ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂ဝ မြန်မာရွေးကောက်ပွဲ အငြင်းပွားမှု- အစိုးရနဲ့ တပ်မတော် ညှိနှိုင်းအဖြေရှာဖို့ သံဃနာယက တိုက်တွန်း
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်ကို ငြင်းခုံခြင်းမပြုကြဘဲ ညှိနှိုင်းအဖြေရှာဖို့ မေတ္တာရပ်ခံတယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဇန်နဝါရီ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။
အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူဒါယကာ၊ဒါယိကာမတွေအနေနဲ့ နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်ကို မိမိတို့ရဲ့ ဆန္ဒကို ငြင်းခုံမှုမပြုဘဲ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ စည်းမျဥ်းတွေနဲ့အညီ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဖို့ မေတ္တာရပ်ခံအပ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါအပါအဝင် ကဏ္ဍအသီးသီးမှာ အခက်အခဲတွေ ခံစားနေကြရတဲ့ အချိန်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ရဟန်းရှင်လူပြည်သူတွေ စိုးရိမ်ကြောင့်ကြ ဖြစ်နေတာကို သတင်းတွေအရ သိရှိထားကြောင်းနဲ့ ငြင်းခုံခြင်းဟာ ဘေးဖြစ်ပြီး ညှိနှိုင်းအဖြေရှာခြင်းက ချမ်းသာကြောင်း တရားလို့ ခံယူပြီး စေ့စပ်ညှိနှိုင်းရေး လွန်စွာလိုအပ်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက သံဃမဟာနာယက ဆရာတော်ကြီးတွေ အွန်လိုင်းက တွေ့ဆုံအစည်းအဝေးလုပ်ပြီး သဘောတူ ဆုံးဖြတ်ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ နိုင်ငံပိုင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက ကြေညာပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုပြီး မပြေလည်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် တပ်မတော်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးကို တပ်မတော် အကြီးအကဲက ထုတ်ပြောလာတဲ့အတွက် နိုင်ငံအတွင်းမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
- ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ တပ်ချုပ်ပြော
- မဲစာရင်းအားနည်းချက်က ရွေးကောက်ပွဲ မသမာမှု မဖြစ်နိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်တုံ့ပြန်
- မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ သံရုံးတွေက စိုးရိမ်ကြောင်းပြော
- သမ္မတကို ဘာလို့တရားစွဲတာလဲ၊ တရားစွဲတဲ့ စာချွန်တော်အမှု ထူးခြားချက်က ဘာလဲ
ကရင်အမျိုးသား အစည်းအရုံး KNU ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အကြပ်အတည်းတွေကို ကျော်လွှားဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံးပါဝင်နိုင်မယ့် မျက်နှာစုံညီ အရေးပေါ်အစည်းအဝေးတစ်ခု အမြန်ဆုံးခေါ်ယူဖို့ တောင်းဆိုတယ်လို့ ဇန်နဝါရီ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်ပူပန်ကြောင်းနဲ့ တပ်မတော်နဲ့ တခြားလူပုဂ္ဂိုလ်တွေအနေနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာကြဖို့ ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရထားတဲ့ အာဏာရပါတီ NLD အစိုးရကတော့ နေပြည်တော်မှာ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်အသစ်တွေနဲ့ ကျင်းပမယ့် လွှတ်တော်တွေကို ဖေဖော်ဝါရီ ၁ ရက်က စပြီး ကျင်းပဖို့ ရှိနေပါတယ်။