အစ္စလာမ်ဘာသာဝင်တချို့ NLD အမတ်လောင်းဖြစ်လာ၊ ရခိုင်နဲ့ရှမ်းက NLD အောင်နိုင်ရေးအလားအလာအပါအဝင် တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်

ဒီတစ်ပတ်အရေးကြီးသတင်းတစ်ရပ်အဖြစ် အာရုံစိုက်ခံရတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှု စာရင်းပဲဖြစ်ပါတယ်။

NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်ပေါင်း ၁၁၃၂ ဦး ဝင်ပြိုင်ပါမယ်။

ဒီထဲမှာ လက်ရှိ လွှတ်တော်တက်နေဆဲ အမတ် ၈၀ ရာခိုင်နှုန်းကို ပြန်ရွေးချယ်ထားပြီး ကိုယ်စား လှယ်လောင်း အသစ်က ၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။

လူဟောင်းတွေအများစုပြန်ရွေးခဲ့တဲ့အတွက် လက်ရှိလွှတ်တော်အမတ်တချို့ရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေကြတဲ့ဒေသတွေမှာ NLD ဟာရွေးကောက်ပွဲအောင်နိုင်ရေး ရုန်းကန်ရတော့မယ်လို့ သုံးသပ်ချက်တွေရှိနေပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူဝါဒ

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ သစ္စာရှိတယ် ဆိုတာကို အလုပ်နဲ့ သက်သေပြခဲ့သူများကို ရွေးချယ်ခဲ့တာဖြစ်ပြီး အရည်အချင်း ပြတ်ပြတ်သားသား သာနေရင်တော့ အဲဒီသာနေတဲ့သူကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ကျွန်မတို့အနေနဲ့အခုရွေး ချယ်လိုက်တဲ့အခါမှာ လူသစ်တွေက အနည်းစုပါပဲ။ ဒါတချို့က လည်း ကျေနပ်ချင်မှကျေနပ်မှာ ပါ။ ဒါပေမဲ့ကျွန်မတို့ကနေပြီး သွေးသစ်တွေကို ဖိတ်ခေါ်တယ် ဆိုတာဟာ ချင့်ချင့်ချိန်ချိန်နဲ့ ဖိတ် ခေါ်ရပါတယ်။ ကိုယ်မသိတဲ့လူတွေ၊ လူသစ်တွေဝင်လာတဲ့အခါ ကြရင်ဘယ်လောက်ထိ ကျွန်မတို့ နဲ့အတူတူ ပူးပေါင်းဆောင်ရွက် နိုင်မလဲဆိုတာလည်း ဆင်ခြင်ရပါတယ်" လို့ ဆိုပါတယ်။

လူမပြောင်းပေမဲ့ နေရာပြောင်း ယှဉ်ပြိုင်စေတာ ဘာကြောင့်လဲ

ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်၊ မန်းလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ဟာ မူလမဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလွဲလို့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အားလုံးဟာလည်း အရင် ရွေးကောက်ပွဲတွေတုန်းက အနိုင်ရခဲ့တဲ့မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်ကြမှာပါ။

ပြည်ထောင်စု ဝန်ကြီးတွေထဲကဆို လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်နဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းတို့လည်း ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပြန်အရွေးခံရတဲ့ အမတ်အများစုဟာလည်း သူတို့ မူလယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်ဖို့ရှိပြီး ကိုယ်စားလှယ်လောင်း အနည်းငယ်လောက်သာ မဲဆန္ဒနယ်အပြောင်းအလဲရှိခဲ့ပါတယ်။

အဲဒီထဲမှာ ရန်ကုန်တိုင်းကပြည်သူ့လွှတ်တော်အမတ် ဦးဘိုဘိုဦးနဲ့ ဦးပြုံးချိုတို့က တိုင်းဒေသကြီး မဲဆန္ဒနယ် တွေကို ပြောင်းလဲယှဉ်ပြိုင်ဖို့ရှိပါတယ်။ ဒီလိုလူမပြောင်းပေမဲ့ မဲဆန္ဒနယ်ပြောင်းပြီးယှဉ်ပြိုင်စေတာဟာ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်က မဲဆန္ဒနယ်တချို့မှာလည်း ရှိထားပါတယ်။

ဒီအခင်းအကျင်းဟာ ရွေးကောက်ပွဲအပြီးမှာ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ လွှတ်တော်တို့မှာ ဒီပုဂ္ဂိုလ်တွေကို အရေးကြီးတာဝန်တွေ ပေးအပ်ဖို့ရှိနိုင်မလားဆိုတဲ့ စဉ်းစားချက်တွေရှိလာစေပါတယ်၊

တချို့မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲမရှိတဲ့အတွက် ဝင်မပြိုင်တာဖြစ်သလို ပြည်နယ်တွေဖြစ်တဲ့အတွက် ပြိုင်ရုံတင်မက နိုင်နိုင်တဲ့ ဒေသခံ ကိုယ်စားလှယ်လောင်းကိုပါရွေးချယ်ရတာ ဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

"အနိုင်ရရှိနိုင်တဲ့ဒေသခံ ကျေနပ်မယ့်ပုဂ္ဂိုလ်ကို ကျွန်တော်တို့ ရှာလို့မတွေ့ရင်လည်း ဝင်မပြိုင်ပါဘူး။ လုံခြုံရေးအကြောင်းကလည်းပါပါတယ်။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်ကို လုံခြုံရေးစိတ်မချရတဲ့နယ်ကို ကျွန်တော်တို့ တာဝန်ပေးလိုက်ရင် သူ့ရဲ့လုံခြုံရေးက ကျွန်တော်တို့အပေါ်မှာအားလုံးတာဝန်ရှိပါတယ်။ စိတ်မချရရင် ကျွန်တော်တို့က လောလောဆယ် မပြိုင်ဘဲ ရှောင်နေလိုက်တဲ့သဘောပဲဖြစ်ပါတယ်" လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

ကိုယ်စားလှယ်လောင်းတချို့ကို မဲဆန္ဒနယ်တွေပြောင်းပြီးယှဉ်ပြိုင်စေတာကလည်း ကာယကံရှင်တွေရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲအလွန် အခင်းအကျင်းသစ်မှာ ဒီပုဂ္ဂိုလ်တွေကို အရေးကြီးတာဝန်တွေပေးဖို့ရှိနေလားဆိုတာကတော့ အခုချိန်ပြောဖို့စောသေးတယ်လို့ သူက ဆိုပါတယ်။

အစ္စလာမ်ဘာသာဝင်နှစ်ဦး အမတ်လောင်းအဖြစ် ဘာကြောင့်ရွေး

ဒီတစ်ခေါက် NLD ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ထူးခြားတာက အစ္စလာမ်ဘာသာဝင် ကိုယ်စား လှယ်လောင်းနှစ်ဦး ပါဝင်လာတာပါ။

ဒီနှစ်ဦးဟာ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားမျိုးဆက်တစ်ဦးဖြစ်တဲ့ ကိုစည်သူမောင်နဲ့ မန္တလေးက NLD ပါတီအမာခံတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမြမြတို့ဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ပြီး ဒေါ်ဝင်းမြမြက မန္တလေးတိုင်းစဉ့်ကိုင်မြို့နယ်နဲ့ ကိုစည်သူမောင်က ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်က ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

NLD ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ် ခဲ့တဲ့အပေါ် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားရေးလှုပ်ရှား သူအင်အားစုတွေရဲ့ ဝေဖန်မှုတွေကို ရှောင်ချင်တာကြောင့် အစ္စလာမ်ဘာသာဝင်တွေကို မရွေးချယ်ခဲ့တာလို့ သုံးသပ်တာတွေလည်းရှိပေမဲ့ ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေကိုတော့ အဲဒီချိန်ကတည်းက ရွေးချယ်ခဲ့တာရှိပြီး ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ ခန့်အပ်ခဲ့တာရှိပါတယ်။

ဒီတစ်ခေါက် အစ္စလာမ်ဘာသာဝင်နှစ်ဦးကိုရွေးချယ်တာဟာ နိုင်ငံတကာဖိအားတွေကို လျှော့ချတာထက် ဒီနှစ်ဦးဟာ ပါတီကိုအစဉ်အဆက် သစ္စာရှိခဲ့တဲ့အမာခံတွေဖြစ်တာကြောင့်လို့ သုံးသပ်တာလည်း ရှိပါတယ်။

ဒီကိုယ်စားလှယ်လောင်းနှစ်ဦးဟာ NLD ပါတီရဲ့နိုင်ငံရေးဖြတ်သန်းမှုသမိုင်းမှာ ထူးချွန်စွာဆောင်ရွက်ခဲ့သူတွေဖြစ်ပြီး အောင်နိုင်ခြေအခြေအနေကို သုံးသပ်ပြီးတော့ ခုလို နှစ်ဦးပါဝင်လာတာဖြစ်သလို ဘာသာရေးတရားအရ ခွဲခြားပြီး ချန်လှပ်ခဲ့တာမရှိဘူးလို့ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

ကိုစည်သူမောင်ကို ၂၀၀၇ ရွှေဝါရောင်အရေး၊ ကျောင်းသားအရေးလှုပ်ရှားမှုတွေနဲ့ တွဲပြီးလူသိများပေမဲ့ သူတို့တစ်မိသားစုလုံးဟာ ၁၉၈၈ NLD စတင်တည်ထောင်ကတည်းက ဝန်းရံခဲ့သူတွေဖြစ်ပြီး ကိုစည်သူမောင် ကိုယ်တိုင်ဟာ ၂၀၀၆ ခုနှစ်တည်းက လှိုင်မြို့နယ် ပါတီစည်းရုံးရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြဟာလည်း NLD ပါတီရဲ့ အမာခံပါတီဝင် တစ်ဦးဖြစ်ပြီး စစ်အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှု တွေကြောင့် ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပါတယ်။

အခုလို အစ္စလာမ်ဘာသာဝင်နှစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် NLDက ရွေးချယ်ခဲ့တဲ့အပေါ် ကာယကံ ရှင်တစ်ဦးဖြစ်တဲ့ ကိုစည်သူမောင်က "မွတ်စလင်ကိုယ်စားလှယ်လောင်းလို့ပြောတာထက် ကျွန်တော်တို့အားလုံးသည် မတူညီတဲ့ဘာသာဝင်တွေအားလုံး ကျွန်တော်တို့ မတူညီတဲ့လက်တွေတွဲပြီး တူညီတဲ့ပန်းတိုင်၊ တိုင်းပြည်အနာဂတ်ကိုတည်ဆောက်ကြမယ်ဆိုတဲ့စိတ်နဲ့ပဲ နိုင်ငံရေးကိုလုပ်ချင်ပါတယ်။ နိုင်ငံရေးပါတီတွေသည် ဒီမိုကရေစီစံနှုန်းအရ အရည်အချင်းရှိတဲ့သူ၊ ဖြတ်သန်းမှုရှိတဲ့သူ ဒါတွေကိုရွေးချယ်တာဝန်ပေးတာကလည်း ရွေးကောက်ပွဲ တစ်ဖြတ်တည်းကို အကဲမဖြတ်သင့်ဘူး။ နောင်လာမယ့် ရေရှည်နိုင်ငံရေးအခြေအနေကိုကြည့်ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဆုံးဖြတ်လေ့ရှိပါတယ်။ အဲဒီအပေါ်မှာပဲ အကဲဖြတ်ပေးစေချင်ပါတယ်" လို့ ပြောပါတယ်။။

သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုထဲကို ဘာသာရေးကို ဆွဲခေါ်လာတာမရှိဘဲ ဘာသာတရားဟာ လူတစ်ဦးချင်းရဲ့ တစ်သီးပုဂ္ဂလ ဘဝထဲက ရွေးချယ်မှုသာဖြစ်တယ်လို့ ကိုစည်သူမောင်ကပြောပါတယ်။

နိုင်ငံရေးကိုလုပ်ခဲ့ရာမှာ ဘာသာဝင်ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တာမဟုတ်ဘဲ တိုင်းပြည်အတွက်၊ လူမျိုးပေါင်းစုံအတွက် ကိုယ်စားပြုလုပ်ခဲ့တာဖြစ်တယ်လို့သူက ဆိုပါတယ်။

ရှမ်းနဲ့ရခိုင်ကနေရာတချို့မှာ NLD ဘာကြောင့်ဝင်မပြိုင်သလဲ

NLD ဟာ ပြည်သူ့လွှတ်တော်မှာ ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၆၂ နေရာနဲ့ တိုင်းနဲ့ပြည်နယ်လွှတ် တော်မှာ ၆၂၂ နေရာ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ၂၉ နေရာ စုစုပေါင်း အမတ်အရေအတွက် ၁၁၃၂ နေရာဝင်ပြိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲဆန္ဒနယ်က စုစုပေါင်း ၁၁၇၁ နေရာဖြစ်တဲ့အတွက် NLD ဟာ ၃၉ နေရာဝင်မပြိုင်တာကို တွေ့ရပါတယ်။

NLD ဝင်မပြိုင်တဲ့နေရာတွေဟာ ရှမ်းပြည်နယ်မှာ ၂၇ နေရာနဲ့ ၊ရခိုင်ပြည်နယ်မှာ ၁၂ နေရာဖြစ်ပါတယ်။

NLD အနေနဲ တခြားတိုင်းရင်းသားဒေသတွေနဲ့ယှဉ်ရင် ရှမ်းပြည်နယ်တွင်းမှာ နေရာအများဆုံး ဝင်မပြိုင်တာကို တွေ့ရပါတယ်။

ရှမ်းမှာဆိုရင် ဝနဲ့ မိုင်းလားတို့မှာ ၁၉၉၀ ပြည့်နှစ်တည်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တာဖြစ်ပြီး အခုလည်း ဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

လက်ရှိ အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုအပြောင်းအလဲသိပ်မရှိခဲ့တာကြောင့် ပြည်နယ် တွေ မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်လာနေပါတယ်။ ဒါဟာ ဒေသခံတိုင်းရင်းသားပါတီတွေအတွက် ရွေးကောက်ပွဲအနိုင်ရရေး အခွင့်အလမ်းကောင်း ရှိလာနိုင်မှာပါလား။

ရှမ်းပြည်နယ်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ SNLD ရဲ့ အမြင်ကတော့ တိုင်းရင်းသားဒေသတွေမှာပါတီတွေစုစည်းလာနိုင်တဲ့အပေါ်မှာ အကောင်းမြင်မှုတွေရှိပါတယ်။

အရင်က တိုင်းရင်းသားဒေသတွေမှာပါတီတွေကွဲနေတဲ့အတွက် မဲကွဲခဲ့ပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အခုတော့ ပါတီတွေက စုစည်းထားတဲ့အတွက် မဲသိပ်ကွဲတော့မှာမဟုတ်ဘဲ တိုင်းရင်းသားပါတီတွေဘက်က ပိုပြီးအားသာချက်ရှိလာမယ်လို့ ရှမ်းပြည်နယ်တွင်း သြဇာရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

ဒါ့အပြင် NLD ဟာ လူဟောင်းတော်တော်များများကို ကိုယ်စားလှယ်လောင်းပြန်ရွေးခဲ့တာကြောင့် အလုပ်လုပ်တဲ့သူတွေမှာ အများအားဖြင့် အပြစ်အနာဆာရှိတတ်တဲ့အတွက် ဒီလူဟောင်းတွေနဲ့ပြန်ပြိုင်တဲ့အခါ ပြိုင်ဘက်တိုင်းရင်းသားပါတီတွေအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့လည်း ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

"ဒီ ၂၀၂၀ မှာတော့ SNLD အတွက်ကတော့ ပုံမှန်ပဲ။ သို့သော် ပါတီကြီးတွေမှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်သဘောရှိပါတယ်။ ၂၀၂၁ မှာ အစိုးရဖွဲ့နိုင်ဖို့က NLD လည်းပဲ နိုင်မှဖြစ်မယ်။ ၂၀၁၅ ကနေ ၂၀၂၀ ထိ ခြေစွမ်းလက်စွမ်းသိပ်မှမပြနိုင်တာ။ ဒါကြောင့် ပြနိုင်အောင် သူတို့ ကြိုးစားချင်မယ်။ တစ်ခါ ၂၀၁၅ထိ အစိုးရလုပ်ခဲ့တဲ့သူတွေကလည်း သူတို့ရဲ့ အစွမ်းသတ္တိကိုပြချင်လို့ တစ်ခါပြန်ကြိုးစားကြရမယ်။ အသစ်ဖွဲ့တဲ့ပါတီတွေကလည်း နေရာရရေး ပြင်းပြင်းထန်ထန်ကြိုးစားကြမယ်" လို့ ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။

ရခိုင်မှာတော့ NLD ဝင်မပြိုင်တဲ့ ၁၂ နေရာဟာ ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ရှာမရလို့ ဖြစ်နိုင်သလို ဝင်ပြိုင်ရင်လည်း ရှုံးဖို့သေချာတဲ့နေရာဖြစ်နေတာကြောင့်လို့ ရခိုင်အမျိုးသားပါတီ ကမြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

ဒေသခံပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ဘယ်အချက်အလက်တွေပေါ် အခြေခံပြီးခုလိုပြောတာပါလဲ။ ခု အန်အယ်လ်ဒီဝင်မပြိုင်တဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေက ဘယ်လောက်ရှိပါမလဲ။

ဦးဦးလှစောက "NLD က မြောက်ဦး၊ မင်းပြားမှာ ဝင်ပြိုင်လည်း ရှုံးမှာပဲ။ မြောက်ဦးမင်းပြားထက် တိုက်ပွဲတွေပိုပြင်းထန်နေတဲ့ ရသေ့တောင်မှာကျတော့ သူတို့ဝင်ပြိုင် တာပဲ။ အဲဒီတော့ သူတို့ ဝင်ပြိုင်မပြိုင်ဆိုတာက ဒေသတည်ငြိမ်မှုရှိမရှိနဲ့ သိပ်မဆိုင်ဘူး။ ပြိုင်မယ့်သူရှာမတွေ့တာရယ် ပြိုင်လည်းသေချာပေါက် ရှုံးမယ်ဆိုတာကြောင့်မပြိုင်တာလို့နားလည်တယ်။ ရှုံးတာမှ နည်းနည်းလေးမဟုတ်ဘူး။ ရုပ်ပျက်ဆင်းပျက်ရှုံးမှာ။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေ မှာ NLD အပေါ် လူထုက ယုံကြည်ကိုးစားမှုလုံးဝမရှိတော့ဘူး။ NLD ရဲ့ နိုင်ငံရေးသိက္ခာဆိုတာလည်းမရှိတော့ဘူး"လို့ သူက ပြောပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်တွင်းဒေသတချို့မှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် နိုင်ငံရေးပါတီတွေရဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်သလို အစိုးရအတွက်လည်း တရားဥပဒေစိုးမိုးမှုကို မထိန်းသိမ်းနိုင်တဲ့အတွက် ဂုဏ်သိက္ခာထိခိုက်ကြောင်းနဲ့ ရွေးကောက်ပွဲတရားဝင်မှု လည်း အားနည်းသွားတယ်လို့ ဦးဦးလှစောကပြောကြားပါတယ်။