၂၀၂၀ မြန်မာရွေးကောက်ပွဲ - အထင်ကရ ဖြစ်ရပ်များ

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အကူးအပြောင်းကာလစတင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေစရင် အခု တတိယအကြိမ် ရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ အရင် ရွေးကောက်ပွဲတွေမှာ မကြုံတွေ့ခဲ့တဲ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာ၊ မမျှော်လင့်ထားတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မှုကို ကြုံတွေ့ရပြီး ကူးစက်မှု ဒုတိယလှိုင်းကြောင့် မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ နေ့စဥ်နီးပါး ထောင်ချီ မြင့်တာနေတာ စတဲ့ အခြေအနေတွေကြားမှာ ကျင်းပရမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြားမှာပဲ ရွေးကောက်ပွဲကို မရွှေ့ဘဲ ဆက်ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပေမဲ့ အောက်တိုဘာ ၁၆ ရက်မှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်မယ့်နေရာတွေကို ကြေညာခဲ့လို့ အရင်နှစ်တွေကထက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ ပိုတိုးလာခဲ့ပါတယ်။
ဒီရွေးကောက်ပွဲနဲ့ ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံက အထင်ကရ ဖြစ်ရပ်တွေကို ဖော်ပြလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ
အမ်းနဲ့ ပလက်ဝတို့ ရွေးကောက်ပွဲ ကျင်းပမယ့်နေရာမှာ ပါဝင်နေတာနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်နေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ပြော။ ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်ခဲ့တဲ့နေရာတွေကို အစိုးရအဖွဲ၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ တင်ပြချက်၊သဘောထားတွေအရ ဆုံးဖြတ်ခဲ့တာလို့ ပြော။
ကော်မရှင်က မကျင်းပဖို့ ဆုံးဖြတ်ခဲ့တဲ့နေရာတွေက တပ်မတော်က သဘောထားမှတ်ချက်ပေးခဲ့တဲ့နေရာတွေနဲ့ ကွဲလွဲချက်ရှိတယ်လို့ တပ်မတော်ပြောခွင့်ရသူပြော။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ တောင်ကုတ်က ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းထားတယ်လို့ ရက္ခိုင့်တပ်တော် အေအေပြော။
ပါတီဥက္ကဋ္ဌက ထောင်ပြေးမှု၊ တရားမဝင်ငွေကြေးတွေနဲ့ ပတ်သက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ( UDP) ကို မှတ်ပုံတင်ပယ်ဖျက်ပြီး ပါတီကိုဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
UDP ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေပါ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းလို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပြီလို့ ကြေညာပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၉ ခု နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ ခုမှာ လွတ်လပ်ပြီးတရားမျှတမယ့် အခြေအနေမရှိလို့ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
နှင်းဆီပါတီ ဥက္ကဋ္ဌရဲ့ ငွေတွေ တရုတ်နယ်စပ်ကနေ တရားမဝင်ငွေလွှဲနဲ့ ဝင်လာတယ်လို့ အစိုးရဖွင့်ချ။
အဲ့ဒီ တရားမဝင်ငွေလွှဲနဲ့ ဝင်လာတဲ့ငွေတွေဟာ ပြည်တွင်းက ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရာ ဘဏ်၊ ကမ္ဘောဇဘဏ်စတဲ့ဘဏ်တွေမှာ ရှိတဲ့ ဦးကျော်မြင့်နဲ့ သူနဲ့ဆက်စပ်တဲ့ သူတွေရဲ့ ငွေစာရင်းတွေကို ရောက်လာခဲ့တာ ဖြစ်ပြီး စုစုပေါင်း ကျပ် ၁၆.၃၁၅ ဘီလျံကျော် ရှိတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် တောင်ကုတ်ကဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦး မဲဆွယ်စည်းရုံးနေရင်း အမည်မသိလက်နက်ကိုင်တွေရဲ့ အဖမ်းခံရ။

အသက် ၆၀နှစ် နဲ့ အထက် မဲဆန္ဒရှင်တွေ အောက်တိုဘာ ၂၉ ရက်ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

အသံချဲ့စက်နဲ့ ပါတီအောင်နိုင်ရေးသီချင်း ဖွင့်ရာက စတဲ့ မကွေးတိုင်း မြိုင်မြို့နယ်က အိမ်ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညနေပိုင်းအထိ လူ ၁၉ ယောက်ကို ဖမ်းဆီးထားပြီး ကျန်တဲ့လူတွေကိုပါ ဖမ်းမိဖို့ ဆောင်ရွက်နေတယ်လို့ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ဘီဘီစီကို ပြောပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်ထဲက ကန်နီကျေးရွာမှာ အောက်တိုဘာ ၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ လူအုပ်ကို ထိန်းဖို့ရောက်လာတဲ့ ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့ ကားတွေပါ ခဲနဲ့ ထုခံခဲ့ရလို့ ပျက်စီးခဲ့ရပါတယ်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ ဖမ်းဆီး။ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်နှစ်နှစ်ထိ ချမှတ်ခံရနိုင်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းထွေးရဲ့နေအိမ်ရှေ့မှာ လက်ပစ်ဗုံး တစ်လုံး တွေ့ရှိ။ သုံးလို့မရတဲ့ ဗုံးဖြစ်တာကို စစ်ဆေးတွေ့ရှိ။
ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားတဲ့ မဲဆွယ်စည်းရုံးရေးကာလ နဲ့ အတူဝင်ရောက်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းကြောင့် ကွာရန်တင်းဝင်နေရတဲ့အမတ်လောင်းတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီအချို့က ဘီဘီစီကိုအတည်ပြုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က အမတ်တချို့ ကွာရန်တင်းဝင်ခဲ့ကြရတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်မှု လှုပ်ရှားမှုတွေမှာ လူ ၅၀ ထက် ပိုမစုဖို့ ရွေးကောက်ပွဲ ကော်မရှင်သတ်မှတ်

ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ တချို့က ရွေးကောက်ပွဲ ရွှေ့မယ်ဆိုရင် စဥ်းစားသင့်တာတွေကို တင်ပြပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် လက်မခံ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် တိုးလာနေတဲ့အတွက် နိုင်ငံတဝန်း အရေးမကြီးတဲ့ ခရီးသွားလာမှုကို တားမြစ်လိုက်ပြီး ဒီကနေ့ကစလို့ စက်တင်ဘာလ ၃၀ ရက်အထိ ပြည်တွင်းလေကြောင်းခရီးစဉ်တွေအားလုံးကို ဆိုင်းငံ့လိုက်ပါတယ်။ အခုအခါ ရန်ကုန်မြို့မှာ ရောဂါကူးစက်မှု တဟုန်ထိုး ပျံ့နှံ့လာနေပြီး မြို့နယ် အများစုကို လော့ခ်ဒေါင်း ချထားလိုက်ပါပြီ။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ရုတ်တရက်တိုးလာနေချိန်မှာပဲ နိုဝင်ဘာလရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ ဒီကနေ့ စတင်လိုက်ပါတယ်။ အဓိကနိုင်ငံရေးပါတီကြီးတွေက ရန်ကုန်နဲ့ နေပြည်တော်မှာ မဲဆွယ်မှုတွေ စလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခမ်းအနားတွေကိုတော့ ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ကြပါဘူး။ မဲဆွယ်မှုတွေမှာ လူ ၅၀ ထက် ပိုမလုပ်ဖို့နဲ့ လော့ခ်ဒေါင်းချထားတဲ့ မြို့နယ်တွေမှာ လူစုလူဝေး မလုပ်ဖို့ တားမြစ်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးရဲ့ အကြံပေးချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မဲဆန္ဒနယ်မှာ ပထမဆုံးအကြိမ် မဲဆွယ်မယ့် ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် တိုးလာခဲ့ပေမဲ့ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆက်ကျင်းပသွားမယ်လို့ ကြေညာ။ ကိုယ်စားလှယ်ပေါင်း ၇၀၀၀ နီးပါး ဝင်ပြိုင်မှာ ဖြစ်ပြီး မဲဆန္ဒရှင် ၃၇ သန်း မဲပေးဖို့ရှိ။ ရန်ကုန်မြို့က မြို့နယ် ၃၃ ခုအနက် ၇ ခုမှာ လူတွေ အိမ်ထဲမှာပဲ နေကြဖို့နဲ့ အလုပ်၊ ဈေးနဲ့ ဆေးခန်းသွားမယ့်သူတွေသာ အပြင်ထွက်ကြဖို့ အမိန့်ထုတ်ပြန်လိုက်။ တနင်္လာနေ့ညနဲ့ အင်္ဂါနေ့မနက်အကြား ရောဂါကူးစက်သူ ၁၀၀ ထပ်တွေ့။ အဲဒီထဲက တချို့ဟာ ပြည်တွင်းကူးစက်မှု ဖြစ်ပြီး ရန်ကုန်မြို့က ဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြု။

မျိုးဗီဇပြောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်တမျိုးကို ရခိုင်ပြည်နယ်မှာ တွေ့ခဲ့။ လူနာ ၈၄ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြဘူးလို့ မြန်မာနိုင်ငံဆေးသုတေသနဌာနကပြော။

ဗိုင်းရပ်စ်မပြန့်ပွားအောင် တားဆီးဖို့အတွက် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို စက်တင်ဘာလကုန်အထိ ရက်တိုးချဲ့ပိတ်လိုက် ။ သောကြာနေ့မှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၄၂ ဦး ထပ်တွေ့ခဲ့၊ ၂၃ ဦးဟာ စစ်တွေမြို့ကဖြစ်။
လူဦးရေ တစ်သန်းနေထိုင်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးမှာ ဒီကနေ့မနက်ကစလို့ လူတွေ အိမ်ထဲမှာ နေကြဖို့ ညွှန်ကြားချက်ထုတ်လိုက်။ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မျိုးမှာ စားနပ်ရိက္ခာ ပြတ်သွားမှာကို စိုးရိမ်လာနေ။ အဲန်ဂျီအို လူမှုအဖွဲ့တွေအားလုံး လုပ်ငန်းတွေ ရပ်လိုက်ကြ။ သြဂုတ်လ ၁၆ ရက်ကနေ ၂၇ ရက်အထိ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၈၄ ဦး ရှိခဲ့။
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အသစ် ၁၀၀ ထပ်တွေ့ခဲ့၊ တစ်ယောက်ကလွဲလို့ အားလုံးဟာ ပြည်တွင်းကူးစက်သူတွေဖြစ်။ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး စတွေ့ခဲ့တဲ့ မတ်လကစလို့ အမြင့်ဆုံး နေ့စဉ်ကူးစက်မှုဖြစ်ခဲ့။ လူနာသစ်အများစုဟာ ရခိုင်ပြည်နယ်က ဒါမှမဟုတ် အဲဒီက ပြန်လာသူတွေဖြစ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတာကြောင့် လက်ရှိ ဖွင့်ထားတဲ့ စာသင်ကျောင်းတွေ အားလုံး မနက်ဖန်ကစပြီး ယာယီ ပိတ်ထားဖို့ ကြေညာချက်ထုတ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲထားရေး သဘောတူချက်ကို စက်တင်ဘာကုန်အထိ ရက်တိုးလိုက်ကြောင်း တပ်မတော်က ထုတ်ဖော်ကြေညာ။ အခုတစ်ခါလည်း အပစ်ရပ်တဲ့အထဲမှာ AA ကို ချန်လှပ်ထား။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာနောက်ထပ်ပြည်တွင်း ဗိုင်းရပ်စ်ကူးစက်မှု နှစ်ခု ထပ်တွေ့ခဲ့။အဝေးပြေးကားတွေနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ မပိတ်သေးပေမဲ့ စစ်တွေကနေ ရန်ကုန်ကို လာသူတွေအားလုံး ကွာရန်တင်း ၁၄ ရက် နေဖို့ ညွှန်ကြား။
သုံးရက်ကြာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး နေပြည်တော်မှာ စတင်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မွတ်ဆလင် ကိုယ်စားလှယ်လောင်း ငါးဦး ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံရ

ပြည်တွင်း ကိုရိုနာဗိုင်းရပ်စပ် ကူးစက်မှုတွေ တိုးလာ။ ရခိုင်ပြည်နယ် စစ်တွေမြို့က စတင်ခဲ့။
နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးကြဖို့ မဲဆန္ဒရှင်ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ သောကြာနေ့မနက်ခင်းက နေပြည်တော်မှာ မဲစာရင်း သွားရောက် စစ်ဆေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စည်းရုံးလှုံ့ဆော်နေသူတွေကိုလည်း ဝေဖန်လိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားပါတီ တချို့နဲ့ စစ်တပ်ကို ထောက်ခံတဲ့ ပါတီတွေနဲ့ (နိုင်ငံရေးပါတီ စုစုပေါင်း ၃၄ ပါတီ) နေပြည်တော်မှာ ဩဂုတ်လ ၁၅ ရက်နေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။ (ဩဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်) မကြာမီမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအကြောင်းနဲ့ နိုဝင်ဘာရွေးကောက်ပွဲအကြောင်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကရင့်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပခဲ့မှုနဲ့ ထောင် ၃ လ ချမှတ်ခံခဲ့ရတဲ့ ကရင်ခေါင်းဆောင် နော်အုန်းလှဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ရန်ကုန်ကနေ ဝင်ရောက်ယှဉ်ပြိုင်မည်။
ရိုဟင်ဂျာ နိုင်ငံရေးသမား ဦးကျော်မင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ဦးကျော်မင်းဟာ ၁၉၉၀ ခုနှစ်တုန်းကလည်း ဘူးသီးတောင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့ဖူးပါတယ်။ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အများစု အနိုင်ရခဲ့ပေမယ့် အဲဒီမဲရလဒ်တွေကို စစ်အာဏာရှင်တွေက အသိအမှတ်မပြုခဲ့ပါဘူး။
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ရွေးကောက်ပွဲ မဝင်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ရှိနေတာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ မဲရုံ ၆၀၀ ထက်မနည်း တိုးချဲ့ထားရှိသွားဖို့ ရှိပါတယ်။ ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ရန်ကုန်တိုင်းမှာ စစ်တပ်တွင်း မဲရုံထားရှိတော့မှာ မဟုတ်ပါဘူး။
အာဏာရ NLD ပါတီဟာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဖြစ်ပွားနေချိန် ချမှတ်ထားတဲ့ ကန့်သတ်တားမြစ်မှုတွေကို အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲမှာ အသာစီးရဖို့ လုပ်နေတယ်လို့ ကြံ့ခိုင်ရေးပါတီစွပ်စွဲ။
မဲဆန္ဒရှင် စာရင်း မှားယွင်းမှုတွေ ရှိခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း မဲစာရင်း အမှားတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်စာရင်းကို နောက်ထပ် ၁ ပတ် တိုးမြှင့်ကကြေညာခဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့အထိ မဲစာရင်းကြည့်နိုင်မှာ ဖြစ်ပါတယ်။

ငွေကြေးအခက်အခဲကြောင့် SNLD ပါတီဟာ ကိုယ်စားလှယ်လောင်းတွေကို လျှော့ချခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ရွေးကောက်ပွဲ မဝင်။
ကချင်ပါတီတခုဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ပါတီဟာ မဲဆန္ဒနယ် ၆၇ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ကရင်ပါတီတခုဖြစ်တဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီကတော့ ကိုယ်စားလှယ်လောင်း ၂၉ ဦး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။ ကရင်ပြည်သူ့ပါတီဟာ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၇၈ ဦး အမည်တင်သွင်းထားပြီးပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ၄၅ ဦး၊ ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အတွက် ၅ ဦး၊ ပြည်သူ ၁၉ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၉ ဦး အမည်စာရင်း တင်သွင်းထား။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး ရွေးကောက်ပွဲ ဝင်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်။

နိုင်ငံရေးပါတီတချို့၊ အဖွဲ့အစည်းတချို့ဟာ သတင်းထောက်တွေကို လာဘ်ပေးပြီး သတင်းတု သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ အစိုးရက စွပ်စွဲ။
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စတင်တင်သွင်းနိုင်။
ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်တုန်းက သူရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီကတော့ ဒေါ်ထုမေရဲ့ နုတ်ထွက်စာကို ခွင့်မပြုခဲ့ပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံတဝန်းက အရပ်ဘက်အဖွဲ့အစည်းတွေ ဇူလိုင်လ ၁၇ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက်ကြီးရင့်သူတွေ၊ မသန်စွမ်းတွေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒနယ်နယ် အဝေးမှာ ရောက်နေသူတွေအနေနဲ့ အောက်တိုဘာ၈ ရက်ကနေ ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မဲဆန္ဒနယ် ကော့မှူးမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်မှာ မဟုတ်ပေမယ့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တခုကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်မဲ ပေးဖို့အတွက် ဇူလိုင်လ ၁၆ ရက်ကနေ ဩဂုတ်လ ၅ ရက်နေ့အထိသက်ဆိုင်ရာ သံရုံးတွေမှာ မှတ်ပုံတင်နိုင်ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ပါတီဟာ ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်၊ ဧရာဝတီ တိုင်းနဲ့ ပလက်၀မြို့နယ်အပါအဝင် ပြည်နယ်နဲ့တိုင်း ၄ ခုမှာ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စု အဆင့် အစိုးရအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းတွေ နဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆောင်ရွက်ခွင့်ရှိတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ဟာပါတီစည်းရုံးရေး လုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေကို ဇူလိုင်လ ၂ ရက်နေ့ကစပြီး စတင်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ပြည်ထောင်စု။ ပြည်နယ်နဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နယ် မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ( အောက်လွှတ်တော်) မှာမဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် ( အထက်လွှတ်တော်)မှာ မဲဆန္ဒနယ် ၁၆၈ နယ်နဲ့ တိုင်းနဲ့ပြည်နယ်မဲဆန္ဒနယ်အတွက် မြို့နယ် ၁ မြို့နယ်မှာ မဲဆန္ဒနယ် ၂ နေရာ သတ်မှတ်ခဲ့တဲ့အတွက် စုစုပေါင်း မဲဆန္ဒနယ် ၆ ၄၄နယ်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်လည်းရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ကြီးမှူးပြီး ၇ လကြာ ဆွေးနွေးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီအပါအဝင် နိုင်ငံရေး ပါတီ ၂၀ ကျော်က ဇွန်လ ၂၆ ရက်နေ့မှာလက်မှတ်မရေးထိုးခဲ့ကြပါဘူး။ ဒီလက်မှတ်ရေးထိုးပွဲ မတိုင်ခင်မှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကို အသုံးပြုပြီး မဲမဆွယ်ဖို့ဆိုတဲ့ အချက်ထည့်ဖို့ မဲခွဲဆုံးဖြတ်တဲ့အခါ ပါတီ ၁၂ ပါတီက သဘောတူခဲ့ပြီး၊ တစ်ပါတီက ကြားနေ နဲ့ တခြား ပါတီ ၃ ပါတီက ကန့်ကွက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို အစိုးရက တာဝန်ပေးလာခဲ့ရင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ ဒါပေမယ့် ရခိုင်ပြည်နယ်စစ်မက် ဖြစ်ပွားရာနေရာမှာတော့ ရာနှုန်းပြည့်ကာကွယ်မှုပေးနိုင်ဖို့အတွက် မသေချာဘူးလို့ သူကပြောပါတယ်။

မြန်မာနိုင်ငံတွင်း မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၇ ပါတီ(တည်ဆဲနိုင်ငံရေးပါတီ ၉၄ ပါတီ၊ ပယ်ဖျက် ၃၄ ပါတီ၊ခွင့်ပြုထား ၁၂၈ ပါတီ) ရှိပြီး ၇၉ ပါတီဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနှံ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ကျန်ပါတီတွေကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိပါတယ်။





