နှင်းဆီပါတီ UDP ဖျက်သိမ်းခံရ၊ ကိုယ်စားလှယ်လောင်းတွေပါ ရွေးကောက်ပွဲပြိုင်ခွင့်ဆုံးရှုံး

ဓာတ်ပုံ ရင်းမြစ်, UDP
ပါတီဥက္ကဋ္ဌက ထောင်ပြေးမှု၊ တရားမဝင်ငွေကြေးတွေနဲ့ ပတ်သက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ( UDP) ကို မှတ်ပုံတင်ပယ်ဖျက်ပြီး ပါတီကိုဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပါတီဖျက်သိမ်းလိုက်လို့ ရွေးကောက်ပွဲမှာ (UDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေပါ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ) နဲ့ ငြိစွန်းလို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပြီလို့ ကော်မရှင်က ကြေညာပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က မနေ့က အောက်တိုဘာ ၁၆ ရက်မှာ လည်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို ကြေညာခဲ့ပြီး ဒီကနေ့မှာ တစ်နိုင်ငံလုံး ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ၀င်ရောက်ယှဥ်ပြိုင်မယ့် ပါတီကို ဖျက်သိမ်းကြောင်း ကြေညာတာ ဖြစ်ပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ UDP ဟာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပါတီ ဥက္ကဌ ဦးကျော်မြင့် စက်တင်ဘာလ ၂၉ ရက်က ထောင်ပြေးမှုနဲ့အဖမ်းခံရပြီးတဲ့နောက်မှာတော့ ပါတီကို တရုတ်ဘက်ကလာတဲ့ ဘီလျံနဲ့ချီတဲ့ တရားမဝင်ငွေကြေးထောက်ပံ့မှုတွေရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။
ပါတီဖျက်သိမ်းတဲ့အကြောင်းအရင်းက နိုင်ငံခြားတိုင်းပြည်က အထောက်အပံ့ကိုရယူတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အကြောင်း ကော်မရှင်ထုတ်ပြန်ချက်မှာပါတဲ့ ပုဒ်မတွေက ရည်ညွှန်းပါတယ်။ ရွေးကောက်ပွဲဥပဒေတွေအရ ဒီလိုအဖွဲ့အစည်းဝင်တွေဖြစ်တဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်တင်မြှောက်ပိုင်ခွင့်မရှိပါဘူး။
နှင်းဆီပါတီ ဥက္ကဋ္ဌနဲ့ တရားမဝင်ငွေကြေး
ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ ဟွန်ဒီ လို့ခေါ်တဲ့ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားထားပါတယ်။
အဲ့ဒီ တရားမဝင်ငွေလွှဲနဲ့ ဝင်လာတဲ့ငွေတွေဟာ ပြည်တွင်းက ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရာ ဘဏ်၊ ကမ္ဘောဇဘဏ်စတဲ့ဘဏ်တွေမှာ ရှိတဲ့ ဦးကျော်မြင့်နဲ့ သူနဲ့ဆက်စပ်တဲ့ သူတွေရဲ့ ငွေစာရင်းတွေကို ရောက်လာခဲ့တာ ဖြစ်ပြီး စုစုပေါင်း ကျပ် ၁၆.၃၁၅ ဘီလျံကျော် ရှိတယ်လို့လည်း သူက ပြောပါတယ်။
ဦးကျော်မြင့်ဟာ ဧရာဝတီ နဲ့ ယူနိုက်တက် အမရာဘဏ်တွေက၂၀၁၅ နဲ့ ၂၀၂၀ နှစ် အတွင်း ဘဏ်တိုးရခဲ့တဲ့ ငွေပမာဏဟာ ကျပ် ၁၄. ၈၁၄ ဘီလျံ ရှိထားတယ်လို့လည်း ပြောခဲ့ပါတယ်။
နှင်းဆီပါတီရဲ့ ငွေကြေးပတ်သက်မှုတွေကို သီးသန့်အဖွဲ့နဲ့ စစ်ဆေးနေတယ်လို့ သမ္မတရုံးဘက်က ပြီးခဲ့တဲ့ရက်ပိုင်း ထုတ်ဖော်ပြောကြားထားပြီး ကနဦးတွေ့ရှိချက်တွေမှာတော့ မှတ်ပုံတင် လွဲမှားမှု၊ ပိုင်ဆိုင်မှု ငွေကြေး ကျပ် ၂၃ ဘီလျံကျော်ဟာ တရားဝင် ငွေကြေးဟုတ်၊ မဟုတ်ဆိုတာအပြင် မြန်မာနိုင်ငံအတွင်း ပြန်လာပြီး ရပ်တည်နေထိုင်ခွင့်ရအောင် လုပ်ဆောင်ခဲ့တာတွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် ဦးကျော်မြင့်ရဲ့ မြန်မာကျော် ကုမ္ပဏီဟာ တရားမဝင် ချေးငွေလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းဆိုပြီး ကုမ္ပဏီက တရားဝင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေမှာလည်း လုပ်ကိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။
နှင်းဆီပါတီကို ၂၀၁၀ ရွေးကောက်ပွဲမှာ စတင် မှတ်ပုံတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ တစ်နေရာမှ အနိုင်မရခဲ့ဘဲ ၂၀၂၀ မှာ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အထိ ရှိလာတာ ဖြစ်ပါတယ်။








