စစ်အာဏာသိမ်း အကြမ်းဖက်မှုတွေက လွတ်ဖို့ မြန်မာတွေ အိန္ဒိယကို ဘယ်လိုပြေးခဲ့ရသလဲ

မြန်မာနိုင်ငံမှာ စစ်တပ်က စစ်ကောင်စီဖွဲ့ပြီး အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး အာဏာသိမ်း စစ်တပ်နဲ့တကွ ရဲတွေက ပြည်သူတွေကို အကြမ်းဖက်မှုတွေ ရှိနေတာကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့သူတွေလည်း ရှိနေရာမှာ အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေက ဝင်ရောက် ခိုလှုံကြတာတွေ ရှိတယ်လို့ ဘီဘီစီ ဟင်ဒီ ဘာသာစကား အစီအစဉ်က ရာဗင်ဒရာ ရာအိုက ပြောပါတယ်။

အခုလို အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာကြသူတွေထဲမှာ မခိုင် (အမည်လွှဲ) ဆိုတဲ့ အမျိုးသမီး တယောက်လည်း အပါအဝင် ဖြစ်ပြီး သုံးကြိမ် သုံးခါ ဝင်ဖို့ ကြိုးစားပြီးမှ ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မခိုင်ဟာ နယ်စပ်တလျောက် တောအုပ်ထဲက မြေကြီးလမ်းကို ဖြတ်ပြီး ဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မခိုင်ဟာ ဒီလို ဝင်ဖို့ ပထမ ကြိုးစားခဲ့တဲ့ နှစ်ကြိမ်မှာ အိန္ဒိယ နယ်ခြားစောင့်ရဲတွေ တားဆီးတာကို ခံခဲ့ရပြီး နောက်ဆုံး တတိယအကြိမ်မှာတော့ ဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၄၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မခိုင်ဟာ မြန်မာနိုင်ငံ တမူးခရိုင်ထဲမှာ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဖို့အတွက် သမီးတယောက်နဲ့အတူ ညီအစ်မတွေနဲ့ ထွက်လာခဲ့တာဖြစ်ပါတယ်။

မခိုင်တို့ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ ပြည်နယ်ကို ဝင်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပြီး သူတို့ အသက်ဆက်ရှင်ဖို့အတွက် ဒီလို ထွက်ပြေးတဲ့ နည်းလမ်းတခုပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

မခိုင်လိုပဲ အိန္ဒိယဘက်ကို ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား တချို့ကတော့ ဆောက်ထားပြီး နှစ်ဖက် နယ်စပ်က ရွာတွေကို ချိတ်ဆက်ထားတဲ့ ရေပိုလွှဲ မြေအောက် ရေမြောင်းကြီးကတဆင့် ရောက်လာ ကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကလေးသူငယ် ၄၃ ယောက် အပါအဝင် လူ ၆၀ဝ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

မခိုင်တို့နေတဲ့ ဒေသအတွင်းမှာဆိုရင် စစ်သားတွေက လူနေအိမ်အတွင်း အကြမ်းဖက် ဝင်ရောက်ပြီး အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ အဓမ္မ ပြုကျင့်တာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။

အခုလိုပဲ စစ်သားနဲ့ရဲတွေက အရပ်သားတွေကို လမ်းပေါ်မှာသာမက နေအိမ်တွေ အတွင်းကိုပါ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်တာကို မျက်မြင်ကြုံခဲ့ရသူ အများအပြားရှိနေပြီး အဲဒီအထဲမှာ ဖခင်ရှိရာရာ ပြေးသွားတဲ့ ခြောက်နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံရမှုလည်း ပါဝင်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်ကောင်စီ တပ်တွေဟာ အိမ်ထဲမှာ ရှိနေတဲ့ ကလေးငယ်ကိုတော့ ဘယ်တော့မှ ပစ်မှာမဟုတ်ပဲ ဒီလို တကယ်ဖြစ်ခဲ့တယ် ဆိုရင်တော့ စုံစမ်း စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယဘက်ကို ရောက်ရှိသွားပြီဖြစ်တဲ့ မခိုင်ကတော့ ဒီလို အကြမ်းဖက်မှုတွေ စဖြစ်လာတဲ့ နောက်ပိုင်းမှာ ကိုယ့်အိမ်မှာတောင် မနေဝံ့တော့ပဲ ထွက်ပြေးခဲ့ရပြီး အိန္ဒိယဘက်မရောက်ခင် သုံးလေးရက်လောက် တောထဲမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်အစိုးရဟာ အစပိုင်းမှာ အခုလို မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူတွေကို နယ်ခြားစောင့်တပ်တွေက "ယဉ်ယဉ်ကျေးကျေး ပြောပြီး" ပြန်နှင်လွှတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်း အများပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် အဲဒီ အမိန့်စာကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

မဏိပူရပြည်နယ်အစိုးရက နောက်တကြိမ် ထုတ်ပြန်တဲ့ အမိန့်စာမှာတော့ ပြည်နယ်အစိုးရအနေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ကူညီရေး အဆင့်ဆင့်တိုင်းကို လုပ်ဆောင်ပေးနေပြီး ဒဏ်ရာရလာတဲ့ ဒုက္ခသည်တွေကိုလည်း ဆေးကုသ ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ တရားဝင် လမ်းကြောင်း ကတဆင့် မဟုတ်တဲ့ နယ်စပ်ဖြတ်ကျော်မှုက နိုင်ငံရေးလောကမှာ အသုံးချခံ ကိစ္စတခု ဖြစ်နေတဲ့ ကိစ္စကိုလည်း ထည့်တွက်စရာ ရှိနေပါတယ်။

အထူးသဖြင့် အိန္ဒိယသမိုင်းကြောင်းမှာ ဒုက္ခသည် အများအပြား ဝင်ရောက်မှု ရှိခဲ့တဲ့ အနောက်ဘန်ဂေါနဲ့ အာသံပြည်နယ်တွေမှာ ဒေသန္တရ ရွေးကောက်ပွဲတွေ မကြာခင် ကျင်းပတော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက လာတဲ့ ဒုက္ခသည် အရေးကိစ္စကို အိန္ဒိယနိုင်ငံရေးသမားတွေက နိုင်ငံရေးမှာ အသုံးချလာ နိုင်ပါတယ်။

မခိုင်နဲ့အတူ အိန္ဒိယဘက်ကို ရောက်လာတဲ့ နောက်ထပ် အမျိုးသမီးနှစ်ဦးကလည်း သူတို့အနေနဲ့ လက်ရှိ အနေအထားလို အကြမ်းဖက်နေတာတွေ မရှိတော့ဘဲ တိုးတက်လာမှ ပြန်ဖို့ စဉ်းစားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူတို့ရဲ့ လင်ယောက်ျားတွေနဲ့တကွ မိသားစုတွေထဲက တခြားယောက်ျားသားတွေကတော့ မြန်မာနိုင်ငံဘက်မှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားတွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခိုက်ဖို့ လိုလာရင် တိုက်ခိုက်နိုင်ပေမယ့် အမျိုးသမီးတွေ အတွက်ကတော့ စစ်တပ်က ရုတ်တရက် တံခါးလာခေါက်တော့မှ ပြေးမယ်ဆိုရင် ပြေးဖို့ မလွယ်တဲ့အတွက် ထွက်လာခဲ့ရတာလို့ ဝင်းရီ (အမည်လွှဲ) ဆိုတဲ့ အမျိုးသမီးတဦးက ဆိုပါတယ်။

ဝင်းရီဟာ တမူးနယ်ကနေ သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူနဲ့အတူ အိန္ဒိယဘက်ကို ထွက်ပြေးရောက်ရှိလာတာ ဖြစ်ပါတယ်။

အခုလို မဏိပူရပြည်နယ်ကို ရောက်ရှိနေသူတွေဟာ နယ်စပ်နားမှာရှိတဲ့ မိုရေးခရိုင်အတွင်းမှာ ရောက်ရှိပြီး နေရေးထိုင်ရေး အထောက်အပံ့ယူနေရပြီး နှစ်ဖက်နိုင်ငံရဲ့ တရားဝင် အဝင်အထွက် လမ်းကြောင်းတွေက ပိတ်ထားဆဲ ဖြစ်ပါတယ်။

အခုလို ဖြစ်ရပ်တွေ ဖြစ်မလာခင်မှာ မြန်မာနဲ့ အိန္ဒိယတို့ဟာ နယ်စပ်တဝိုက် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် သဘောတူထားတာ နှစ်နဲ့ချီပြီး ကြာနေပြီ ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ နှစ်ဖက် နေထိုင်သူတွေ အနေနဲ့ အပြန်အလှန် တခြား နယ်မြေအတွင်းကို ၁၆ ကီလိုမီတာ (၁၀မိုင်) အထိ ဝင်ရောက်ခွင့်ရှိပြီး ၁၄ ရက် ဆက်တိုက်အထိ အများဆုံး အပြန်အလှန် နေထိုင်ခွင့် ရှိထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ဖို့အတွက် အခုလို သဘောတူညီထားချက်ကို ၂၀၂၀ မတ်လမှာ ဆိုင်းငံ့ထားခဲ့ပါတယ်။

အခုလို ဆိုင်းငံ့ထားတဲ့ အပြန်အလှန် နယ်စပ် ကူးသန်းသွားလာခွင့်ကို အခု ၂၀၂၁ ခုနှစ်အတွင်းမှာ ပြန်ပေးဖို့ နှစ်ဖက်နယ်စပ် ပြည်သူတွေက မျှော်လင့် ထားခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ဖြစ်လိုက်တဲ့ မြန်မာနိုင်ငံက အာဏာသိမ်းမှုကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။

အခုလို ယခင်က နယ်စပ် အကူးအသန်းအတွက် လုံခြုံရေး တင်းကြပ်မှု မများလှတဲ့ နောက်ခံအခြေအနေကြောင့် အခုလို အိန္ဒိယဘက်ကို သွားရောက်ကြတာ ဖြစ်ပါတယ်။

အခုလို သွားရောက်ဖို့က ခက်ခဲပေမယ့် အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေကို ရှောင်တိမ်းပြီး ရအောင် နေ့စဉ် ဝင်ထွက်နေရတယ်လို့လည်း အိမ်တွေကို နွားနို့လိုက်ပို့သူ တဦးက ဆိုပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် မြန်မာစစ်တပ်တွေ တပ်ရွှေ့နေရတဲ့အတွက် နယ်စပ် လုံခြုံရေး လျော့ရဲနေချိန်မှာ တဖက်က အိန္ဒိယမှာလည်း နယ်ခြားစောင့် တပ်ဖွဲ့ များများစားစား ချမထားတဲ့အတွက် နေ့စဉ် အဝင်အထွက် လုပ်နေသူတွေ အသက်ရှူချောင်ရတယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် မြန်မာဘက်ခြမ်းက ပစ်ခတ်၊ ဖမ်းဆီးမှုတွေကြောင့် အရောင်းအဝယ်တွေ ပိတ်ထားရချိန်မှာ အိန္ဒိယဘက်က နေ့စဉ် သွားရောက်ပြီး ကုန်ပစ္စည်းတွေ ရောင်းချရသူတွေ အနေနဲ့ ရွှံမြေနဲ့ ချုံပုတ် ထူထပ်တဲ့ လမ်းတွေကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။

အဲဒီ မိုရေးခရိုင်နဲ့ ကီလိုမီတာ ၁၀ဝ (၆၂မိုင်) အကွာမှာရှိတဲ့ မဏိပူရပြည်နယ်ရဲ့ မြို့တော် အင်ဖာက အစိုးရဆေးရုံ တရုံမှာ မြန်မာလူငယ် နှစ်ယောက် သေနတ်ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ညက ဖြစ်ပွားတဲ့ ဆန္ဒပြသူတွေနဲ့ အစိုးရ တပ်ဖွဲ့တွေအကြား ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုအတွင်းမှာ သေနတ် မှန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာစစ်သားတွေဟာ တမူးမြို့က ရတနာ အရောင်းဆိုင်တဆိုင်ကို လုယက်ဖို့ ကြိုးစားတဲ့အတွက် ဒေသခံတွေက ကန့်ကွက် ဆန္ဒပြရာမှာ သူတို့က သေနတ်နဲ့ ပြန်ပစ်တဲ့အတွက် ဒဏ်ရာရခဲ့တာလို့ အဲဒီ လူငယ်နှစ်ဦးထဲက တဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ အဖြစ်အပျက် မတိုင်ခင်မှာလည်း ရဲတွေက ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့ပေမယ့် ကိုင်တွယ်ကြတဲ့ ပုံစံတွေက မကြုံစဖူး အကြမ်းဖက်မှုတွေ ပါဝင်ပြီး စစ်တပ်ရောက်လာပြီး လူတွေကို ပစ်ခတ်ကြချိန်မှာ အခြေအနေက ပိုဆိုးသွားတယ်လို့ ဆိုပါတယ်။

အခုလို အင်ဖာမြို့မှာ ဆေးကုသမှု ခံယူနေသူ အမျိုးသား နှစ်ဦးဟာ အပစ်ခံရတဲ့ ညမှာပဲ အိန္ဒိယဘက်ကို အရောက် ပို့ပေးသူတွေ ရှိခဲ့လို့ အရောက်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီ အမျိုးသားတွေကတော့ အထက်မှာ ဖော်ပြထားတဲ့ အမျိုးသမီးတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံဘက်က မိသားစုတွေဆီကို အမြန်ဆုံး ပြန်သွားချင်နေကြပါတယ်။

အဲဒီ အမျိုးသားနှစ်ဦးကို ဒေသခံ ကူကီး လူမျိုးစု ကျောင်းသား အစည်းအရုံးတခုက အလှည့်ကျ စောင့်ရှောက်ပေးနေပြီး စားစရာတွေကိုလည်း ပို့ပေးနေပါတယ်။

သူတို့နှစ်ယောက်ကို မိုရေးမှာ ဆေးကုပေးဖို့ ဆေးပစ္စည်းနဲ့ ကိရိယာ မလုံလောက်တဲ့အတွက် အင်ဖာမြို့အထိ လိုက်ပို့ ပေးခဲ့ရတယ်လို့ အဲဒီ ကျောင်းသား အစည်းအရုံးရဲ့ ဒုတိယ ဥက္ကဌ ဂျန်ဂူလန် ဂုန်ဆိုင်းက ပြောပါတယ်။

အဲဒီ ကူကီး လူမျိုးစုတွေဟာ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တို့ ထိစပ်ရာ ဒေသတဝိုက်မှာ နေထိုင်ကြတဲ့ တောင်ပေါ်သားတွေ ဖြစ်ကြတဲ့အတွက် နယ်စပ်စည်းကြောင့် ဆက်ဆံရေး အကန့်အသတ်မရှိပဲ ကူးလူး ဆက်ဆံမှုရှိသူတွေလည်း ဖြစ်ပါတယ်။

အခုလို နီးစပ်ကြတဲ့အတွက်လည်း ကနဦး တားမြစ်မိန့် ထုတ်ထားတဲ့ကြားက မြန်မာနိုင်ငံဘက်က အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ထွက်ပြေးလာရသူ ဒုက္ခသည်တွေအပေါ် မိုရေးဒေသခံတွေက စာနာကြတာ ဖြစ်ပါတယ်။

မိုရေး ဒေသခံ အဖွဲ့အစည်းတခုဖြစ်တဲ့ မိုရေးလူငယ် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဖိလစ် ခုန်ဆိုင်း တော့ သူတို့အနေနဲ့ လူသားချင်းစာနာမှု အခြေခံပြီး ဒုက္ခသည်တွေကို လက်ခံ စောင့်ရှောက်ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီ အဖွဲ့ဟာ နယ်စပ်မှာ ပိတ်မိနေခဲ့သူတွေကို ရေနဲ့ အစားအစာတွေ ပို့ပေးခဲ့ကြပြီး အစိုးရက သူတို့အလုပ် သူတို့ လုပ်တဲ့အချိန်မှာ အဖွဲ့ကလည်း ကူညီရေး အပိုင်းတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အခုလို မိုရေးခရိုင်အတွင်းကို ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အရေအတွက် ဆက်တိုးလာနိုင်ပြီး ရောက်လာသူတွေ အနေနဲ့ ဘယ်နေ့ ပြန်ပို့ခံရမလဲ စိုးရိမ်နေရတဲ့အတွက် အိန္ဒိယ အစိုးရက ရောက်လာသူတွေကို ပိုပြီး ထိထိရောက်ရောက် အားပေး ကူညီသင့်တယ်လို့ ဒေသခံတွေက ယူဆ နေကြပါတယ်။