"ကျွန်မမောင် ပျောက်သွားတဲ့နေ့ကတည်းက ကျွန်မဘဝကြီး လုံးဝ ပြောင်းလဲသွားခဲ့တယ်"

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang/BBC Thai
"အသက်ရှုလို့ မရဘူး၊ အသက်ရှုလို့ မရဘူး။"
ဒီစကားလုံးတွေဟာ စီတာနန် စက်စက်စီ (Sitanan Satsaksit) ကြားခဲ့ရတဲ့ မောင်ဖြစ်သူရဲ့ နောက်ဆုံး စကားတွေပါ။
ဇွန်လ ၄ ရက် ညနေခင်းမှာ စီတာနန်နဲ့ သူ့မောင် ဖုန်းပြောနေတုန်း စီတာနန်ကို ဖုန်းမချဘဲ ဆက်ကိုင်ထားဖို့ သူ့မောင်က ပြောခဲ့ပါတယ်။
အဲဒီနောက် ဝုန်းခနဲ အသံအကျယ်ကြီး ကြားလိုက်ရပါတယ်။
"ပထမတော့ သူ ကားတိုက်မှု ဖြစ်တယ်လို့ ထင်ခဲ့တာ" လို့ စီတာနန်က ဘီဘီစီကို ပြောပြပါတယ်။
အဲဒီနောက်မှာ သူ့မောင်ရဲ့ အော်သံ၊ သူနားမလည်တဲ့ ခမာဘာသာစကားနဲ့ ယောက်ျားတွေ အော်ဟစ် ပြောနေသံတွေကို ကြားခဲ့ပါတယ်။
တား လို့ အိမ်မှာ ခေါ်ကြတဲ့ သူ့ရဲ့မောင် ဝန်ချလမ် (Wanchalearm) ဟာ သူရောက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ လမ်းဘေးဆိုင်တခုမှာ အစားအသောက်တွေ သွားဝယ်နေတုန်း ထိုင်းနိုင်ငံဘက်ခြမ်းမှာ ရှိတဲ့ အစ်မဖြစ်သူ စီတာနန်နဲ့ ဖုန်းပြောနေကြတာပါ။
၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်အစိုးရ အကြောင်း လှောင်ပြောင် သရော်စာတွေ ရေးသားခဲ့မှုနဲ့ အာဏာပိုင်တွေက သူ့ကို လိုက်ဖမ်းဖို့ကြိုးစားခဲ့တဲ့အတွက် ဖနွမ်းပင်မြို့ကို ဝန်ချလမ် ထွက်ပြေး တိမ်းရှောင်သွားတာ ဖြစ်ပါတယ်။
တကယ်တော့ အဲဒီနေ့က ဝန်ချလမ် ကားတိုက်ခံရတာ မဟုတ်ပါဘူး။ ပြန်ပေးဆွဲခံခဲ့ရတာပါ။
ပျောက်ချင်းမလှ ပျောက်ဆုံးသွား

ဝန်ချလမ်ကို လက်နက်ကိုင် လူတစ်စုက SUV ကားအမည်းရောင် တစ်စီးထဲ ဆွဲတင်သွားတာကို တွေ့ခဲ့ရတယ်လို့ အဲဒီနေရာမှာ ရှိနေခဲ့တဲ့ မျက်မြင်သက်သေတွေက Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကို ပြန်ပြောပြပါတယ်။
ဝန်ချလမ်က အော်ဟစ် အကူအညီ တောင်းခဲ့ပေမဲ့ လက်နက်ကိုင်တွေက အနားကလူတွေကို ဝင်မရှုပ်ကြဖို့ သတိပေးပြီး ကားကို အတင်းမောင်းပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
စိုးရိမ် ထိတ်လန့်၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ စီတာနန်ဟာ သူ့မောင်ရဲ့ ဗလုံးဗထွေး အသံတွေကို နောက်ထပ် နာရီဝက်လောက် ထပ်ကြားနေခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဖုန်းလိုင်းကျသွားခဲ့ပါတယ်။
ဝန်ချလမ်ရဲ့ သူငယ်ချင်းတစ်ယောက်က စီတာနန်အတွက် သတင်းအစအန လိုက်စုံစမ်းပေးပါတယ်။
"မိနစ် ၂၀ လောက်ကြာတော့ သူက ကျွန်မကို ဖုန်းပြန်ခေါ်ပါတယ်။ သူက ခေါင်းအေးအေးထားပါ အစ်မတဲ့၊ တားတော့ ပြန်ပေးဆွဲခံလိုက်ရပြီ ဆိုပြီး ပြောလာပါတယ်" လို့ စီတာနန်က ပြန်ပြောပြပါတယ်။
အသက် ၃၇ နှစ်အရွယ် ဝန်ချလမ် ကို အဲဒီကတည်းက မတွေ့ရတော့ပါဘူး။ ထိုင်းစစ်တပ်ကို ဝေဖန်ပြီး ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေရာကနေ အခုနှစ်ပိုင်းအတွင်း ပျောက်ချင်းမလှ ပျောက်သွားတဲ့သူတွေထဲမှာ သူဟာ ၉ ယောက်မြောက် ဖြစ်ပါတယ်။
သူ့မောင်ပျောက်သွားတဲ့ နေ့ကစလို့ အစ်မဖြစ်သူ အသက် ၄၈ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် စီတာနန်ရဲ့ ဘဝဟာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်။
မခွဲအတူ သိပ်ချစ်ကြတဲ့ မောင်နှမ

ဓာတ်ပုံ ရင်းမြစ်, Facebook/Wanchalearm Satsaksit
စီတာနန်နဲ့ သူ့ရဲ့ အဖေတူ အမေကွဲ မောင်ဖြစ်သူ ဝန်ချလမ်တို့ဟာ အရမ်းကို ချစ်ကြတာပါ။
လူလတ်တန်းစားတွေ ဖြစ်ကြတဲ့ သူတို့မှာ မိသားစုဝင် ငါးဦးရှိပြီး စီတာနန်ရဲ့ မိထွေး အသက် ၆၃ နှစ်အရွယ် မုဆိုးမကြီးက အိမ်ထောင်ဦးစီးတာဝန်ကို ယူထားပါတယ်။
အစ်မအကြီးဆုံး စီတာနန်နဲ့ သူ့မောင် တား တို့ဟာ ကလေးဘဝကတည်းက အမြဲတမ်း တပူးတွဲတွဲ နေခဲ့ကြတာပါ။
မိခင်ကြီးက မိသားစု စားဝတ်နေရေးအတွက် ငွေထွက်ရှာနေရလို့ အမြဲ အလုပ်တွေ ပိနေတာကြောင့် အစ်မကြီး စီတာနန်ကပဲ ညီမနဲ့ မောင်ငယ်တွေကို မိခင်တစ်ယောက်လို ပြုစု တာဝန်ယူခဲ့ရပါတယ်။
ဖနွမ်းပင်မြို့ကို ရောက်သွားပြီး မိသားစုနဲ့ အဆက်အသွယ် ပြန်မလုပ်နိုင်ခင် နှစ်နှစ်လောက် ပုန်းရှောင်နေခဲ့ရတဲ့ မောင်ဖြစ်သူ တားနဲ့ ဖုန်းပြောခွင့် ရခဲ့တာဟာ စီတာနန်အတွက် ပျော်ရွှင်စရာ အချိန်တွေဖြစ်ခဲ့တာပါ။
ပြည်ပမှာ တိမ်းရှောင်နေရသူတွေရဲ့ အန္တရာယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ချလမ်ဟာ ဘေးကင်းလုံခြုံတယ်လို့ ယူဆရတဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံမှာ ခိုလှုံရင်း ထိုင်းစစ်အစိုးရကို ဝေဖန်နေတဲ့ ပြည်ပရောက် အတိုက်အခံ အများကြီးထဲက တစ်ဦးသာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ ဒီလိုလုပ်တာဟာ သိပ်ကို အန္တရာယ် များလှပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူ အနည်းဆုံး ၈ ဦးထက်မနည်း ပျောက်သွားခဲ့ပါတယ်။
ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူ ဝေဖန်ရေးသမား ချက်ချန် ဘိုဖားဝန် (Chatcharn Buppawan) နဲ့ ခရိုက်ဒေး လူလာ့ (Kraidej Luelert) တို့ရဲ့ ရုပ်အလောင်းတွေကို မနှစ်က ထိုင်း လာအို နယ်စပ် မဲခေါင်မြစ်ဘေးတစ်နေရာမှာ တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ ဗိုက်ထဲက အူတွေကို ထုတ်ပစ်ထားပြီး ကွန်ကရစ် ဘိလပ်မြေတွေနဲ့ ဖြည့်သိပ်ထားတာ တွေ့ရပါတယ်။
ထိုင်း စစ်တပ်ကတော့ ဒီကိစ္စကို သူတို့ ဘာမှ မသိဘူးလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် လက်ထက်မှာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျခရာပေါ့ ပန်းကဲ ဟာ သူအသတ်ခံရတော့မယ် ဆိုတဲ့ လျှို့ဝှက်သတင်းတစ်ခု ရခဲ့အပြီး ၂၀၀၉ ခုနှစ်ကတည်းက ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ သူဟာ ဝန်ချလမ်နဲ့ သိခဲ့တာ နှစ်အတော်ကြာပါပြီ။
အမြဲရွှင်ပျ တက်ကြွနေတတ်တဲ့ သူ့မိတ်ဆွေ ဝန်ချလမ် ပျောက်ဆုံးသွားတဲ့ သတင်းကြောင့် သူ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတယ်လို့ ဂျခရာပေါ့က သူပုန်းအောင်းနေတဲ့ လျှို့ဝှက်နေရာတခုကနေ ဘီဘီစီကို ပြောခဲ့ပါတယ်။ ဝန်ချလမ် အသက်ဆက်ရှင်နေဖို့ အခွင့်အလမ်း မရှိသလောက်ပဲလို့ သူက ယူဆထားပါတယ်။
"သူတို့ ပါးချင်တဲ့ သတင်းစကားက ဒီကောင်တွေကို သတ်ပစ်ကြစို့၊ ဒီကောင်တွေက ငါတို့လို မဟုတ်ဘူး၊ ပြည်ပကလူတွေ၊ ထိုင်းနိုင်ငံ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့က ဒီကောင်တွေကို သတ်ပစ်မှရမှာ ဆိုတာမျိုး ပြောချင်နေတာ"လို့ သူက ပြောပါတယ်။
နိုင်ငံရေး လှုပ်ရှားမှုကနေ စွန့်ခွာ

ဓာတ်ပုံ ရင်းမြစ်, Narin Sun/BBC Thai
"၂၀၁၈ ခုနှစ်တုန်းက တောင်အာဖရိကမှာ တားနဲ့ ကျွန်မတို့ နောက်ဆုံးတွေ့ခဲ့တာ။ အဲဒီနောက် လူမှုကွန်ရက်ပေါ်ကနေပဲ ဆက်သွယ်ဖြစ်ခဲ့ကြတယ်" လို့ စီတာနန်က သူ့မောင်နဲ့ ပြန်ဆုံခဲ့ပုံအကြောင်းကို ဘီဘီစီထိုင်းဌာနနဲ့ ဇူလိုင်လလယ်ပိုင်းတုန်းက ပထမဆုံး တွေ့ဆုံမေးမြန်းစဉ်အတွင်း ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
တားကို အားပေးထောက်ခံကြသူတွေ အကြံပေးတဲ့အတိုင်း ပြင်သစ်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းဖို့ကိစ္စကို စီတာနန်တို့ မောင်နှမ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ စီးပွားရေး လုပ်ငန်းတချို့ လုပ်ခွင့်ရမယ့် ကမ္ဘောဒီးယားမှာပဲ ဆက်နေတာက အသင့်တော်ဆုံး ဖြစ်မယ် ဆိုပြီး သူတို့ အတူဆုံးဖြတ်ခဲ့ကြပါတယ်။
"လုပ်စရာမရှိ ပျင်းစရာကောင်းတဲ့ ဘဝမျိုးနဲ့ ဥရောပမှာ သူ မနေချင်ဘူးလို့ ကျွန်မကို ပြောခဲ့တယ်။ ကမ္ဘောဒီးယားမှာဆိုရင် ကျွန်မမောင်လေးက စီးပွားရေး အသိုင်းအဝိုင်းက လူတွေနဲ့ သိသလို အဆက်အသွယ် ကောင်းကောင်းတွေလည်း ရှိထားတယ်"လို့ စီတာနန်က ပြောပြပါတယ်။
ထိုင်းအာဏာပိုင်တွေကို အမျက်ဒေါသ ထွက်စေခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဝန်ချလမ် ဆက်မလုပ်တော့ဘဲ ရပ်ခါနီး အချိန်မှာပဲ ခုလို ဖြစ်သွားခဲ့တာလို့ စီတာနန်က ပြောပါတယ်။
"ကျွန်မ အကြံပေးတဲ့အတိုင်း နိုင်ငံရေး အတိုက်အခံဘဝကို စွန့်ပြီး စီးပွားရေးလောကမှာ သူ့အနာဂတ်ကို တည်ဆောက်တော့မယ် ဆိုလို့ ကျွန်မ အတော်လေး စိတ်အေးသွားခဲ့တယ်"
မိသားစုရဲ့ သောက
ဝန်ချလမ် ပြန်ပေးဆွဲခံခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် သူ့မိသားစုဝင်တွေ အတော် စိတ်ထိခိုက်ခဲ့ရပါတယ်။ ဝမ်းနည်းပူဆွေး၊ အထီးကျန်မှုတွေနဲ့ စိတ်ဓာတ်ကျခဲ့ကြပါတယ်။
ဘဏ်ဝန်ထမ်းနဲ့ ဆရာဝန် အလုပ်တွေ လုပ်နေကြတဲ့ စီတာနန်ရဲ့ နောက်မောင်လေးနဲ့ ညီမလေးတို့က အသည်းအသန် ကူညီချင်ကြပေမယ့် အလုပ်ကိုယ်စီ ရှိနေတာကြောင့် အဆင်မပြေပါဘူး။
ပူဆွေးသောက ရောက်နေတဲ့ မိခင်ကြီးကတော့ နောက်ထပ် သားသမီးတစ်ယောက် ထပ်အဆုံးရှုံး မခံနိုင်တော့ဘူးလို့ ပြောနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thai News Pix
"ဒီလို ကြမ္မာဆိုးကြီးနဲ့ ကိုယ်တွေ့ မကြုံမချင်း ဒီဆင်းရဲဒုက္ခ ဝေဒနာတွေကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး။ မခံစားနိုင်လောက်အောင်ပါပဲ။ အင်မတန် ခံရခက်ပါတယ်။ ငိုမိတဲ့အကြိမ်ပေါင်း မရေတွက်နိုင်ပါဘူး" လို့ စီတာနန်က ပြောပြပါတယ်။
သူ့မောင်လေး မပျောက်သွားခင်အချိန်အထိ စီတာနန်ဟာ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်လုပ်ပြီး ပျော်ပျော်ပဲ နေခဲ့တာပါ။ အလုပ်ကြိုးစားမယ်၊ ပိုက်ဆံစုမယ်၊ ခရီးထွက်မယ်၊ အပန်းဖြေမယ် စသည်ဖြင့် သူ့ရဲ့ ဘဝရည်မှန်းချက် ပန်းတိုင်တွေကလည်း ရိုးစင်းခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ စီတာနန်အတွက် အဲဒီလို သက်သောင့်သက်သာရှိတဲ့ ဘဝမျိုးက အတိတ်မှာပဲ ကျန်ရစ်ခဲ့ပါပြီ။ သူ့ရဲ့ စီးပွားရေး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆိုင်းငံ့ထားလိုက်ပြီး မောင်ဖြစ်သူကို လိုက်ရှာဖို့နဲ့ သူ့ကိုယ်စား နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ပဲ အချိန်ပေး လုပ်ဆောင်နေပါတယ်။
"ကျွန်မ ကြောက်နေရင် တားက သူ့ဘဝနဲ့ အနာဂတ်ကို စတေးပြီး လုပ်ခဲ့တာတွေ အလဟဿ ဖြစ်သွားမှာပေါ့။ ဒါကြောင့် အခုဆို သူ့ရည်မှန်းချက်တွေကို ကျွန်မ ပြောင်ပြောင်တင်းတင်းပဲ ဆက်အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။ သူလုပ်ခဲ့တာတွေက မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့အတွက် ဆက်တိုက်ပွဲဝင်ဖို့ ကျွန်မကို စိတ်ခွန်အားရစေပါတယ်" လို့ စီတာနန်က ပြောပါတယ်။
သူ့မောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ စီတာနန် တချိန်လုံး ပိုက်စိပ်တိုက် ရှာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thai News Pix
"သူပျောက်သွားတဲ့ နေ့ကတည်းက ကျွန်မဖုန်းထဲမှာ တွစ်တာအပလီကေးရှင်းကို ဒေါင်းလုပ်လုပ်ထားလိုက်တယ်။ မနက်မိုးလင်းတာနဲ့ သူပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထူးခြားမှု ရှိသလား၊ ဒါမှမဟုတ် ဒီကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ အာဏာပိုင်တွေကို တောင်းဆိုနေတဲ့ တခြား တက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းတွေ ရှိသလား ဆိုတာကို လိုက်ရှာပြီး အရင်ဆုံး ဖတ်ပါတယ်။"
လူထု ဆွေးနွေးပွဲတွေမှာလည်း အမြဲလိုလို သူဝင်ဟောပြောပါတယ်။ သူ့မောင် ပျောက်ဆုံးတဲ့ ကိစ္စကို လူတွေ ပိုသိအောင် အပတ်တကုတ် ကြိုးစား အားထုတ်နေပါတယ်။ လူ့အခွင့်အရေး ဥပဒေတွေ ပိုနားလည်လာအောင် ဆွေးနွေးပွဲတွေ တက်သလို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေရဲ့ လုပ်ငန်းရပ်တွေကိုလည်း အားပေးထောက်ခံနေပါတယ်။
"ထိုင်းနိုင်ငံမှာ လူမသိ သူမသိဘဲ ပျောက်ဆုံးသွားတဲ့ လူပေါင်း ၉၀ နီးပါး ရှိတယ်ဆိုတာကို မကြာသေးခင်တုန်းကမှ ကျွန်မ သိခဲ့ပါတယ်။ အဲဒီထဲက အနည်းဆုံး ၉ ဦးလောက်ဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ ပျောက်ဆုံးသွားကြတာပါ" လို့ သူက ပြောပြပါတယ်။
ဘဝသစ်၊ မိတ်ဆွေသစ်
အဲဒီလို အပြောင်းအလဲတွေကြောင့် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း စီတာနန် ဆုံးရှုံးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Amnesty International Thailand
တချို့က သူတို့ဘ၀ ထိခိုက်မှာစိုးလို့ သူ့ကို ရှောင်ကြဉ်ခဲ့ကြတယ်လို့လည်း စီတာနန်က ပြောပြပါတယ်။
သူ့မိသားစုအပေါ် ခြိမ်းခြောက်တာမျိုး တခါမှ မကြုံခဲ့ရပေမယ့် သူ့ရဲ့ ဘေးကင်း လုံခြုံမှုအတွက် သူအမြဲ သတိထားနေရတယ်လို့လည်း ဆိုပါတယ်။ သူ့ကို ပစ်မှတ်ထားတာမျိုးတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက သတိပေးခဲ့အပြီးမှာ စီတာနန်ဘက်က ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါတယ်။
နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေ၊ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ သူ မိတ်ဆွေ ဖွဲ့ပါတယ်။
" ပျောက်ဆုံးသွားသူ သုံးယောက်ရဲ့ ဇနီး၊ မိခင်တွေနဲ့ ကျွန်မ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူတို့နဲ့ တွေ့တွေ့ချင်းပဲ ကျွန်မတို့ဟာ ဘဝတူတွေပဲ ဆိုတာ ခံစားမိလိုက်ရပါတယ်။ ဒီလိုခံစားမှုမျိုးကို စကားလုံးနဲ့တောင် ပုံဖော်လို့ မရပါဘူး။ ကျွန်မတို့ ဆုံတဲ့အခါတိုင်း တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး ငိုမိကြတယ်။ အမေ တစ်ယောက် ဆိုရင် ပျောက်နေသူတွေ အားလုံးအတွက် လူ့အခွင့်အရေး တောင်းဆိုဖို့ သူတတ်နိုင်တာ ဘာပဲလုပ်ရ လုပ်ရ၊ လုပ်ဖို့ အဆင်သင့်ပဲလို့ ကျွန်မကို ထပ်တလဲလဲ ပြောခဲ့ပါတယ်"
ရုန်းကန်လှုပ်ရှားမှုများ

ဓာတ်ပုံ ရင်းမြစ်, ဝမ်ချလမ်အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းလာ
ပျောက်ဆုံးနေတဲ့ မောင်ကို ရှာတွေ့ဖို့အတွက် စီတာနန်ဟာ ထိုင်းအစိုးရဌာနပေါင်း မြောက်များစွာကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းမပြန်တာ ဒါမှမဟုတ် အသုံးမဝင်တဲ့ သတင်းအချက်အလက်တွေ ရခဲ့တာမျိုးနဲ့ပဲ အမြဲတမ်း ကြုံခဲ့ရတယ်လို့ စီတာနန်က ပြောပါတယ်။
ဝန်ချလမ် ပျောက်ဆုံးသွားမှုကို လူတွေ သိလာအောင် လုပ်နိုင်ခဲ့တာကြောင့်လည်း ထိုင်းနဲ့ ကမ္ဘောဒီးယားအာဏာပိုင်တွေကို ဖိအားတွေ ဆက်တိုက် ပေးနေတဲ့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာမှု အဖွဲ့၊ iLawအဖွဲ့၊ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့စတာတွေနဲ့ သူ လက်တွဲ လှုပ်ရှားရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ကမ္ဘောဒီးယားရှေ့နေ တစ်ဦးကို ငှားနိုင်ဖို့ ပြီးခဲ့တဲ့ နှစ်လလုံးလုံး စီတာနန် ကြိုးစားခဲ့ရပါတယ်။
ဝန်ချလမ်ကို ပြန်ပေးဆွဲခဲ့တဲ့ လက်နက်ကိုင်တွေကို ဖမ်းဆီး အရေးယူပေးဖို့နဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အသနားခံစာတစောင်ကို အခုအခါ အဲဒီ့ရှေ့နေက တင်ထားပါတယ်။
"ကျွန်မ ဘယ်သူနဲ့ ရင်ဆိုင်ရမလဲဆိုတာ မသိသေးတော့ ဒါကို တိုက်ပွဲတစ်ပွဲလို့ မဆိုနိုင်သေးပါဘူး။ ကျွန်မ မောင်ကို ပြန်ရှာတွေ့ဖို့ အကောင်းဆုံး ကြိုးစားလိုက်တာပါ" လို့ စီတာနန်က ပြောပါတယ်။
ဒါပေမဲ့လည်း ဝန်ချလမ်ကို အသက်ရှင်လျက် ပြန်တွေ့ဖို့ သိပ်မဖြစ်နိုင်ဘူးဆိုတာကိုတော့ စီတာနန် နားလည်ထားပါတယ်။
ဝန်ချလမ် ပျောက်သွားတာ ဇွန်လ အစောပိုင်းကတည်းက ဖြစ်ပြီး သူ သေသွားလောက်ပြီလို့တော့ စီတာနန် တွက်ထားပါတယ်။ ဒါပေမဲ့ သူ့မောင်ရဲ့ ရုပ်အလောင်း ပြန်တွေ့ရရင် ကောင်းကောင်းမွန်မွန် အသုဘချပေးနိုင်ဖို့ကို စီတာနန် မျှော်လင့်နေတာပါ။
ကမ္ဘောဒီးယားမှာရှိတဲ့ ဒေသအာဏာပိုင်တွေကလည်း ဒီကိစ္စကို ဆက်လက် စုံစမ်းထောက်လှမ်းနေပါတယ်။








