ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြီးနောက် မြို့ခံတွေ ရိက္ခာစုဆောင်း
စစ်တွေမြို့မှာ ကိုဗစ် ကူးစက်သူတွေ ရုတ်တရက် တိုးလာပြီးနောက် ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို အထွေထွေအုပ်ချုပ်ရေးဌာနကနေ ဒီကနေ့ သြဂုတ် ၂၁ ရက် နေ့လယ်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ဒီကနေ့ မနက်ပိုင်း စစ်တွေမြို့က ၉ ဦးနဲ့ မြောက်ဦးက ၁ ဦးတို့မှာ ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်မှု ရှိ ကြောင်း သတင်းထုတ်ပြန်အပြီးမှာ အခုလို ညမထွက်ရ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း စစ်တွေမြို့မှာနေထိုင်သူတွေ အိမ်အပြင်ကို မထွက်ကြဖို့အတွက် ဩဂုတ် ၂၀ ရက်နေ့ ညပိုင်းကကတည်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလို အမိန့်ကြေညာချက်တွေ ထွက်လာတာကြောင့် သြဂုတ် ၂၁ ရက် မနက်ပိုင်းမှာတော့ စစ်တွေ မြို့ခံတွေဟာ ရိက္ခာစုဆောင်းတာတွေအပြင် ဆေးဝါးတွေ၊ နှာခေါင်းစည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို လိုက်လံဝယ်ယူခဲ့ကြပါတယ်။
လက်ရှိမှာ မြို့ခံတွေ အလုအယက်ဈေးဝယ်နေကြပြီး စားဝတ်နေရေးအတွက် ဈေးရောင်းချနေရပေမဲ့ ရောဂါပိုးကူးစက်မှာကိုလည်း စိုးရိမ်နေရသလို တစ်မြို့လုံးကို အပြင်မထွက်ရ အမိန့်ထုတ်ရင် မိသားစုအခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ စစ်တွေမြို့မဈေးကြီးမှာ သစ်သီးဆိုင်ရောင်းနေတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။
ညမထွက်အရအမိန့် နဲ့ ပတ်သက်ပြီး စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက "နေ့ဘက်အတွက်လည်း ရပ်ကွက်အလိုက်မထွက်ဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားပြီဗျ။ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေက ဟန်းစပီကာတွေနဲ့ လိုက်အော်ဖို့လု့ပ်နေပြီ။
ကျွန်တော်တို့လည်း မြို့ပေါ်ရပ်ကွက်တိုင်းကို ကားနဲ့လိုက်အော်တော့မယ်ဗျနော် "လို့ ပြောပါတယ်။
ကြိုတင်ကာကွယ်မှု အနေနဲ့ ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့ လမ်းတွေကို ပိတ်ဆို့ မှု တွေ လုပ်ထားပြီး တစ်မြို့လုံးကို အပြင်မထွက်ရတဲ့ အမိန့်ထုတ်ပြန်တာဟာ ကောင်းတဲ့ လုပ်ဆောင်ချက်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် လက်လုပ်လက်စားတွေနဲ့ မြို့ခံတွေရဲ့လိုအပ်ချက်တွေကိုလည်း အစိုးရအနေနဲ့ အကူအညီပေးဖို့လုပ်ဆောင်ဖို့လိုအပ်တယ်လို့ စစ်တွေမြို့ခံ ဦးစိုးနိုင်က ပြောပါတယ်။
"မြို့ပေါ်အခြေနေကျတော့လည်း လူတော်တော်များများကတော့ ညွှန်ကြားချက်အတိုင်း Mask တပ်တယ်။ လက်ဆေးတယ်။ အဲ့ဒါတော့ အများကြီးလုပ်ဆောင်ကြပါတယ်။
အဓိကပြဿနာကတော့ အမိန့်တွေကိုထုတ်ပြန်သလို ကူညီပံ့ပိုးမှုတွေကိုလဲ လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။
အခုပိုးတွေ့တဲ့သူတွေရဲ့ပတ်ဝန်းကျင်တွေကို Lockdown လုပ်ကျွန်တော်တို့လက်ခံတယ်။ ဒါဖြစ်သင့်တယ်။
တစ်မြို့လုံးကို Lockdown လုပ်ဖို့ဆိုတာက စိန်ခေါ်မှုကြီးဖြစ်လာတယ်။ အကောင်းဆုံးကုသနည်းဟာ Home stay အိမ်တွင်းမှာနေတာ။
အိမ်တွင်းမှာနေဖို့အတွက် လုံလောက်တဲ့အတိုင်းတာတော့ ရှိဖို့လိုတယ်။ တတ်နိုင်တဲ့သူကတော့ လိုအပ်တာဝယ်ထားပြီး မိသားစုနဲ့အိမ်ထဲမှာနေလို့ရတာပေါ့။"
စစ်တွေမြို့မှာ မနက်ပိုင်းက လမ်းတွေပေါ် သိသိသာသာ လူနည်းသွားခဲ့ပေမယ့် နေ့ခင်းပိုင်းမှာတော့ ပုံမှန် နီးပါး အတိုင်း အလုပ်ကိစ္စ ကြောင့် သွားလာနေသူတွေကို တွေ့ရပါတယ်။
စစ်တွေ မြို့တွင်း လမ်းပေါ်မှာသွားလာနေတဲ့ မြို့တွင်းပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ကား၊ သုံးဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်မောင်းနှင်သူတွေကို လူမှုအဖွဲ့အစည်းတွေက နှာခေါင်းစည်းတွေကို လိုက်ဝေပေးတာတွေလည်း တွေ့ရပါတယ်။
အဲ့ဒီမြို့တွင်းပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့သူတွေဟာ လူတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံနေရသူတွေ ဖြစ်တဲ့အတွက် အချိန်မရွေး ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားလာနိုင်တာကြောင့် အခုလို နှာခေါင်းစည်းတွေကို သူတို့အတွက် ဝေပေးရတာဖြစ်တယ်လို့ သဇင် ဥပဒေအထောက်အကူပြုအဖွဲ့က ကိုငြိမ်းချမ်းကျော်က ပြောပါတယ်။
စစ်တွေမှာ ဩဂုတ်လ ၁၆ ရက်နေ့ကနေ စပြီး တစ်ပတ်အတွင်းမှာ ကူးစက်ခံရသူ ၂၈ ဦးတွေ့ရှိခဲ့ လို့ ဒီရောဂါပိုးဟာ အပြင်မှာ ပျံ့နှံ့မှုတွေဘယ်လောက်ထိ ရှိနေမလဲဆိုတာကို မြို့ခံတွေအကြားစိုးရိမ်မှုတွေလည်း မြင့်တက်နေကြပါတယ်။
အခုလို လူတွေအလုအယက်ဈေးဝယ်နေကြပြီး ရိက္ခာတွေစုဆောင်းနေကြတာဟာ စိုးရိမ်ကြောက်လန့်မှုတွေကြောင့် အပြင်ကိုမထွက်တော့ဘဲ နေအိမ်တွေမှာပဲ နေထိုင်မယ်ဆိုတဲ့သဘောကိုတွေ့မြင်ရကြောင်းနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ စစ်တွေမြို့ခံတွေက ပြောဆိုကြပါတယ်။
ကူးစက်မြန်တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသစ် မြန်မာနိုင်ငံတွင်း တွေ့ရှိထားတယ်လို့ ထုတ်ဖော်ပြောကြားတဲ့ အခုသီတင်းပတ်ထဲမှာပဲ စစ်တွေမြို့မှာ ကူးစက်သူတွေ ရုတ်တရက်တိုးလာပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုစတင်ချိန်ကစလို့ စစ်တွေမြို့မှာ စုစုပေါင်း ကူးစက်သူ ၂၉ ဦး ရှိပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံး ကူးစက်သူ ၃၅ ဦး ရှိပြီ ဖြစ်ပြီး တစ်နိုင်ငံလုံး ကူးစက်သူ ၄၁၉ ဦး ရှိပြီ ဖြစ်ပါတယ်။