စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဘယ်ကိုဦးတည်နိုင်သလဲ

အခုဆိုရင် စစ်ကောင်စီက အာဏာသိမ်းခဲ့တာဟာ ရက်ပေါင်း ၆၀ကျော်လာသလို ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နှိမ်နင်းနေတာကြောင့်လည်း မြို့ကြီးတွေက ဆန္ဒပြပွဲတွေ အရှိန်လျော့လာတာကို တွေ့လာရပါတယ်။

ဒါပေမဲ့ တစ်ချို့နယ်မြို့တွေမှာတော့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေသေးတာကို တွေ့ရပါတယ်။

ပြီးတော့ အဲ့ဒီဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်းနင်းမှုတွေကြောင့် သေဆုံးမှုတွေကလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။

နယ်မြို့တွေမှာ အားကောင်းနေဆဲ

မန္တလေး၊စစ်ကိုင်း၊မိုးကုတ်၊မုံရွာအပါအဝင် မြို့တော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကို ပုံစံမျိုးစုံနဲ့ ဆက်လုပ်နေကြပါတယ်။

ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် တွေအရှိန်လျော့လာပေမဲ့ မုံရွာဘက်မှာတော့ ဆက်ပြီးအားကောင်းနေဆဲဖြစ်ပြီး၊ အဲ့ဒီကနေ နောက်ပိုင်းဖြစ်လာနိုင်တဲ့ အခြေနေတွေကို မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်က အခုလိုပြောပါတယ်။

“ မုံရွာအနေနဲ့ မနေ့က ၅၇ ရက်မြောက်အထိ သပိတ်စစ်ကြောင်းတွေ ထွက်နိုင်ခဲ့တယ်။ ဒီနေ့ ၅၈ ရက်မြောက်နေ့မှာလည်း ပုံစံတစ်မျိုးမျိုးနဲ့ ရအောင် ထွက်ဖို့ပြင်ဆင်နေတယ်။ တစ်ခြား မြို့တွေ နည်းတူပဲ မုံရွာမှာလည်း အကြမ်းဖက်သောင်းကျန်းသူတွေဝင်လာတာကို ဟန့်တားထားနိုင်မယ့် အတားအဆီးတွေ လုပ်ထားတာတွေ ပြိုလဲကုန်ပါပြီ။ မနေ့ကဆို သပိတ်စစ်ကြောင်းကို ပုံမှန်ထွက်နေကျအတိုင်း မနက်ပိုင်းမှာ မထွက်နိုင်ဘဲ၊ ညနေပိုင်းကျမှ ထွက်လိုက်နိုင်ခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ဒီနေ့လည်း အတတ်အနိုင်ဆုံး ထပ်ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ”

ဘယ်လို ရှေ့ဆက်မလဲ

တစ်ဖက်မှာလည်း သူတို့အနေနဲ့ လူအထိခိုက်နည်းနည်းနဲ့ သပိတ်စစ်ကြောင်းတွေ ထပ်ထွက်နိုင်အောင် ပြင်ဆင်နေရတယ်လို့လည်း အခုလိုထပ် ပြောပါတယ်။

“တစ်ခြားမြို့တွေလိုပဲ မုံရွာမှာလည်း သပိတ်စစ်ကြောင်းတွေ လှုပ်ရှားရတဲ့အနေထားက ဘောင် ကျဥ်းသထက်ကျဥ်းလာတဲ့ အနေအထားရှိနေပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအနေနဲ့လည်း ရှေ့ဆက်ပြီး သပိတ်တိုက်ပွဲကို ဘယ်လိုပုံစံနဲ့ ဆက်လုပ်သွားမယ်ဆိုတာ တိုင်ပင်ဆွေးနွေးနေပါတယ်။ ” ဆိုတာ ကိုဝေမိုးနိုင်က ဆက် ရှင်းပြပါတယ်။

အခြားမြို့တွေလို စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့မှာလည်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် အသက်၂၃နှစ် ကိုအောင်နိုင်ဝင်းဆိုတဲ့ လူငယ် တစ်ဦး ကျဆုံးခဲ့ပါတယ်။ပြီးတော့ ကိုအောင်နိုင်ဝင်း နဲ့ လေးယောက် သေနတ် ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက နှစ်ယောက်ကလည်း စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။

တစ်ဖက်မှာလည်း ဆန္ဒပြတဲ့သူတွေဘက်ကလည်း တူမီး လေသေနတ် အပြင်ရရာလက်နက် တွေနဲ့ ပြန်ခုခံ တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသသတင်းတွေကဆိုပါတယ်။

ဘယ်အရွေ့ကို ဦးတည်နေလဲ

စစ်ကောင်စီတပ်တွေ ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေ အားလျော့လာသလို ရတဲ့နည်းနဲ့ ခုခံတွန်းလှန်မယ်ဆိုတဲ့ လမ်းကြောင်းကလည်း ပေါ်လာတာကို တွေ့ရပါတယ်။

လက်ရှိအခြေအနေအရ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေက ဘယ်အရွေ့ကို ဦးတည်သွား နိုင်မလဲလို့ ဆိုတာနဲ့ ပတ်သက်ပြီး “အခုချိန်မှာ လူထုလှုပ်ရှားမှုတွေက အကန့်အသတ်တွေနဲ့ ကြုံနေရတဲ့ အနေအထားရောက်နေပါပြီ။ဒါပေမဲ့ လမ်းပေါ် လှုပ်ရှားမှုတွေပါတဲ့ လူငယ်တော်တော်များများ Gen z တွေက စစ်အာဏာရှင် အပြီးသတ်ချုပ်ငြိမ်းအောင်လုပ်မယ်ဆိုတဲ့ စိတ်တွေ ပြင်းပြင်းပြပြရှိနေကြတဲ့အပြင် CRPH ကိုယ်တိုင်ကလည်း ဖက်ဒရယ်တပ်မတော်ကို စပြောလာတဲ့အတွက် defence အဖွဲ့တွေမှာပါတဲ့ လူငယ်တော်တော်များများဟာ စစ်ပညာတွေသွားရောက် သင်ကြားတာမျိုးတွေ အကြမ်းဖက်စစ်အုပ်စုကို တုံ့ပြန်နိုင်မယ့် ပစ္စည်းကိရိယာတွေ တီထွင်တာမျိုးတွေဆိုတဲ့ လမ်းကြောင်းတွေဘက်ကိုရွေ့သွားတာ တွေ့နေရတယ်လို့ ကိုဝေမိုးနိုင်ငံက ပြောပါတယ်။

လူထုအနေနဲ့ လမ်းပေါ်လုပ်ရှားမှုတွေ လိုက်ပါနိုင်စွမ်း အကန့်အသတ်တွေရှိလာတဲ့အပေါ် ကိုဝေမိုးနိုင်က အခုလို ဆက်ပြောပါတယ်။

“ အကန့်အသတ်တွေရှိလာပေမယ့် ကျွန်တော်တို့လှုပ်ရှားမှုတွေကတော့ လုံးဝရပ်တန့်သွားမှာမဟုတ်ဘူး။ ခေတ္တနားတာမျိုး၊ ပုံစံတစ်ခုအတွက် ပြင်ဆင်တာမျိုးတော့ ဖြစ်လာနိုင်ပါတယ်။ ၁၉၈၈နောက်ပိုင်းတုန်းကလို အုံကြွမှုနည်းသွားပြီးတော့ စစ်အာဏာသိမ်းမှုကို ခေါင်းငုံ့ခံ ရတာမျိုးမဖြစ်သွားရအောင် ကျွန်တော်တို့ သပိတ်ကော်မတီတွေ၊ ရှေ့တန်းရဲဘော်တွေနဲ့ တက်ကြွလှုပ်ရှားသူအာလုံး ချိတ်ဆက်တိုင်ပင်နေပါတယ် ” လို့ ပြောပါတယ်။

အရင်တုန်းကဆိုရင် ဆန္ဒပြပွဲတွေကို ဦးစားပေး ဖြိုခွင်းတာတွေ မြို့ကြီးတွေမှာ လုပ်ခဲ့ပေမဲ့ အခုတော့ ဆန္ဒပြပွဲတွေဆက်ဖြစ်နေတဲ့ နယ်မြို့လေးတွေဘက်ကို ဦးတည်လာတာကိုလည်း တွေ့နေရပါတယ်။

ပြီးတော့ ရန်ကုန်မြို့က လူထုအုံကြွမှုကလည်း အရင်ကထက် အားနည်းလာတာကိုတွေ့နေရပေမဲ့ စစ်ကိုင်းတိုင်းထဲက ကလေးနဲ့တမူးမှာ မြို့ခံတွေက ရပ်ရွာအခြေပြုကာကွယ်ရေးတပ်တွေဖွဲ့တွေ ဖွဲ့လာတာလည်း တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေက မြိုခံတွေအပေါ် ပစ်ခတ်နေမှုအပေါ် ကာကွယ်လိုတာကြောင့် KCA လို့ ခေါ်တဲ့ Kalay Civil Army ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီအဖွဲ့ကို ကလေးမြို့ခံတွေက ဦးဆောင် ပြီး အမဲလိုက်ရာမှာ သုံးတဲ့ သေနတ်တွေနဲ့အတူ အခြား ရရာ လက်နက် တွေတပ်ဆင်ထားတယ်လို့ သူက ပြောပါတယ်။

အခြားတစ်ဖက်မှာလည်း သပိတ်လှုပ်ရှားမှုတွေ အရှိန်လျော့လာတာနဲ့ အလားတူ ရန်ကုန်က မြို့နယ်အချို့ မှာ ဧည့်စာရင်းတိုင်ဖို့ ဖိအားပေးမှုတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ ပြန် ရွေးချယ်တာတွေ လုပ်နေတယ်ဆိုတာ သိရ ပါတယ်။

အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံရမှုကြောင့် လူငါးရာကျော် သေဆုံးခဲ့ရပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေ အရှိန်လျော့လာတာနဲ့အတူ စစ်ကောင်စီရဲ့ ဒေသန္တအုပ်ချုပ်ရေး ကြီးစိုးလာမှာကို စိုးရိမ်နေကြသလို ဆန္ဒပြပွဲတွေကနေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေဆီ ဦးတည်လာနိုင်တဲ့ အခြေအနေကိုလည်း စောင့်ကြည့် နေကြပါတယ်။