ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ ရှေ့ဆက်မယ်ဆိုတဲ့ စစ်ကောင်စီနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း
"၈၈က အချိုးမျိုးတွေ ၂၁ မှာ လာမချိုး"နဲ့ဆိုတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ကြွေးကြော်သံကို ကျယ်ကျယ်လောင်လောင် ကြားသိနေရပါတယ်။ ဒါဟာ မျက်မှောက်ခေတ်က အမှန်တရားတစ်ခုကို ထောက်ပြနေတယ် ဆိုတာ ငြင်းဆန်လို့ မရပါဘူး။ ကဏ္ဍပေါင်းစုံကို နိုင်ငံတကာနဲ့ ချိတ်ဆက် လုပ်ကိုင်နေရတဲ့ အချိန်ကာလမျိုးမှာ တစ်နိုင်ငံတည်း အထီးကျန်ဆန် နေနေပြီး မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ ရှေ့ဆက်လို့မရဘူး ဆိုတာကို ပြနေပါတယ်။
"အရင်ကလည်း ပိတ်ဆို့မှုတွေ ရှိခဲ့လို့ ပိတ်ဆို့တဲ့ဒဏ်ကို ခံနိုင်တယ်။ မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ ရှေ့ဆက်သွားမယ်" ဒါဟာ အာဏာသိမ်းစစ်ကောင်စီက ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ပြောစကားတစ်ခုပါ။
စစ်ကောင်စီရဲ့ မတရား အာဏာသိမ်းမှုအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်လာနိုင်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ သတိပေးမှုကို ဒုတိယ ဗိုလ်ချုပ်မှူးကြီးက အခုလို တုံ့ပြန်ခဲ့တာပါ။
စစ်ကောင်စီဟာ လက်တွေ့မှာ သူတို့ပြောစကားအတိုင်း မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ပဲ ရှေ့ဆက်နိုင်မလား ဆိုတာကို မေးခွန်းထုတ်လာစရာ ရှိပါတယ်။
မြန်မာ့စီးပွားရေးပညာရှင်တွေဘက်ကတော့ အခုလက်ရှိ အခြေအနေဟာ လွန်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးအပြီး နိုင်ငံ့အခြေအနေနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ ပြတ်ပြတ်သားသား သုံးသပ် ပြောဆိုနေကြပါတယ်။
"အုပ်စုလေးကျဉ်းကျဉ်းလေးထဲမှာ လုပ်တာ မဟုတ်တော့ဘူးလေ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်ကြတာ။ ကမ္ဘာကြီးတစ်ခုလုံးက ချိတ်ဆက်ပြီး တစ်ခုနဲ့တစ်ခု ဆက်နွယ်ပြီး အလုပ်လုပ်ကြတာ ဖြစ်တော့ အဲ့ဒါနဲ့ မဆက်နွယ်နိုင်ဘူး၊ မချိတ်ဆက်မိဘူး ဆိုရင် အလုပ်က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"လို့ စီးပွားရေးပညာရှင် ဒေါက်တာစိန်မင်းက ဘီဘီစီကို ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီက သူတို့ရဲ့ စီးပွားရေးချိတ်ဆက်မှုတွေကို အာဆီယံနိုင်ငံတွေနဲ့ လုပ်ဆောင်သွားနိုင်ဖို့ အားခဲထားပုံ ရပါတယ်။ မတ်လ ၂ ရက်က ပြုလုပ်တဲ့ ၂၇ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပြီး လက်ရှိအစိုးရအနေနဲ့ အရင်အစိုးရ အဆက်ဆက် ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေကို ဥပဒေနဲ့ အညီ အကာအကွယ်ပေးသွားဖို့ အာမခံပါတယ်လို့ ထည့်သွင်း ပြောသွားပါတယ်။
ဒီလိုအာမခံချက်တွေ ပေးနေပေမယ့် လက်တွေ့မှာတော့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်လိုက်တာ၊ ပြန်ရုတ်သိမ်းသွားတာတွေ ရှိလာနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။ ဒီလို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတည်ငြိမ်ရေးအပေါ် အများကြီး မူတည်တာ ဖြစ်ပါတယ်။
"Political Risk ရှိတယ်ဆိုရင် အများစုက Risk မယူဘဲနဲ့ အနည်းဆုံးတော့ စောင့်ကြည့်တာပေါ့။ ရင်းနှီးမြှုပ်နှံမှု မရှိဘဲနဲ့ တိုင်းပြည် စီးပွားရေးတိုးတက်မှုက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လောလောဆယ်က ဆက်ရပ်တည်နိုင်ဖို့ ထောက်ပံ့ပေးနိုင်မယ့်သူတွေ အဆက်မပြတ် သွားဖို့ ပိုအရေးကြီးနေတယ်" လို့ ဒေါက်တာစိန်မင်းက ဆိုပါတယ်။
ဒီလိုစီးပွားရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်နိုင်ဖို့ စစ်ကောင်စီက ပြည်တွင်း၊ ပြည်ပက စီးပွားရေးအဖွဲ့အစည်းတွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပက စီးပွားရေးအသင်းကြီးတွေ ဖြစ်တဲ့ အမေရိကန်၊ ဥရောပနဲ့ အီတလီ စီးပွားရေးအသင်းတွေက ငြင်းပယ်လိုက်တယ်လို့ မတ်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အခြား ပြည်တွင်းက စက်မှုလက်မှုလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေထဲကလည်း တက်ရောက်ဖို့ ငြင်းဆန်ထားသူတွေ ရှိနေတာပါ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံခဲ့တာကို နိုင်ငံပိုင် သတင်းစာတွေကနေ တခမ်းတနား ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် UMFCCI မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကတော့ သူတို့ရဲ့ ရုံးကို ပိတ်ထားခဲ့တာ ဖေဖော်ဝါရီ ၁၁ ရက်ကတည်းကနေ အခုချိန်ထိပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကိုလည်း ကန့်ကွက်တယ်လို့ သူတို့က ထုတ်ပြန်ထားပါသေးတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအရ နေ့စဉ် ဆန့်ကျင်ဆန္ဒပြတာတွေကို ရင်ဆိုင်နေရသလို လက်ရှိဒေသတွင်း အာဆီယံနိုင်ငံတွေဆီကနေ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးစားနေရဆဲ အခြေအနေ ဖြစ်ပါတယ်။ တဖက်မှာလည်း ဝန်ကြီးဌာနအတွင်း ဝန်ထမ်းတွေရဲ့ အလုပ်မတက်တဲ့ CDM လှုပ်ရှားမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက မတ်လ ၂ ရက်မှာ ထုတ်ပြန် ကြေညာခဲ့တဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၃ ခုကို ခေတ္တပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူထားတဲ့ ဦးတင်ထွန်းနိုင် ဘာတွေ ရှေ့တိုး လုပ်ဆောင်လာမလဲ ဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။
"ကမ္ဘာကြီးဟာ ရွာကြီးဖြစ်သွားပြီ" လို့ ဆိုနေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ မိတ်ဆွေအနည်းငယ်နဲ့ ရပ်တည်မယ့်ဗျူဟာက အသက်ဝင် မဝင်ဆိုတာကိုတော့ စီးပွားရေး ပိတ်ကားထက်မှာ ဆက်လက် စောင့်ကြည့် ကြရမှာ ဖြစ်ပါတယ်။