ရခိုင်မှာ ကိုရိုနာပိုးတွေ့နှုန်းမြင့်တက်လာလို့ ဒုက္ခသည်စခန်းတွေ စိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပြည်တွင်းကူးစက်မှုတွေ နေ့စဥ် ဆယ်ချီ တွေ့လာနေပြီး ကူးစက်နှုန်း ရက်ပိုင်းအတွင်း မြင့်တက်လာတဲ့အတွက် လူတွေ ပြည့်သိပ်နေထိုင်နေရတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေသူတွေ စိုးရိမ်နေကြပါတယ်။
စစ်တွေနဲ့ မြောက်ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ရက်ဆက်တွေ့လာရလို့ သြဂုတ် ၁၆ ရက်ကနေ ၂၂ ရက်ထိ တစ်ပတ်အတွင်း ကိုဗစ်လူနာ ၄၅ ဦးရှိလာပြီ ဖြစ်ပါတယ်။
အခုလိုကူးစက်ခံရမှုတွေ မြင့်မားလာနေတဲ့အတွက် ဒီမြို့နယ်တွင်းမှာ ရှိနေတဲ့ ရခိုင်စစ်ရှောင်ဒုက္ခသည်စခန်းတွေနဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ အခုလို ကူးစက်မှုတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။
တစ်ပတ်အတွင်း ပြည်တွင်းကူးစက်သူ ၄၄ ဦးထိ တွေ့ရှိခဲ့တဲ့ စစ်တွေမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲနေတဲ့အမျိုးအစား ဖြစ်နိုင်တာကြောင့် ဆေးသုတေသနဦးစီးဌာနမှာ ဒီဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ သြဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကူးစက်မှုတွေကြောင့် လူဦးရေ ပြွတ်သိပ်နေထိုင်နေကြတဲ့ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ကူးစက်ခံရမှာကို စိုးရိမ်နေရတယ်လို့ ဒါးပိုင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးသိန်းမောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
"စိုးတော့စိုးရိမ်နေရပါတယ်။ ဘယ်လိုစိုးရိမ်နေရလဲဆိုရင် ဒီရောဂါက တစ်ယောက်ဖြစ်လာလို့ရှိရင် ကျွန်တော်တို့က အစုလိုက်အပြုံလိုက်။ အဲ့ဒါကိုစိုးရိမ်နေရပါတယ်။
ရွာမှာနေတာနဲ့ ကျွန်တော်တို့စခန်းမှာနေရတာက တခြားစီပါ။ လမ်းကလည်း ကျဉ်းတယ်။ အသွားအလာတွေလည်းများတယ်။
လတ်တလောကတော့ မြို့ပေါ်မှာ လူတွေ ၂၀ ကနေ ၃၀ အဲ့လိုကူးစက်မှုတွေဖြစ်နေတော့ ဒီသတင်းတွေကိုလဲ ဖြန့်ဝေထားပါတယ်။ Mask တွေတပ်ပြီးတော့ နေကြပါတယ်။ "
လက်ရှိမှာတာ့ ဒုက္ခသည်စခန်းတွေမှာ ကူးစက်မှုတွေမဖြစ်ပွားအောင်အတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ ဈေးဆိုင်တွေကို ညနေ ၆ နာရီကနေ မနက် ၇ နာရီအထိ ပိတ်ထားကြဖို့နဲ့ မိမိအိမ်မှာပဲနေကြဖို့ ၊ ပြင်ပကို သွားလာရင် နှာခေါင်းစည်းတွေတပ်ဆင်ပြီးသွားလာဖို့ အသိပေးအကြောင်းကြားတာတွေ လုပ်ထားတယ်လို့ စခန်း တာဝန်ခံ သိန်းမောင်က ပြောပါတယ်။
အလားတူ မြောက်ဦးမြို့နယ်အတွင်းမှာလည်း စစ်ဘေးဒုက္ခသည်စခန်းတွေရှိပြီး ဒီစစ်ဘေးရှောင်စခန်းတွေမှာ ထောင်နဲ့ချီတဲ့လူတွေဟာ ကျပ်ကျပ်တည်းတည်းနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဒါ့အပြင် စခန်းတွင်းက ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ဦးမြို့ပေါ်ကို သွားလာတာတွေရှိခဲ့လို့ စခန်းတွေအတွင်း ရောဂါကူးစက်မှုဖြစ်လာမှာ စိုးရိမ်နေရတယ်လို့ တိမ်ညိုဒုက္ခသည်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။
"လက်ရှိဖြစ်နေတဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ စစ်ဘေးရှောင်စခန်းတွေမှာတော့ စိုးရိမ်ရတဲ့အနေအထားရှိတာပေါ့။ ဒါပေမယ့် စခန်းကလူတွေကို အပြင်ကိုထွက်မသွားဖို့။ မြောက်ဦးတို့၊ ကျောက်တော်တို့၊ စစ်တွေတို့ကိုမသွားကြဖို့နဲ့ စခန်းထဲမှာပဲနေကြဖို့အတွက် ကန့်သတ်ထားတာတွေတော့ရှိတယ်။
ပိုးမတွေ့ခင်တုန်းကတော့မြောက်ဦးကိုသွားလာတာတွေ ရှိတယ်။ ဈေးသွားဈေးဝယ် လုပ်တာတွေတော့ ရှိတယ်။
စစ်တွေနဲ့မြောက်ဦးမှာ ပိုးတွေ့တဲ့နေ့ကစပြီးတော့ အဲ့ဒီဘက်တွေကို မသွားဖို့ ကန့်သတ်ထားတယ်။
ကျွန်တော်တို့ စစ်ဘေးရှောင်တွေက လူတွေပြွတ်သိပ်ပြီးနေရတဲ့အခါကျတော့ ပိုးက ရောက်လာခဲ့မယ်ဆိုရင် တော်တော်စိုးရိမ်စရာကောင်းတဲ့အနေအထားပါ။
ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ စစ်တွေမြို့ပေါ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တစ်မြို့လုံးအပြင်မထွက်ဖို့နဲ့ နေအိမ်တွေမှာပဲနေကြဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကိုလည်း သြဂုတ် ၂၂ ရက်ကစလို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက စစ်တွေမြို့တွင်းမှာ ထပ်ဆင့်ထုတ်ပြန်လိုက်ပြီလည်း ဖြစ်ပါတယ်။
ရခိုင်တစ်ပြည်နယ်လုံး ကိုရိုနာကူးစက်ခံရသူ ၆၁ ဦး ရှိပြီး သြဂုတ် ၂၂ ရက် မနက်ပိုင်းအထိ တစ်နိုင်ငံလုံးကူးစက်သူ ၄၃၅ ဦးရှိပြီ ဖြစ်ပါတယ်။








