စစ်တွေဆေးရုံက အထူးကုဆရာဝန်ကြီးဗိုင်းရပ်စ်ကူးစက်ခံရ ၊ စစ်တွေမှာပိုးတွေ့သူ ၉ ဦးအထိရှိလာ

လူနာနံပါတ် ၃၉၅ အမျိုးသားဟာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, လူနာနံပါတ် ၃၉၅ အမျိုးသားဟာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး ဖြစ်

ဩဂုတ် ၂၀ ရက်နေ့ မနက်ပိုင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက‌ ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံထားရသူတွေစာရင်းမှာ စစ်တွေမြို့က အထူးကုဆရာဝန်ကြီးတစ်ဦး ပါဝင်နေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက‌ ဩဂုတ် ၂၀ ရက်နေ့မနက်ပိုင်း ရောဂါပိုး ကူးစက်ခံထားရသူတွေစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီစာရင်းထဲက နှစ်ဦးစလုံးဟာ စစ်တွေမြို့က လူနာနံပါတ် ၃၉၅ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ လူနာနံပါတ် ၃၉၆ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဦးတို့ဖြစ်ကြပါတယ်။

ဩဂုတ် ၂၀ ရက်နေ့ညပိုင်းမှာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက‌ထုတ်ပြန်ချက်အရ စစ်တွေက ရောဂါပိုးတွေ့သူ ၃ဦးထပ်တိုးခဲ့ပြီး အဲဒီအထဲမှာ စစ်တွေက အထူးကုဆရာဝန်ကြီးဆီကနေ တစ်ဆင့် ကူးစက်ခံရသူတစ်ဦးနဲ့ ဘယ်ကကူးမှန်းမသိရသူ နှစ်ဦးထပ်တိုးပါဝင်တာကိုတွေ့ရပါတယ်။

ဒီထပ်တိုးလူနာတွေနဲ့ပါဆိုရင် ရခိုင်ပြည်နယ် စစ်တွေမြို့က ဒေသတွင်း ကိုဗစ် ၁၉ ပိုးကူးစက်ခံရသူ အရေအတွက်ဟာ ဩဂုတ်လ ၂၀ ရက် ထိဆိုရင် ၉ ဦးအထိရှိလာနေပြီဖြစ်ပါတယ်။

လူနာနံပါတ် ၃၉၅ အမျိုးသားဟာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး ဖြစ်ပြီး သူဟာ သြဂုတ်လ ၁၆ ရက်နေ့က ကျန်းမာရေးဌာနကနေ ပိုးကူးစက်မှုခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့တဲ့ စီဘီဘဏ်ဝန်ထမ်း လူနာနံပါတ် ၃၇၅ ဆီကနေ ကူးစက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

အဲ့ဒီဆရာဝန်ဟာ အပြင်ဆေးခန်းတစ်ခုမှာ ဆေးခန်းထိုင်နေချိန် ဩဂုတ်လ ၁၄ ရက်နေ့ က လူနာနံပါတ် ၃၇၅ ဟာ ဖျားနာခြင်း၊ နှာစေးခြင်း၊ အနံ့မရခြင်းစတဲ့ ဝေဒနာတွေကိုခံစားနေရတဲ့အတွက် ဆေးခန်းကိုရောက်လာခဲ့ရာမှာ သံသယရှိတဲ့အတွက် တို့ဖတ်နမူနာတွေယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ပေးခဲ့ရာကနေ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိခဲ့ရတာဖြစ်ပါတယ်။

လူနာနံပါတ် ၃၉၆ ကတော့ စစ်တွေမြို့မှာရှိတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တာဝန်ကျနေတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အရာရှိငယ်တစ်ဦးဖြစ်ပြီး ဘယ်လို ကူးစက်ခံခဲ့ရတယ်ဆိုတာကို မသိရပေမဲ့ မြို့တွင်းသွားလာမှုတွေကနေ ကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဌာနက ယူဆထားတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း အထိ စစ်တွေမြို့ပေါ်မှာ ကိုဗစ်ပိုးကူးစက်ခံရသူ ၆ ဦးအနက် လူနာနံပါတ် ၃၇၅၊ ၃၇၇ နဲ့ ၃၉၆ တို့ဟာ ရောဂါအတည်ပြုလူနာ တွေနဲ့ ထိတွေ့မှုမရှိဘဲ ဒေသတွင်း ကူးစက်ခံခဲ့ရသူတွေ ဖြစ်ကြပြီး ကျန်သုံးဦးကတော့ လူနာနံပါတ် ၃၇၅ ဆီကနေ တစ်ဆင့်ကူးစက်ခံရသူတွေ ဖြစ်ကြပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတစ်ဦးမှာ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ပြည်နယ်အစိုးရရုံးက ဝန်ထမ်းတွေကို ဆက်လက် ရုံးတက်ခွင့်မပြုတော့ဘဲ သြဂုတ်လ ၂၀ရက်နေ့ မနက်ပိုင်းမှာ အိမ်ပြန်ခွင့်ပြုပေးခဲ့တယ်လို့ အစိုးရရုံးနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပိုးတွေ့သူတွေနေတဲ့ လမ်း ၅လမ်းပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ပိုးတွေ့သူတွေနေတဲ့ လမ်း ၅လမ်းပိတ်ထား

ဒါ့အပြင် စစ်တွေမြို့ပေါ်မှာ ရောဂါပိုးအလျင်အမြန်ပျံ့နှံ့မှုဖြစ်ပေါ်နေပြီး ကူးစက်ခံရသူတွေလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေတဲ့အတွက် ဩဂုတ် ၁၉ ရက်နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အရေးပေါ်အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကြပြီးတော့ တချို့နေရာတွေကို Lock down လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

အတည်ပြုလူနာတွေရဲ့ နေအိမ်တွေရှိတဲ့ စစ်တွေမြို့ပေါ်က လမ်း ၅ လမ်းလောက်ကို ဒီနေ့ သြဂုတ်လ ၂၀ ရက် မနက်ပိုင်းကစတင်ပြီး အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ ပိတ်လိုက်ကာ လူတွေကိုလည်း အသွားအလာကန့်သတ်ထားလိုက်ပြီဖြစ်တယ်လို့ အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဘီဘီစီကိုပြောပါတယ်။

"အခုဆိုရင် စစ်တွေမြို့မှာ ကိုဗစ်ဖြစ်ပွားလာမှုက နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့် အဲ့ဒါကို ထိန်းချုပ်နိုင်ဖို့အတွက် ကြိုတင် ကာကွယ်မှုတွေလုပ်နေပါတယ်။ လောလောဆယ်မှာ ကိုဗစ် Positive တွေ့တဲ့လူနာတွေရဲ့ နေအိမ်တွေရှိတဲ့ လမ်းတွေကို Lockdown လုပ်မယ်။ အဝင်အထွက်တွေ ကန့်သတ်မယ်။နောက်တစ်ဆင့်က စားသောက်ဆိုင်တွေကို ပါဆယ်ပေးစနစ်ပဲ လုပ်တော့မယ်။"လို့ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။

အသွားအလာ ကန့်သတ်ပြီးတော့ လမ်းတွေကိုပိတ်ထားဖို့ Lockdown ဧရိယာအတွင်းမှာနေထိုင်တဲ့ သူတွေကို ကြိုတင်အကြောင်းကြား အသိပေးတာမျိုးမလုပ်ဘဲ အခုလိုလုပ်လိုက်တဲ့အတွက် လိုအပ်တဲ့ စားသောက်ကုန်ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေ စုဆောင်းမှုတွေမလုပ်လိုက်နိုင်ဘူးလို့ မိဇံရပ်ကွက်က ဒေါ်ဝေဝေထွန်းက ပြောပါတယ်။

စစ်တွေစျေးမှာ ၂ဦး ကူးစက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေစျေးမှာ ၂ဦး ကူးစက်ခံရ

Lockdown လုပ်ထားတဲ့ နေရာတွေမှာလည်း ရဲဝန်ထမ်းတချို့ စောင့်ဆိုင်းနေတာတွေကိုပဲ တွေ့ရပြီးတော့ ရပ်ကွက်နေပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေနဲ့ တခြားအကူအညီပေးမှုတွေလည်း မရှိတာကြောင့် ဈေးဝယ်ဖို့ကအစ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အတည်ပြုလူနာတွေဖြစ်တဲ့ လူနာနံပါတ် ၃၇၈ နဲ့ ၃၇၉ တို့နှစ်ဦးဟာ စစ်တွေ မြို့မဈေးကြီး အတွင်း အထည်ဆိုင်ရောင်းချနေသူတစ်ဦးနဲ့ ငါးခြောက်ရောင်းချနေသူတစ်ဦးတို့ဖြစ်ကြပြီး အဲ့ဒီအမျိုးသမီးတွေဟာ စီဘီဘဏ်ဝန်ထမ်းတွေရဲ့ မိခင်တွေဖြစ်ကာ သူတို့သမီးတွေဆီကနေတစ်ဆင့် ကူးစက်ခဲ့တာဖြစ်တယ်လို့ သိရကြောင်း အထည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်စောနှင်းဝေက ပြောပါတယ်။

"ကျွန်မတို့ အဝတ်တန်းကအမျိုးသမီးတစ်ယောက်ရယ်။ ပြီးတော့ ငါးခြောက်တန်းက အမျိုးသမီးတစ်ယောက်ရယ် အဲ့ဒီနှစ်ယောက်ကတော့ ကိုဗစ်ပိုးတွေ့တယ်လို့ သတင်းတွေမှာကြားရတယ်။ သူတို့မိသားစုတွေကိုတော့ ဆေးရုံက စစ်ဆေးဖို့ ခေါ်ထားတယ်လို့တော့ ကြားပါတယ်။ ကူးတာကတော့ သူတို့သားသမီးတွေဆီကနေ ကူးတာလို့တော့ ပြောပါတယ်။ သားသမီးတွေက စီဘီဘဏ်ဝန်ထမ်းတွေပါ။"လို့ ဒေါ်စောနှင်းဝေက ပြောပါတယ်။

ဒါ့ကြောင့် စစ်တွေမြို့မဈေးကြီးကိုလဲ ဩဂုတ် ၁၉ ရက်နေ့ ညနေ ၃၀ နာရီကနေ စည်ပင်ဌာနက ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်နေပြီး ဒီနေ့မှာလဲ နေ့လယ် တစ်နာရီမှာ ဈေးပိတ်ပြီး ဆေးဖျန်းတာတွေဆက်လုပ်နေတယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ရုံး ဝန်ထမ်းတစ်ဦးမှာလည်းပိုးတွေ့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, အစိုးရအဖွဲ့ရုံး ဝန်ထမ်းတစ်ဦးမှာလည်းပိုးတွေ့

လတ်တလောမှာတော့ စစ်တွေလေဆိပ်ကို ပိတ်ထားလိုက်ပြီးလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အစိုးရအဖွဲ့ကတော့ လေဆိပ်ကိုပိတ်လိုက်တာ မဟုတ်ဘဲ အသွားအလာခရီးသည်တွေမရှိတဲ့အတွက် လေကြောင်းလိုင်းတွေက စစ်တွေကိုမဆင်းတော့တာလို့ ပြောပါတယ်။

လက်ရှိမှာ စစ်တွေက အတည်ပြုလူနာတွေနဲ့ ဆက်စပ်သူတွေနဲ့ သံသယလူနာတွေဆီက တို့ဖတ်နမူနာတွေကို ရန်ကုန်ကိုပို့ဆောင်ပြီးမှ ဓာတ်ခွဲအတည်ပြုတာတွေပြုလုပ်နေရတဲ့အတွက် လေကြောင်းလိုင်းတွေ ပိတ်လိုက်လို့ရှိရင် အခက်အခဲဖြစ်သွားနိုင်တာကြောင့် တစ်နေ့ကို လေယာဉ်တစ်စီးလောက် ဆင်းသက်ပေးနိုင်ဖို့အရေး သက်ဆိုင်ရာလေကြောင်းလိုင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရတယ်လို့ အစိုးရအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ပိုးကူးစက်မှုတွေမြင့်မားလာနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းကို မကွေးတိုင်းဘက်ကယာဉ်လိုင်းတွေလဲ ရပ်နားတော့မှာ ဖြစ်တယ်လို့သိရပါတယ်။

အခုလို မကွေးနဲ့ မြန်မာပြည်အထက်ပိုင်းက ယာဉ်လိုင်းတွေ ရခိုင်ဘက်ကို မဆင်းတော့လို့ရှိရင် ရခိုင်ပြည်နယ်အတွင်း ကုန်စည်နဲ့ တခြားစားသောက်ကုန်တွေ ပြတ်တောက်သွားပြီး ရိက္ခာအခက်အခဲဖြစ်သွားနိုင်တာကြောင့် ခရီးသည်ပို့ဆောင်ရေးလိုင်းတွေကို ယာယီရပ်နားပြီးတော့ ကုန်စည်ပို့ဆောင်ရေးကားတွေကိုတော့ ဆက်လက်ဖွင့်ပေးထားဖို့ မကွေးတိုင်းအစိုးရအဖွဲ့နဲ့ ဆွေးနွေးသွားဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။