ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် - ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ် ဘယ်လို ကုသမလဲ
ကိုဗစ်-၁၉ ရောဂါရှာဖွေကုသရေးကို အစိုးရဆေးရုံတွေကပဲ တာဝန်ယူကုသနေရာကနေ ပုဂ္ဂလိကဆေးရုံ ၂ခုကို ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပါပြီ။
အဲဒီလို ကိုဗစ်-၁၉ ရောဂါ ရှာဖွေကုသရေးအတွက် ခွင့်ပြုခဲ့ရာမှာ ရန်ကုန်တိုင်းက ပန်းလှိုင်ဆေးရုံနဲ့ N Health Myanmar ဆေးရုံတို့ကို ပထမဆုံးအနေနဲ့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါရှိမရှိ လက်ခံစစ်ဆေးကုသပေးတဲ့ ဝန်ဆောင်မှု ပေးလိုတဲ့ ပုဂ္ဂလိကဆေးရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနကို အဆိုပြုလွှာတင်ဖို့ ကြေညာချက်ထုတ်ခဲ့ပြီးတဲ့နောက် ပန်းလှိုင် ဆေးရုံ၊ အကယ်ဒမီဆေးရုံနဲ့ ပါရမီဆေးရုံစတဲ့ ပုဂ္ဂလိကဆေးရုံတွေဘက်က လျှောက်ထားပြီး သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနရဲ့ စစ်ဆေးမှုတွေကို ခံယူခဲ့ကြတယ်လို့ သိရပါတယ်။
ဒီထဲကမှ ပန်းလှိုင်ဆေးရုံနဲ့ N health Myanmar တို့ကို ခွင့်ပြုမိန့် ချထားပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အခုအခါမှာ အဲဒီဆေးရုံတွေက ဝန်ထမ်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကိုဗစ်စစ်ဆေးတဲ့ နေရာတချို့မှာ ပူးတွဲ လေ့ကျင့်ပေးနေပြီး နောက်ပိုင်းမှာ ခရီးသွားလာဖို့အတွက် အဲဒီဆေးရုံတွေကနေ ကိုဗစ်ကင်းရှင်းကြောင်း ခွင့်ပြုချက်ကို သက်ဆိုင်ရာဆေးရုံရဲ့ တံဆိပ်နဲ့ ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးရုံတွေမှာ ဘာတွေ လုပ်ပေးမလဲ
အခုလို ကိုဗစ်ရှိမရှိ ရှာဖွေကုသစစ်ဆေးဖို့ ခွင့်ပြုချက်ရတဲ့ ဆေးရုံတွေအနေနဲ့ ကိုဗစ်ရှိမရှိ စစ်ဆေးတာကနေ ပိုးတွေ့ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ လူနာတွေကိုပါ အစအဆုံးကုသပေးတဲ့ ဝန်ဆောင်မှုကို ပေးနိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကုသခွင့်ရထားတဲ့ ဆေးရုံတချို့နဲ့ပူးပေါင်းပြီး ရောဂါရှာဖွေစစ်ဆေးတာကိုပဲ လုပ်ကိုင်ဖို့ လျှောက်ထားတဲ့ ဓာတ်ခွဲခန်းအချို့လည်းရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ခွင့်ပြုချက်ရထားတဲ့ ပုဂ္ဂလိကဆေးရုံတွေ အနေနဲ့ ကိုဗစ်ရှိမရှိ စစ်ဆေးတာတွေကို လုပ်ဆောင်နိုင်မယ့်အခြေ အနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကို အခုလို ပြောပါတယ်။
ကိုဗစ် ရှိမရှိ စစ်ဆေးတဲ့ အပိုင်းနဲ့ လူနာ လက်ခံ ကုသမှု ပမာဏ၊ အစိုးရဆေးရုံတွေကို ပြန်လွှဲတာ စတာတွေဟာ ဆေးရုံ တစ်ရုံချင်းစီရဲ့ လက်ခံလုပ်ဆောင်နိုင်တဲ့ ပမာဏနဲ့ သက်ဆိုင်ပြီး ခွင့်ပြုဖို့ စစ်ဆေးရာမှာ ကြိုတင်ပြင်ဆင်ရတဲ့ အပိုင်းမှာ အဲဒီအချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ကုသခံသူဘက်က ကုန်ကျစရိတ်
လက်ရှိမှာ ကိုဗစ်လူနာတွေကို အစိုးရဆေးရုံတွေက အခမဲ့ကုသပေးနေတာ ဖြစ်ပေမယ့် ပုဂ္ဂလိကဆေးရုံတွေမှာတော့ ကုသခ၊ ဆေးဖိုးနဲ့ တစ်ကိုယ်ရေ ကာကွယ်ရေး PPE ဝတ်စုံဖိုးတွေ အပါအဝင် ကုန်ကျစရိတ်အားလုံးကို လူနာကပဲ ကျခံရမှာဖြစ်တယ်လို့ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ဘီဘီစီကို ပြောထားပါတယ်။
ဒါ့အပြင် အခုလက်ရှိမှာ ပြည်တွင်းလေကြောင်းတွေ ပျံသန်းပြေးဆွဲခွင့် ဒီဇင်ဘာ ၁၆ ရက်က စတင် ခွင့်ပြုလိုက်ပြီ ဖြစ်လို့ ခရီးသွားလာသူတွေ ၃၆ နာရီအတွင်း ကိုဗစ် ကင်းစင် လက်မှတ်ပြသဖို့ လိုအပ်ပါတယ်။
ရန်ကုန်မြို့မှာဆိုရင် ဆူးလေဘုရားအနီး ရှိ Tourist Burma အဆောက်အအုံနဲ့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရဆေးခန်းတို့မှာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူကာ (RT-PCR Test) စစ်ဆေးနေတာဖြစ်ပြီး တဦးကို မြန်မာငွေကျပ် ၁ သောင်းနဲ့ စစ်ဆေးပေးနေပါတယ်။ အခုလို ပုဂ္ဂလိကကို ခွင့်ပြုလိုက်လို့ နောက်ပိုင်းမှာ ခွင့်ပြုချက်ရ ပုဂ္ဂလိကဆေးရုံတွေဆီကနေပါ ကိုဗစ်ကင်းစင်ကြောင်းလက်မှတ် ရယူနိုင်မှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ အထိ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တစ်သိန်းတစ်သောင်းကျော်နဲ့ သေဆုံးသူက ၂၄၂၄ ကျော် ရှိပြီး ကိုဗစ်ရှိမရှိကို rapid antigen test kit နဲ့ စစ်ဆေးတာ PCR နည်းနဲ့ ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြု ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။