတွေဟာ ဆီးရီးယား ပြည်တွင်းစစ်လို ပမာဏမျိုး အထိ အခြေအနေ ပေါက်ကွဲထွက်လာဖို့ ဦးတည်နေပြီလို့ မြန်မာ့အရေးကို ဆီးရီးယားနဲ့ နှိုင်းယှဥ်ပြီး ဥပမာ ပေးလာပါတယ်။

"ပြစ်တင်ရှုတ်ချတဲ့စာ၊ အကန့်အသတ်နဲ့ ပစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထာတွေဟာ မလုံလောက်ကြောင်းထင်ရှားတယ်။ လူသားမျိုးနွယ်ပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှုမျိုးထိ မြောက်နိုင်တဲ့ ချိုးဖောက်မှုတွေကို ရပ်သွားအောင် မြန်မာစစ်တပ်အပေါ် လွှမ်းမိုးနိုင်သူတွေက စုပေါင်းပြီး ဖိအားပေးကြပါ" လို့လည်း မစ္စဘချလက်က နှိုးဆော်ပါတယ်။

မြန်မာပြည်မှာ အခု ဖြစ်နေတာတွေဟာ ဆီးရီးယားမှာ ၂၀၁၁ တုန်းက ဖြစ်ခဲ့တာတွေနဲ့ အတူတူပဲလို့ မစ္စဘချလက်က ထောက်ပြပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို သမ္မတအာဆတ် အစိုးရက မတန်တဆ အင်အားသုံးပြီး ရက်ရက်စက်စက် နှိမ်နှင်းရာက လက်နက်စွဲကိုင် ပြန် တိုက်ကြတဲ့ အဖြစ်ထိ ရောက်လာခဲ့တာလို့ မစ္စဘချလက်က ဆိုပါတယ်။

အခု အစ်လစ်(ပ်)ကို ကြည့်ရင်လည်း သမ္မတ အာဆတ်ထိန်းချုပ်မှုအောက် မရှိပါဘူး။ အစ်လစ်(ပ)မြို့ အပါအ၀င် အစ်လစ်(ပ) တနယ်လုံးဟာ ဆီးရီးယားသူပုန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပြီး ဆီးရီးယား လွတ်မြောက်ရေး အစိုးရ Syrian Salvation Government SSG ဆိုတဲ့ နာမည်နဲ့ စင်ပြိုင်အစိုးရထောင်ပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။