လက်ရှိဆန္ဒပြသူတွေ ၁၉၈၈ ဖြစ်စဉ်ကနေ ဘာသင်ခန်းစာတွေ ယူနိုင်ကြမလဲ

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
- ရေးသားသူ, ဂျိုနသန်ဟက်
- ရာထူးတာဝန်, ဘီဘီစီအရှေ့တောင်အာရှသတင်းထောက်
မြန်မာပြည်က စစ်အာဏာရှင်ကို အဆုံးသတ်သွားစေမယ့် လှုပ်ရှားမှုတစ်ခုကို ကျောင်းသားတက်ကြွ လှုပ်ရှားသူ တွေ က ဦးဆောင်လှုပ်ရှား နေကြပါတယ်။ အဲဒီလှုပ်ရှားမှုက နိုင်ငံတစ်ဝန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေး အထွေထွေ သပိတ်တစ်ခုဖြစ် လာပြီး စစ်တပ်ဘက်ကလည်း ဒီဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်း သတ်ဖြတ် တာတွေ လုပ်လာပါတယ်။
အဲဒီအဖြစ်အပျက်ဟာ ၂၀၂၁ခုနှစ်မှာ ဖြစ်နေတာလား၊ ၁၉၈၈ က အဖြစ်အပျက်လား။
၁၉၈၈ လူထုလှုပ်ရှားမှုဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။
အကြမ်းဖက်နှိမ်နင်းတဲ့နည်းတွေကို သုံးပြီး အာဏာကို ချုပ်ကိုင်ထားခဲ့တဲ့ အစိုးရဟာ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုကို မကျေနပ်ပြီး အကြောင်းပြု စဖြစ်လာတဲ့ လူထုရဲ့ ကြီးမားတဲ့ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
၁၉၆၂မှာ အာဏာသိမ်းခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ၁၉၈၈ မှာ ၂၆ နှစ်တိုင်လာခဲ့ပါပြီ။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၄၈ခုနှစ် တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝန်းက လက်နက်ကိုင် တိုင်းရင်းသားတပ်တွေကို တိုက်ခိုက်နေတဲ့ တပ်မတော်ရဲ့ ဦးစီးချုပ်ဖြစ်ပြီး အရပ်သားတွေဟာ နိုင်ငံမပြိုကွဲအောင် ထိန်းသိမ်းနိုင်တဲ့ လူတွေ မဟုတ်ဘူးဆိုတဲ့ အမြင်ရှိသူလည်း ဖြစ်ပါတယ်။
ဦးနေဝင်းက မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ် အထီးကျန်နိုင် ငံတစ်ခုဖြစ်အောင်လုပ် ခဲ့သလို စစ်အေးတိုက်ပွဲကာလတွင်း အာရှနိုင်ငံတွေကို ရိုက်ခတ်လာနေတဲ့ အကွဲအပြဲတွေကြား တစ်ဘက်ဘက်ကို ရပ်တည်ဖို့ ငြင်းဆန်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ စိတ်ကူးပေါက်သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ တစ်ပါတီစနစ်ကို ထူထောင်ခဲ့ပြီး စစ်တပ်ကို အရေးပါတဲ့အခန်းမှာ ထားခဲ့တာကြောင့်လည်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည် အဖြစ်ထိ ရောက်ခဲ့ရပါတယ်။
ပြီးတော့ ၁၉၈၇ မှာ သူရဲ့ ငွေစက္ကူတွေဖျက်သိမ်းဖို့ ရုတ်တရက် ဆုံးဖြတ်လုပ်ဆောင် ကလည်း လူတွေကိုမကျေမနပ် ဖြစ်စေခဲ့ပြီး အဲဒီကနေ တစ်နှစ်အကြာ ၁၉၈၈ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလမှာ ဆန္ဒပြပွဲကြီးတွေဖြစ်တဲ့ အထိ ဦးတည်သွားစေခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကြောင့် ကြီးမားတဲ့ စီးပွားရေးရိုက်ခတ်မှုတွေဖြစ်လာပြီး ကျောင်းသားတွေ ကျောင်းလခ မပေးနိုင်တဲ့ အဆင့်ထိတောင် ဖြစ်ခဲ့ပါတယ်။
၈၈မျိုးဆက်
အဲ့ဒီကနေ စစ်အစိုးရ ဆန့်ကျင်ရေး ထိပ်တိုက်ရင်ဆိုင်မှုတွေထိဦးတည်သွားခဲ့ပြီးနောက် စစ်တပ်ဘက်က အကြီးအကျယ် ပစ်ခတ်နှိမ်နှင်းမှုတွေ လုပ်ခဲ့လို့ ၁၉၈၈မှာ လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့လ ဖေဖေါ်ဝါရီအာဏာသိမ်းမှုအပြီး လက်နက်မဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေက ထိတ်လန့်စရာဖြစ်ခဲ့ပေမဲ့ ၁၉၈၈ ခုနှစ်တုန်းက အဆင့်အထိတော့ မရောက်သေးပါဘူး။
၁၉၈၈လူထု အုံကြွမှုမှာ ဦးဆောင်ခဲ့တဲ့ ၈၈မျိုးဆက်လို့ ခေါ်တဲ့ ကျောင်းသားတွေရဲ့ ကဏ္ဍဟာ ဒီနေ့အထိမြန်မာနိုင်ငံမှာ ရှိနေတုန်းပါ။ သူတို့ထဲကအတော်များများက အကျဉ်းထောင်တွေထဲ နှစ်၂၀နီးပါးနေခဲ့ရလို့ ကျန်းမာရေး ချို့တဲ့ မှုတွေကြုံခဲ့ရပေမဲ့ သူတို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ စိတ်ဓာတ်ကတော့ ရှင်သန်နေဆဲဆိုတာ တွေ့နေရပါတယ်။ ဒီကနေ့ဆန္ဒပြပွဲတွေမှာလည်း သူတို့ထဲက တချို့ ပြန်ပါလာတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
ဒါပေမဲ့ သူတို့ဟာ ငယ်ရွယ်သူတွေ မဟုတ်ကြတော့ပါဘူး။ လူသိများတဲ့ ၈၈ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဆိုရင် အသက်၅၈နှစ်ကို ရောက်နေပါပြီ။ ဆန္ဒပြပွဲ အခင်းအကျင်းတွေကလည်း ၈၈တုန်းကနဲ့ မတူတော့သလို နည်းပညာပြောင်းလဲမှုနဲ့အတူ ဆန္ဒပြပွဲအတွင်း ထိပ်တိုက်တွေ့မှုတိုင်းကို မှတ်တမ်းတင်တာတွေ၊ ချက်ချင်း အွန်လိုင်းပေါ်တင်တာတွေ လုပ်လာနိုင်ပြီး လုံခြုံရေးတပ်တွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကို မှတ်တမ်းတင်နိုင်တာကို တွေ့ရပါတယ်။
ဆိုရှယ်မီဒီယာခေတ်နဲ့ လက်ကမ်းစာစောင်ခေတ်
၂၀၂၁ခုနှစ်ဆန္ဒပြပွဲနဲ့ ၁၉၈၈ဆန္ဒပြပွဲမတူတဲ့ အချက်က ဆိုရှယ်မီဒီယာအသုံးပြုနေတဲ့ အခြေအနေနဲ့ ၁၉၈၈တုန်းက လက်ကမ်းစာစောင်တွေပဲ ဖြန့်နိုင်တဲ့ အချက်ကွဲပြား သွားတာပါ။
အခုဆို နည်းပညာအားကိုးမှုနဲ့ မြန်မာနိုင်ငံတွင်းက မြို့ကြီးတွေတင်မက အစွန်အဖျား ဒေသတွေက ဆန္ဒပြပွဲသတင်းတွေ၊ အကြမ်းဖက် ဖြိုခွင်းခံရမှု သတင်း တွေကို ဖေ့စ်ဘုတ်နဲ့ တွစ်တာတို့ မှာ အချိန်နဲ့တစ်ပြေးညီတင်နိုင်လို့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတာတွေကို အားလုံး ချက်ချင်းသိနေကြပါပြီ။
၁၉၈၈တုန်းကဆိုရင် သတင်းတွေ လူသိနိုင်ဖို့ လက်ကမ်း စာစောင်တွေ ရိုက်ပြီး ဝေတာ၊ ပါးစပ်နဲ့ သတင်းဖြန့်ချိတာတွေပဲ လုပ်နိုင်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းက တယ်လီဗီးရှင်းကလည်း အိမ်တိုင်းမှာမရှိကြ သေးသလို ဆက်သွယ် ရေးအတွက် အိမ်မှာတပ်ထားတဲ့ ကြိုးဖုန်း၊ လိုင်းဖုန်းတွေကိုပဲ အားကိုးခဲ့ ရပါ တယ်။
တဂျစ်ဂျစ်မြည်သံတွေကြား ရေဒီယိုလှိုင်းတို ကိုပဲ ထုတ်လွှင့်ခဲ့ရတဲ့ BBC World Service ကထုတ်လွှင့်ချက်တွေကိုပဲ အဲဒီအချိန် မြန်မာပြည်တွင်းက မြန်မာရော အင်္ဂလိပ်စကားပြောသူတွေကပါ အားကိုးခဲ့ရတဲ့အချိန်ပါ။
ဒါပေမဲ့ အခြား နိုင်ငံခြားသား အနည်းငယ်နဲ့ အတူ ဘီဘီစီ လူငယ်သတင်းထောက် ခရစ္စတိုဖာဂန်းနက်လည်း အဲ့ဒီတုန်းကနေ ဖြစ်ပျက်နေတာတွေကို မြန်မာနိုင်ငံထဲဝင်ခွင့်ရတဲ့ အခိုက်အတန့်လေးမှာ သြဂုတ်လဖြစ်စဉ်ကို တောက်လျှောက် သတင်းပို့ပေးနေပါတယ်။ သူရဲ့ သတင်းပေးပို့တွေမှုကနေတစ်ဆင့် လူသိန်းနဲ့ချီလမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ ၈လေးလုံး အထွေထွေသပိတ်ကြီးအကြောင်းကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့ပြီး မြန်မာနိုင်ငံသားတွေက သူ့ကို သူရဲကောင်းကြီးတစ်ယောက်သဖွယ် သဘောထား ခဲ့ကြပါတယ်။။
၁၉၈၈မှာ ဆန္ဒပြသူတွေ ပါဝင်လာစေခဲ့တဲ့ အဓိကအကြောင်းရင်း က ၂၆နှစ်ကြာ စီးပွားရေး အထီးကျန်မှုနဲ့ လူတွေဆင်းရဲမွဲတေလာတာကို မကျေနပ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခုကတော့ ၁၀နှစ်ကြာ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီပြီး အာဏာသိမ်းခံရလိုက်ရတာကို ဆန့်ကျင်ကြတာပါ။
၂၀၂၁ ဆန္ဒပြပွဲကို ဦးဆောင်တဲ့သူတွေက မြန်မာနိုင်ငံရဲ့ ရထားပြီးသား စီးပွားရေးအခြေအနေကောင်းတွေကို တတ်နိုင်သလောက် မူလအခြေအနေမပျက် ဆက်ထိန်းသွားချင်ကြသလို ကမ္ဘာနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေရနေတာကို ဆက်လိုချင်ပါတယ်။ သူတို့မိဘတွေလက်ထက်က မရခဲ့တာကို ပြီးခဲ့တဲ့ ဆက်နှစ်လောက်အတွင်း သူတို့ရနေခဲ့တဲ့ အခြေအနေပျက်သွားမှာ လက်မခံနိုင်ကြပါဘူး။
"၁၉၈၈အရေးတော်ပုံစဖြစ်တဲ့ အကြောင်းတွေထဲမှာ ဆိုရှယ်လစ် စနစ်ကို မကြိုက် တော့တဲ့ အချက်က အဓိကပါတယ် လို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အရပ်ဘက်ဝန်ထမ်း ကိုရဲလင်းအောင်ကပြောပါတယ်။
"ဆိုရှယ်လစ်စနစ်လည်း ပြိုလဲသွားရော စစ်တပ်က ဝင်အာဏာသိမ်းလိုက်တယ်။ ဒါပေမယ့် ၂၀၂၁မှာ ကျတော့ ရွေးကောက်ပွဲအနိုင်ရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထဲကနေ စစ်တပ်ကအာဏာသိမ်းလိုက်တယ်။ အဲဒါက အရမ်းကွာခြားတဲ့ အချက်ပါ။ ကျွန်တော်တို့CDM မှာ ပါဝင်လာတာက ရွေးကောက်ခံ NLD အစိုးရကိုပဲ လက်ခံအ သိအမှတ်ပြုတာကြောင့်ပါ။ ၁၉၈၈တုန်းက အလုပ်သမားတွေ အလုပ် မသွားကြတဲ့ပုံစံက ဆူပူမှုတွေဖြစ် အကြမ်းဖက်မှုတွေဖြစ်ခဲ့ တာကြောင့်ပါ။ အခုကျွန်တော်တို့ အလုပ်မသွားတာက အာဏာသိမ်း စစ်ကောင်စီအဖွဲ့အုပ်ချုပ်တာကို မပူးပေါင်းချင်လို့ဖြစ်တယ်" လို့ ကိုရဲလင်းအောင်ကပြောပါတယ်။
အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်၊ ခုတော့ ခေါင်းဆောင် ထောင်နဲ့ချီ
၁၉၈၈အရေးခင်းကနေ ဖြစ်လာတဲ့ အဓိကအချက်က အဲ့ဒီတုန်းက သူ့အမေကို ပြုစုဖို့ မြန်မာပြည်ထဲ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင် အဖြစ် ဆွဲထုတ်နိုင်လာခဲ့တာပါ။
ပြီးတော့ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တည်ထောင် စစ်တပ်အရာရှိကြီးဟောင်းတွေဖြစ်ကြတဲ့ ဦးအောင်ကြီး၊ ဦးတင်ဦးတို့နဲ့ အတူ ပါတီကို ဗဟိုချုပ်ကိုင်မှုနဲ့ အထက်အောက် အမိန့်စီး ဆင်းမှုတွေနဲ့ အတူ ဦးဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ စစ်အာဏာသိမ်း ဆန့်ကျင်မှုလှုပ်ရှားမှုတွေမှာတော့ ခေါင်းဆောင်မရှိဘူးလို့ ပြောတတ်ကြပါတယ်။ တကယ်တန်းကျတော့ ဒီကနေ့လှုပ်ရှားမှုတွေမှာ သူတို့ သက်ဆိုင်ရာနယ်မြေနဲ့ အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ ခေါင်း ဆောင် ထောင်နဲ့ချီထွက်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, EPA
အတိတ်က သင်ခန်းစာတွေ
၁၉၈၈တုန်းကဖြစ်ခဲ့တာတွေကိုလေ့လာပြီး သူတို့အတွက် အသုံးဝင်မယ့် ဒီနေ့ မျိုးဆက်တက်ကြွလှုပ်ရှားသူတွေ သင်ခန်းစာတွေအဖြစ်လေ့လာနိုင်ပါတယ်။
၁၉၈၈ကနေ ဆန္ဒပြတဲ့သူတွေက တိုင်းပြည်ရဲ့ အရပ်ဘက်ခေါင်းဆောင် တစ်ယောက်ကို အလျင်အမြန်မွေးထုတ်နိုင်ခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကျတော့ အချင်းချင်းကြား တစ်စည်းတစ်လုံး တညီတညွတ်တည်း ဖြစ်အောင်လုပ်ဖို့ နှေးကွေး ခဲ့တာကို တွေ့ရပါတယ်။
၁၉၈၈ ဇူလိုင်လမှာ ဦးနေဝင်း ရာထူးက ဆင်းသွားပြီးနောက်ပိုင်း သူ့နေရာကို ဆက်ခံသူအဖြစ် ဗိုလ်ချုပ်စိန်လွင် တက်လာပြီး သမ္မတရာထူးကို ၁ရရက်ကြာ ရယူခဲ့တဲ့အချိန် ဆန္ဒပြတဲ့သူတွေကို သတ်ဖြတ်နှိမ်နင်းတာတွေလုပ်ခဲ့လို့ သူ့ကိုသားသတ်သမားလို့တောင် ခေါ်ကြပါတယ်။
သူရာထူးက ဆင်းသွားပြီးနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံဟာ ဥပဒေစိုးမိုးမှုကင်းမဲ့ပြီး ဒေသန္တရအုပ်ချုပ်ရေးတွေလည်း ပြိုလဲသွားခဲ့လို့ စစ်တပ်က စက်တင်ဘာ၁၈ရက်နေ့ မှာ အာဏာသိမ်းတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
အဲဒီကနေ ရက်စက်ပြင်းထန်တဲ့ အာဏာရှင်စနစ်အောက်မှာ နှစ်၂၀ကျော် ဆက်နေခဲ့ရပြီး ၈၈ မျိုးဆက်ရဲ့ မျှော်လင့်ချက် တစ်ခုဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နှစ်၂၀နီးပါး အိမ်အကျယ်ချုပ်နဲ့နေခဲ့ရပါတယ်။
၁၉၈၈တုန်းကအခြေအနေကို ပြန်ကြည့်လိုက်ရင် ကျောင်းသားဆန္ဒပြလုပ်ရှားမှုတွေနဲ့ လွတ်လပ်ရေးရကတည်းက ဖက်ဒရယ်အစိုးရဖြစ်ဖို့ တောင်းဆို တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေအား နည်းခဲ့တယ်လို့ ပြောနိုင်ပါတယ်။ပြီးတော့ ဗမာအများစုနဲ့ လူနည်းစုတိုင်းရင်းသားတွေကြားက မယုံကြည်မှုကလည်း ဒီနေ့အထိ ဆက်ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမယ့် CDM မှာပါဝင်နေတဲ့ လူငယ် တက်ကြွလှုပ်ရှားသူတွေကတော့ အရင်တုန်းကလူတွေနဲ့ မတူဘဲ နိုင်ငံရေးမှာ ဘယ်သူမဆို ပါဝင်နိုင်ဖို့ ပွင့်ပွင့်လင်းတောင်းဆို တိုက်တွန်းနေကြပြီး အတိတ်ကဖြစ်ခဲ့တဲ့ ကရင်၊ကချင်နဲ့ ရိုဟင်ဂျာတွေ ထိခိုက်နာကျင်ခံစားခဲ့ရမှုတွေ အတွက်လည်းတောင်းပန်နေကြပါတယ်။
မူလ အခြေအနေကို ပြန်မသွားချင်ကြတော့ဘူး
"စစ်တပ်ဟာ သူတို့ဘုံ ရန်သူဖြစ်တယ်ဆိုတာ အားလုံးက သဘောတူညီကြပေမဲ့ တစ်ချိန်ထဲမှာ အရင်တုန်းက အခြေအနေမျိုး ပြန်သွားလို့မရတော့ဘူး ဆိုတာလည်း သဘောပေါက်နေကြပါတယ်။ မဲဆန္ဒရလဒ်ကိုပဲ လေးစားလိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခက်ခဲတဲ့ စစ်တပ်နဲ့ အာဏာညှိယူနေရတဲ့ အခြေအနေကိုလည်း ပြန်မသွားစေချင်ကြတော့ဘူး" လို့ စင်ကာပူ အမျိုးသားတက္ကသိုလ်က လူမှုဗေဒ မနုဿဗေဒဌာန တွဲဘက်ပါမောက္ခ Elliot Prasse-Freeman ကပြောပါတယ်။
ပြီးတော့ မြန်မာစစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေကြောင့် လစ်ဘရယ်အမြင်ရှိတဲ့ လူအများစုကတောင် ၁၀နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ မည်ကာမတ္တ ဒီမိုကရေစီ ဆိုတာ တကယ်လက်တွေ့မှာ မည်ကာမတ္တဒီမိုကရေစီပဲ ဖြစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို ရင်ဆိုင်နေရပါပြီ လို့သူက ဆက်ပြောပါတယ်။
၁၉၈၈ အရေးတော်ပုံအပြီးနောက်ပိုင်း အတွေ့အကြုံကို ပြန်ကြည့်လိုက်ရင် စစ်ဗိုလ်ချုပ်ကြီးတွေ လာဘ်စားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ဆက်နွယ်ပြီး အကြီးအကျယ်ကြွယ်ဝချမ်းသာ လာခဲ့တဲ့အတွက် အရင်တုန်းက ပြည်သူလူထုကြားမှာ စစ်တပ်ဟာ တိုင်းပြည်ကို စုစည်းထားနိုင်သူဆိုပြီး သူတို့ကို အထင်ကြီး လူတွေလေးစားခဲ့မှုတွေတောင် ပျောက်ကွယ်ကုန်ပါတယ်။
အခုဆို သူတို့ဟာ ၁၉၈၈တုန်းက သူတို့ပေးခဲ့တဲ့ သူတို့ပေးချင်တဲ့အချိန်မှာ ပေးချင်တဲ့ အခြေအနေမျိုးနဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်ပေးပါမယ် ဆိုတဲ့ ကတိကို တောင်ဖျက်ခဲ့ပါပြီ။ သူတို့ဘာပြောပြော လူထုလက်ထဲကို အာဏာပြန် အပ်ဖို့ သူတို့မှာ အစီအစဉ်မရှိဘူး ဆိုတာကို မြန်မာလူထုက ပို သဘောပေါ က်လာကြပါတယ်။
အဲ့ဒါကြောင့် အရင်တုန်းက အာဏာသိမ်းခံရတဲ့ အခြေအနေနဲ့ မတူတဲ့ပုံစံမျိုး ဒီအာဏာ သိမ်းမှုမှာ လူတွေ ဘာကြောင့် အသက်စွန့်နေရလဲ ဆိုတာ သဘော ပေါက်လာစေ နိုင်ပါတယ်။
"ဒီစစ်ဗိုလ်ချုပ်တွေက ၁၉၈၈နောက်ပိုင်း တစ်လျှောက်လုံး ဒီမိုကရေစီအကူးအပြောင်းကို သူတို့ ဖော်ဆောင်ပေးသွားမှာပါလို့ ကတိကဝတ်တွေ ပေးပြီး အမြဲ ပြောနေတာပါ" လို့ ပါမောက္ခ Elliot Prasse-Freeman က ဆိုပါတယ်။
"အခုသူတို့ အဲ့ဒါမျိုးထပ်ပြောလို့မရတော့ဘူး။ အခုဆို လူတွေက ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ကို မြန်မာလိုရော အင်္ဂလိပ်လိုပါ နှစ်မျိုးလုံးနဲ့ အကြမ်းဖက်သမားလို့ အမည် တပ်နေကြပါပြီ။ နေ့ခင်းကြောင်တောင်ကြီးမှာတောင် ရဲနဲ့အထူးလုံခြုံရေးအဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သူတွေကို ရိုက်နှက် သတ်ဖြတ်နေကြသလို၊ ညဘက်မှာလည်း တွေ့တဲ့အရပ်သားတွေကို ပစ်နေတာတွေ၊ ဆိုက်ကားတွေဖျက်ဆီး၊ ကားတွေကို ရိုက်ခွဲနေတာတွေကို မြင်နေရတဲ့ ဗီဒီယိုတွေကလည်း ပြန့်နေပါပြီ။
ပြီးတော့ စစ်တပ်က အရပ်သားတွေကို ရန်သူလို့မြင်နေတာလည်းကြာပါပီ။ ဒါကြောင့် ဒီရမ်းကားကြမ်းတမ်းတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကနေ မြန်မာစစ်တပ်နဲ့ အရပ်သားတွေကြားမှာ ကွဲပြားမှုတွေဘယ်လောက်ကြီးမားနေ တယ်ဆိုတာ သိသာထင်ရှားစေပါတယ်"လို့ Elliot Prasse-Freeman ကသုံးသပ်ပါတယ်။








