ထိုင်း အတိုက်အခံ ခေါင်းဆောင် အမတ်မဖြစ်ထိုက်ဘူးလို့ တရားရုံးဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, EPA
ထိုင်းလူငယ် သန်းပေါင်းများစွာရဲ့ ထောက်ခံမှုကို ရထားတဲ့ ထိုင်းဘီလျံနာ သူဌေးကြီး မစ္စတာ တာနာထုံ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တဲ့အတွက် အမတ်နေရာကနေ ဖယ်ရှားပေးရမယ်လို့ တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
အနာဂတ်ရေး ရှေ့သို့ချီပါတီ ခေါင်းဆောင် တာနာထုံ ဂျွန်ရွန်ရန်ကစ်ဟာ မတ်လ ရွေးကောက်ပွဲအတွက် စာရင်းသွင်းချိန်မှာ မီဒီယာတစ်ခုမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့ အတွက် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တယ်လို့ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
တရားရုံးက အခုလို ဆုံးဖြတ်လိုက်တဲ့အတွက် အမတ်နေရာကနေ ဖယ်ပေးရတော့မှာ ဖြစ်ပါတယ်။
အသက် ၄၀ အရွယ် မစ္စတာ တာနာထုံကတော့ တရားရုံးက အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာလို့ ပြောပါတယ်။
V-Luck Media က သူပိုင်တဲ့ ရှယ်ယာတွေကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းသွင်းချိန် မတိုင်ခင်ကတည်းက သူ့အမေကို ပြန်ရောင်းလိုက်ပြီး ဖြစ်တယ်လို့ သူက အခိုင်အမာ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒါကို သက်သေမပြနိုင်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
အမတ်နေရာက ဖယ်ပေးရမှာ ဖြစ်ပေမဲ့ သူ့ကို ထောက်ခံသူတွေ စိတ်ပူနေကြတဲ့ ထောင်ဒဏ်ပြစ်ဒဏ်တို့ နိုင်ငံရေး မလုပ်ရဘူးတို့ တားမြစ်တာမျိုးကိုတော့ တရားရုံးက မဆုံးဖြတ်ခဲ့ပါဘူး။
သူ့ပါတီဟာ မတ်လ ရွေးကောက်ပွဲမှာ မဲပေးသူ ၆ ဒဿမ ၂ သန်းရဲ့မဲတွေ ရခဲ့ပြီး ထောက်ခံမှု တတိယ အများဆုံး ရထားတဲ့ ပါတီ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက မစ္စတာ တာနာထုံဟာ ထိုင်းစစ်တပ်လွှမ်းမိုးတဲ့ အစိုးရရဲ့ အဓိက အတိုက်အခံ အဖြစ် ပေါ်ထွက်လာသူ ဖြစ်ပါတယ်။
သူဟာ ထိုင်းစစ်တပ် နိုင်ငံရေးမှာ စွက်ဖက်တာကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူပါ။ အခု ရွေးကောက်ပွဲကျင်းပ နိုင်ခဲ့လို့ ထိုင်းနိုင်ငံကို ငါးနှစ်ကြာ စစ်တပ်က အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ကပဲ ဝန်ကြီးချုပ် ပြန်ဖြစ်လာပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ၂၀၁၄ ထိုင်းအာဏာသိမ်း ခေါင်းဆောင်ပါ။
ဒီလို အခြေအနေတွေကြောင့် ထိုင်းစစ်တပ်ဟာ နိုင်ငံရေးမှာ အဓိက အခန်းမှာ ဆက်ရှိဖို့ လုပ်နေတယ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပြီး အခြေခံ ဥပဒေကိုလည်း ၂၀၁၇ မှာ ထိုင်းစစ်တပ်က ပြင်ဆင်ခဲ့ပါတယ်။
ထိုင်းစစ်တပ်ကို ဝေဖန်တာ အပြင် မစ္စတာ တာနာထုံရဲ့ အနာဂတ်ရေး ရှေ့သို့ချီ ပါတီဟာ တင်းကြပ်တဲ့ ဥပဒေတွေနဲ့ အကာအကွယ် ပေးခံထားရတဲ့ ထိုင်း ဘုရင် စနစ်ကိုလည်း ဝေဖန်ရဲတဲ့ ပါတီ ဖြစ်ပါတယ်။
အောက်တိုဘာလတုန်းကလည်း စစ်တပ် တပ်ဖွဲ့နှစ်ခုကို ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်းရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ကို ပြောင်းမယ်ဆိုတဲ့ တော်ဝင် အမိန့်ဒီကရီတစ်ရပ်ကို သူ့ပါတီက အမတ် ၇၀ က ဆန့်ကျင်မဲ ပေးခဲ့ကြပါတယ်။








