၂၀၂၀ ရွေးကောက်ပွဲ - အကြိတ်အနယ် အားစမ်းကြမယ့် မဲဆန္ဒနယ် ၁၀ ခု

ရွေးကောက်ပွဲနီးလာတဲ့အမျှ မြန်မာနိုင်ငံအနှံ့ ပါတီအလိုက် မဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် တွေ့လာရချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ မဲဆွယ်လှည့်လည်မှုတွေ သိပ်မတွေ့ရတဲ့ ရန်ကုန်မြို့လယ် စီးပွားရေးရပ်ကွက်က ဒီမိုကရေစီ မဟာမိတ် ပါတီနှစ်ခုက မိတ်ဆွေဟောင်းနှစ်ဦး ထိပ်တိုက် တွေ့ဆုံမှုက စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

ကျောင်းသား သမဂ္ဂအဖွဲ့ဝင် မိတ်ဆွေဟောင်းနှစ်ဦးတို့ပြိုင်ပွဲ

၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်မြို့လယ်က ပါတီကြီး၅ ခုလောက် ပြိုင်ကြမယ့် ပန်းဘဲတန်းမြို့နယ်ဟာ ဒီမိုကရေစီမိတ်ဘက်လို့ ယူဆရတဲ့ပါတီနှစ်ခု ထိပ်တိုက်‌ ‌တွေ့နေတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ ထိပ်တိုက်ပါတီကြီးနှစ်ခုမှာ ဝင်ပြိုင်ကြမယ့်သူတွေဟာ ဗကသ လို့ ခေါ်တဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ ဖြစ်ခဲ့သလို ရင်းနှီးခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေတွေဖြစ်ကြပါတယ်။

သူတို့ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့် ဦးစည်သူမောင်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု ဝင်ပြိုင်မယ့် ဒေါ်အိသဉ္စာမောင်တို့ ဖြစ်ကြပါတယ်။

ပန်းဘဲတန်းမြို့နယ်ထဲမှာ မြန်မာနိုင်ငံက အဓိက လုပ်ငန်းရှင်တွေရဲ့ စျေးကွက်ကြီး ရှိနေသလို စက္ကူပုံနှိပ်လုပ်ငန်းတွေ၊ လူသိများထင်ရှားတဲ့ စျေးရုံကြီးတွေ တည်ရှိတဲ့ ရန်ကုန်မြို့လယ်က စီးပွားရေးရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၅ တုန်းကတော့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလ မတိုင်မီမှာတော့ တခြားပြည်နယ်နဲ့တိုင်းက မြို့နယ်တွေလို ပန်းဘဲတန်းမြို့နယ်မှာ လက်ရှိ အာဏာရပါတီကို ထောက်ခံတဲ့ တက်ကြွတဲ့လှုပ်ရှားမှုတွေ သိပ်မတွေ့ရပါဘူး။

ပန်းဘဲတန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ လွှတ်တော်နာယကဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပန်းဘဲတန်းမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်တွေလည်း နေထိုင်ကြပြီး မဲပေးနိုင်သူ လူဦးရေ စုစုပေါင်းက ၃ သောင်းကျော်ရှိပါတယ်။ ကြံ့ခိုင်‌ရေးကတော့ ပါတီကြီးဖြစ်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲ ထောင်ဂဏန်းပဲ ရခဲ့ပါတယ်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း ဦးစည်သူမောင်က သူအနေနဲ့ ဒီမိုကရေစီမိတ်ဘက်လို့ ယူဆရတဲ့ လူ့ဘောင်သစ်ပါတီနဲ့ ဒီနယ်မြေမှာ ထိပ်တိုက်ဖြစ်တာ စိတ်မကောင်းဘူးလို့ ပြောပါတယ်။

ကျောင်းသားမျိုးဆက်တွေရဲ့ ပါတီဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ သူတို့ပါတီကနေ ဦးစည်သူမောင်ကို ကိုယ်စားပြုပြိုင်ဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့ပေမဲ့ သူ့အနေနဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီကို ဘာကြောင့် ရွေးခဲ့ရတယ်ဆိုတာကိုလည်း အခုလို ရှင်းပြခဲ့ပါတယ်။

သူ့မိသားစုဟာ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပြီးတော့ သူနေထိုင်ခဲ့တဲ့အိမ်ဟာ အန်အယ်လ်ဒီ ရုံးစိုက်တဲ့အိမ် ဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဝရန်တာက မိန့်ခွန်းပြောခဲ့တဲ့ အိမ်ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

၂၀၀၆ မှာ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီရဲ့ လှိုင်မြို့နယ် လူငယ် တာဝန်ခံ ဖြစ်လာခဲ့ပြီးတော့ ၂၀၂၀ မှာ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံရပြီးနောက်ပိုင်းမှာ ပန်းဘဲတန်းမြို့နယ်က ပြိုင်ဖို့ဖြစ်လာတဲ့အကြောင်းကို သူက ရှင်းပြပါတယ်။

ဦးစည်သူမောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနှစ်မှ စတင်ရွေးချယ်တဲ့ အစ္စလာမ်ဘာသာဝင် ကုယ်စားလှယ်လောင်း နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂက မိတ်ဆွေဟောင်း ဒေါ်အိသဉ္စာမောင်နဲ့ နောက်ပိုင်း အခေါ်အပြော မရှိတော့ကြောင်းနဲ့ ဆက်ဆံရေးအေးသွားကြောင်း သူက ပြောပါတယ်။

ဒေါ်အိသဉ္စာမောင်ကတော့ လက်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သလို ဒီမိုကရေစီ ပညာရေးသပိတ်မှာ ပါဝင်ခဲ့သူ၊ လူသိများတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဒေါ်အိသဉ္စာမောင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ စတင်ပါဝင်ခဲ့ပြီး ပညာရေးစနစ် ပြောင်းလဲမှု၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေးလှုပ်ရှားမှု၊ ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ကျောင်းသား လှုပ်ရှားမှုသမိုင်းမှာ ပထမဦးဆုံး အမျိုးသမီး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

စီးပွားရေးသမားတွေ နေထိုင်မှုများတဲ့ မြို့နယ်ဖြစ်သလို အစ္စလာမ် ဘာသာဝင်မဲပေးသူတွေ ရှိပြီး ဒီမိုကရေစီမိတ်ဘက် ပါတီ နှစ်ခုကို ကိုယ်စားပြုပြိုင်မယ့် ကျောင်းသား သမဂ္ဂ ခေါင်းဆောင်‌ဟောင်းတွေ ယှဥ်ပြိုင်မယ့် ရန်ကုန်မြို့လယ်က ပန်းဘဲတန်းမြို့နယ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ရှိလာနိုင်တဲ့မဲဆန္နနယ်တစ်ခု ဖြစ်ဖို့လည်း ရှိနေပါတယ်။

ကလောမှာ ဒေါက်တာနန္ဒာလှမြင့် နဲ့ ဒေါ်ပြုံးကေသီနိုင်

၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပေမဲ့ ၂၀၁၅ မှာ ရွေးကောက်ပွဲရှုံးခဲ့ရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဟာ မဲရလဒ် ကွာခြားမှုနည်းတဲ့ နေရာတွေနဲ့ သူတို့အားထားတဲ့ နယ်မြေတွေကို သေချာပြင်ဆင်ပြီး ပြိုင်လေ့ရှိတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်ထဲက ကလောမြို့ဟာ မဲပေးနိုင်သူအရေအတွက် တစ်သိန်းလေးသောင်းကျော်လောက် ရှိပါတယ်။

ကလောမှာ ကျေးရွာ၂၁ ရွာ၊ ရပ်ကွက်၁၁ ခု ရှိပြီး ဟဲဟိုး၊ အောင်ပန်း၊ ဘော်ဆိုင်းမြို့နယ်တွေကလည်း ကလောမြို့နယ်မဲဆန္ဒနယ်ထဲမှာ ပါဝင်နေပါတယ်။

ကလောမြို့နယ်ထဲမှာ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ပလောင် စတဲ့တိုင်းရင်းသားတွေလည်း နေထိုင်ကြပြီးတော့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူ များတယ်လို့ ဒေသခံသတင်းသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီမှာ အဓိကပါတီကြီးနှစ်ခုအပြင် သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အပါအဝင် ပါတီ ၇ခုက ပြည်သူ့လွှတ်တော်နေရာကို ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ် ။

တစ်မြို့နယ်လုံး တကယ်တမ်းပြိုင်ရမှာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိအမတ် ဒေါ်ပြုံးကေသီနိုင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက‌ ပါတီပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်တို့ဖြစ်တယ်လို့ ကလောမှာ နေထိုင်တဲ့ ရွှေတြိဂံသတင်းဌာန အယ်ဒီတာက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဒေါ်ပြုံးကေသီနိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးတင်နိုင်သိန်းကို အနိုင်ရခဲ့တယ် ဆိုပေမဲ့ မဲအရေ အတွက် ၈၀၀၀ လောက်ဘဲ ကွာခဲ့တာကြောင့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဗဟိုကော်မတီဝင် အဆင့်ဖြစ်သူ ဒေါက်တာနန္ဒာလှမြင့် ဝင်ပြိုင်တာဖြစ်တဲ့အတွက် အကြိတ်အနယ် ရှိနိုင်တယ်လို့လည်း ကလောမြို့ခံတွေက သုံးသပ်ကြပါတယ်။

ကလောမှာ အခြားပါတီတွေလည်း ဝင်ပြိုင်တာဖြစ်လို့ မဲတွေဟာ အရင်လို ပါတီတစ်ခုကပဲ အများကြီးရမလား ပါတီသစ်တွေကိုရော မဲတွေ ရောက်သွားမလား ဆိုတာကလည်း ၂၀၂၀ ရွေးကောက်ပွဲ ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ကလောမြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌ တာဝန်ယူခဲ့သူလည်းဖြစ်ပြီး ကလောက လူမှုရေးလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်လို့ ဒေါက်တာနန္ဒာလှမြင့်ကိုလည်း ကလောမှာ ထောက်ခံသူတွေ ရှိပါတယ် ။

ဒါ့အပြင် ဗမာ၊ ဓနု တိုင်းရင်းသား ကပြားဖြစ်တာကြောင့် ဒေသခံတွေဖြစ်တဲ့ ဓနုတွေနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးရှိသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်းကို အနိုင်ရခဲ့သူ ဒေါ်ပြုံးကေသီနိုင်က ‌ကလောဇာတိ ဖြစ်ပါတယ်။ သူက ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ရတစ်ဦးဖြစ်ပြီး နိုင်ငံတကာ အဖွဲ့စည်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင်၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီနဲ့ ပြည်ထောင်စုလွှတ်တော် အာဆီယံ ပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီများမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနဲ့ ရခိုင်မြောက်ပိုင်းအရေးကိစ္စအပြီး မြန်မာနိုင်ငံအပေါ် ကျရောက်လာတဲ့ နိုင်ငံတကာဖိအားတွေကို တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတာဝန်တွေ ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကလောမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေမှာ သူရဲ့ဆောင်ရွက်မှုတွေကြောင့် သူ့ကိုထောက်ခံတဲ့ ဒေသခံတွေ အများအပြား ရှိပါတယ်။

ဘော်လခဲမှာ ဝါရင့်နိုင်ငံရေးသမားဦးစိုးသိန်းနဲ့အကြိတ်အနယ် ပြိုင်ရမယ့် သတင်းထောက်ဟောင်းလူငယ်

ကယားပြည်နယ်က ဘော်လခဲမြို့နယ်ဟာ ပြည်နယ်အတွင်းက အခြားနေရာတွေထက် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်၊ မင်းတုန်းမင်း လက်ထက်က စော်ဘွားများ အုပ်ချုပ်ခဲ့တဲ့ ဘော်လခဲဟာ အခုအခါ လူဦးရေ ၁၂၀၀၀ ကျော် ဝန်းကျင်ရှိတဲ့ မြို့နယ်လေးတစ်ခုသာ ဖြစ်ပါတယ်။

မြို့နယ် ၇ မြို့နယ်ပဲ ရှိပြီး အရပ်ဘက်အဖွဲ့စည်းတွေ အားကောင်းတဲ့ ကယားပြည်နယ်ဟာ ပြည်သူလွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ နဲ့ တိုင်းဒေသကြီး လွှတ်တော် ၃၄ နေရာ အတွက် ပါတီပေါင်း ၁၃ ပါတီ ဝင်ပြိုင်ဖို့ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

အရပ်ဘက်အဖွဲ့စည်းတွေ ဝန်းရံတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက တစ်ပြည်နယ်လုံးနေရာ ၃၀ ဝင်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝန်ကြီးချုပ်ကို လွှတ်တော်က ဖြုတ်ချတာ ခံထားရပေမဲ့ ကယားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာပြည့် ဝင်ပြိုင်ဖို့လည်း ရှိနေပါတယ်။

အရင်သမ္မတရုံးဝန်ကြီး‌ဟောင်း ဦးစိုးသိန်းဟာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြီး ဘော်လခဲပြည်သူ့လွှတ်တော်နေရာက ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်အတွင်းရှိ ရပ်ကွက် နှစ်ခု၊ ကျေးရွာ အုပ်စု ငါးခုပါဝင်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) က တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်လို့ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

မိုင်းတွင်းတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ ၊ သတ္တုသန့်စင်စက်ရုံတွေ၊ တပ်မဲရုံတွေရှိတဲ့ ဘော်လခဲမြို့နယ်မှာ ကြံခိုင်ရေးနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၈ ခု က ဝင်ပြိုင်မှာ ဖြစ်ပြီးတော့ အဲဒီနယ်မြေဟာ အကြိတ်အနယ်ရှိနိုင်တယ်လို့ ကယားက နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ဘော်လခဲမှာ မဲပေးနိုင်သူအရေအတွက် ၇၅၀၀ခန့်ရှိပြီး တပ်မဲက တစ်ထောင်ကျော် ရှိပါတယ်။ မိုင်းတွင်းက‌ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သတ္တုသန့်စင်စက်ရုံတွေက မဲတွေကလည်း ဘော်လခဲမှာ အရေးပါတဲ့အတွက် ပြည့်သူလွှတ်တော် နေရာဟာ အကြိတ်အနယ် ဖြစ်လာဖို့ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဘော်လခဲမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့တဲ့နယ် ဖြစ်သလို ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်တဲ့ ဦးစိုးသိန်းဟာ တပ်မတော် ဒုတိယဗိုလ်ချုပ်‌ကြီးဟောင်းလည်းဖြစ်၊ အစိုးရဝန်ကြီးဟောင်းလည်း ဖြစ်ရုံသာမက နိုင်ငံရေး၊ စီးပွားရေးနောက်ခံတွေ ကယားမှာ အားကောင်းသူလည်း ဖြစ်ပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြိုင်မယ့်သူကတော့ လူငယ်တစ်ဦးဖြစ်ပြီး အရပ်ဘက်အဖွဲ့စည်းတွေမှာ ပါဝင်ခဲ့သလို ကန္တာရဝတီတိုင်း သတင်းစာမှာ သတင်းထောက်လုပ်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် လူငယ် ဒေသခံတစ်ဦးဖြစ်ပါတယ် ။

စိုင်းလင်းလင်းဦးဟာ အသက် ၂၉ နှစ် အရွယ် ကယားနဲ့ရှမ်း လူမျိုး ကပြား ဖြစ်ပါတယ်။ လွိုင်ကော်တက္ကသိုလ်မှာ သမိုင်းအထူးပြုဘွဲ့နဲ့ ရရှိခဲ့တဲ့သူဖြစ်ပြီး ငြိမ်းဖောင်ဒေးရှင်း မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေး အစီအစဉ်မှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးကမ်ပိန်း (၂၀၁၆-၂၀၁၇)ကို Karenni Youth Resource Development Centerရှိ ကရင်နီလူငယ်များနှင့်အတူ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဘော်လခဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ပါတီရဲ့ မြို့နယ်ပြန်ကြားရေးတာဝန်ခံအဖြစ် ၂၀၁၄ ခုနှစ်ကနေ ဒီနေ့အထိ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ဘော်လခဲ ပြည်သူ့လွှတ်တော်နေရာမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပြင် ကယားဘက်မှာ လူသိများတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် ပါတီ ၈ ခုလောက် ပြိုင်ဖို့ ရှိပါတယ်။

ဘော်လခဲမှာ အာဏာရပါတီနဲ့ လက်ရှိအနိုင်ရပါတီတွေအပြင် ကယားပြည်နယ် ဒီမို ကရက်တစ်ပါတီ ပါဝင်ပြိုင်မှာ ဖြစ်ပြီး တပ်မဲက လေးပုံတစ်ပုံခန့် ရှိသလို ပြိုင်ဆိုင်မှု ပိုပြင်းထန်လာနိုင်တယ်လို့လည်း ကယားဒေသခံတွေက သုံးသပ်ကြပါတယ်။

အပိုင်း ၂ ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။