တက်ကြွလှုပ်ရှားသူ ၉ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထိုင်းအာဏာပိုင်တွေက ပစ်မှတ်ထား ဖယ်ရှားနေပြီး လူ ၉ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
အဖမ်းခံခဲ့ရတဲ့ ၉ ဦးထဲမှာ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့တဲ့ ဆန္ဒပြပွဲတခုနဲ့ ပတ်သက်လို့ တရားစွဲဆိုခံထားရတဲ့ ထိုင်းရှေ့နေ အနွန် နမ်ပါ လည်း ပါဝင်ပါတယ်။
ထိုင်းဘုရင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားရင် ပြစ်ဒဏ်ချခံရနိုင်တဲ့ တင်းကြပ်တဲ့ ဥပဒေအပါအဝင် တခြားဥပဒေတွေဟာ ထိုင်းဘုရင် စနစ်ကို ဝေဖန်လို့ မရအောင် အကာအကွယ် ပေးထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ဒီစနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ လမ်းမတွေပေါ်ထွက် တောင်းဆိုခဲ့ကြပါတယ်။
ဘုရင်စနစ်ဟာ မပြောကောင်း မဆိုအပ်တဲ့ အရာလို့ သတ်မှတ်ထားတဲ့ အစဉ်အလာကို ဆန္ဒပြပွဲမှာ ပထမဆုံးအကြိမ် လူပုံအလယ်မှာ ချိုးဖောက်ခဲ့သူက အသက် ၃၆ နှစ်အရွယ် မစ္စတာ အနွန်ပါ။
သူဟာ ဘန်ကောက်မြို့ မှာ ဒီလအစောပိုင်းမှာ လုပ်ခဲ့တဲ့ ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲက ပုံစံမျိုး ဆန္ဒပြပွဲမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုခဲ့တာပါ။
ထိန်းသိမ်းခံလိုက်ရတဲ့ တက်ကြွလှုပ်ရှားသူတွေထဲမှာ ဘာရမီ ချာရတ် ၊ စုဝမ်နာ တာလိခ် ၊ ဂေါ်ရကော့ ဆမ်ရန့်ဖမ်း နဲ့ နာမည်ကျော် ရတ်ပ်အဆိုတော် ဒီချာတွန် ဘမ်းဘရူးမေး တို့လည်း ပါဝင်ပါတယ်။
သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင် ၇ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်ပါတယ်။
မကြာခင်ကာလမှာ နောက်ထပ် အဖမ်းခံရနိုင်ခြေရှိတဲ့ လူအယောက် ၂၀ ကျော် နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းကို သူတို့ မြင်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဆန္ဒပြသမားတွေဟာ ထိုင်းစစ်တပ် ခေါင်းဆောင်ဟောင်း ပရာယု ချန်အိုချာ ဦးဆောင်တဲ့ အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။ သူဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့စဥ်က စစ်တပ် ခေါင်းဆောင် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲတခု ကျင်းပပြီး ထိုင်းနိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်အဖြစ် သူက ဆက်တာဝန်ယူခဲ့ပါတယ်။
ထိုင်းဘုရင်စနစ်အပေါ် ထူးခြားတဲ့ အပြောင်းအလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလအစောပိုင်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အရင်က မကြုံစဖူး အလှည့်အပြောင်းတခုကို လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒါကတော့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ သူတို့ စတင်တောင်းဆိုခဲ့ကြတာပါ။
ဘုရင်စနစ်ကို လေးစားဖို့၊ ချစ်မြတ်နိုးဖို့ ထိုင်း ပြည်သူတွေကို သင်ကြားပေးခဲ့သလို ဒီစနစ်အကြောင်း ထုတ်ဖော်ပြောဆိုမှုရဲ့ အကျိုးဆက်တွေကို ကြောက်ရွံ့ကြဖို့ကိုလည်း သင်ကြားပေးခဲ့တာပါ။
ဘုရင်စနစ်ကို စော်ကားပြောဆိုတာဟာ ထိုင်းနိုင်ငံ ဥပဒေအရ ထောင် ၁၅ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်ပါတယ်။
ထိုင်းဘုရင်သစ် ဝချီရာ လောင်ကွန်းက ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြီး အသုံးမပြုချင်တော့ဘူးလို့ အတိအလင်း ပြောကြားပြီးတဲ့နောက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီဥပဒေ အသုံးပြုမှု နည်းပါးခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို ပစ်မှတ်ထားဖို့အတွက် ထောင် ၇ နှစ်အထိ ပြစ်ဒဏ်ချနိုင်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုလို ဥပဒေ အပါအဝင် တခြား ဥပဒေ လမ်းကြောင်းတွေကို အစိုးရက အသုံးပြုနေတယ်လို့ လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
မစ္စတာ အနွန်ကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်တာဟာ ဒီလအတွင်း ဒုတိယအကြိမ်အဖြစ် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ သူ့ကို စွဲချက်တင်လိုက်တာပါ။
ဇူလိုင်လတုန်းက လူထုစည်းဝေးပွဲတခုမှာလည်း သူဟာ တခြား တက်ကြွလှုပ်ရှားသူ တဦး ဖြစ်တဲ့ ဖာနုဖုံ တာနော့ခ် နဲ့ အတူ အဖမ်းခံခဲ့ရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့က ဘန်ကောက်မြို့မှာ လုပ်ခဲ့တဲ့ ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲကလိုမျိုး ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အခု နောက်တကြိမ် သူ ထပ် အဖမ်းခံခဲ့ရတာပါ။
အဲဒီဆန္ဒပြပွဲမှာ မစ္စတာ အနွန်က စည်းမျဥ်းခံ ဘုရင်စနစ်ကို လုံးဝဖျက်ပစ်တာမျိုး မဟုတ်ဘဲ ပြုပြင်ပြောင်းလဲချင်တဲ့အကြောင်း အလေးပေး ပြောခဲ့ပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ စစ်တပ် တပ်ဖွဲ့တွေအားလုံးကို တိုက်ရိုက်စီမံအုပ်ချုပ်ဖို့ ဘုရင် ဝချီရာ လောင်ကွန်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း မစ္စတာ အနွန်က မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါဟာ ဒီမိုကရေစီ နည်းလမ်းမကျသလို စည်းမျဥ်းခံ ဘုရင်စနစ်နဲ့လည်း မကိုက်ညီဘူးလို့ သူက ယူဆနေတာပါ။
"တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ တောင်းဆိုတဲ့ ကိစ္စကို ပြီးစီးအောင် လုပ်ရမယ်" လို့လည်း သူက ဆိုပါတယ်။
" ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ၊ ကြွရောက်လာတဲ့ ပရိသတ်တွေရဲ့ ဂုဏ်သိက္ခာကို ဂုဏ်ပြုတဲ့အနေနဲ့ရော ဘုရင်စနစ်ကို အလေးထားတဲ့ အနေနဲ့ပါ ကျွန်တော် အခုလို ပွင့်ပွင့်လင်လင်းပြောဖို့ ရွေးချယ်လိုက်တာပါ။ ဒီအကြောင်း ပွင့်ပွင်းလင်းလင်း မပြောဘူးဆိုရင် ဒါကို ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး။"
ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေကို နှိမ်နင်းမှု

ဓာတ်ပုံ ရင်းမြစ်, Lauren DeCicca
ဘုရင်စနစ်ကို ပွင်ပွင့်လင်းလင်း ဆွေးနွေးရဲတဲ့သူ သိပ်မရှိတဲ့ နိုင်ငံမှာတော့ မစ္စတာ အနွန်ရဲ့ မှတ်ချက်ပေး ပြောဆိုမှုတွေဟာ သာမန်ထက် ပိုထူးခြားနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြတဲ့ ထိုင်းဘုရင်စနစ်ကို ဝေဖန်သူတွေဟာ ပြန်ပေးဆွဲခံခဲ့ရပြီး အသတ်ခံခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာ အဖမ်းခံလိုက်ရတဲ့ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေထဲမှာ ဇူလိုင်လတုန်းက ဘန်ကောက်မြို့ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ဖျော်ဖြေခဲ့သူ ရက်ပ်ပါ အဆိုတော်တဦးလည်း ပါပါတယ်။
ပြီးခဲ့တဲ့ ၆ နှစ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း အကြီးဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို ထိုင်းစစ်တပ်က လိုက်လံ ဖြိုခွင်းနေပါတယ်။
စစ်တပ်ကျောထောက်နောက်ခံ အစိုးရ နုတ်ထွက်ရေး၊ ဝေဖန်သူတွေကို လိုက်လံတိုက်ခိုက်နေမှု အဆုံးသတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲရေးနဲ့ ရွေးကောက်ပွဲသစ်တွေ ကျင်းပပေးဖို့ ဆန္ဒပြသမားတွေက တောင်းဆိုနေတာပါ။
" ဒီမိုကရေစီအရေး တောင်းဆိုနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်နှိမ်နင်းနေတာကြောင့် သဘောထား အမြင် မတူသူတွေရဲ့ အသံတွေကို နားထောင်ပါ့မယ်လို့ အကြိမ်ကြိမ် ပြောနေတဲ့ ထိုင်းအစိုးရရဲ့ ကတိစကားတွေဟာ ဘာမှ အဓိပ္ပာယ်မရှိဘူးဆိုတာ သက်သေပြလိုက်တာပဲ" လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး HRW အဖွဲ့ကြီးရဲ့ အာရှရေးရာ ဒါရိုက်တာ ဘရတ် အဒမ်စ် က ပြောပါတယ်။
တက်ကြွလှုပ်ရှားသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ သူတို့အပေါ် စွဲထားတဲ့ အမှုတွေ ရုပ်သိမ်းပေးဖို့လည်း သူက တောင်းဆိုနေပါတယ်။








