ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သွေးသစ်တွေကို ချင့်ချင့်ချိန်ချိန်နဲ့ဖိတ်ခေါ်ခဲ့ရကြောင်းဒေါ်အောင်ဆန်းစုကြည် ပြန်ရှင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ လူသစ်အနည်းစုပဲရွှေးချယ်ခဲ့တာ ပတ်သက်လို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်၂၃ ရက် ညနေပိုင်းကိုယ်စားလှယ်ရွေးချယ်မှု စာရင်းထွက်အပြီးမှာ ပါတီဝင်တွေကို အွန်လိုင်းကနေ ရှင်းပြခဲ့ပါတယ်။
"သွေးသစ်တွေကို ဖိတ်ခေါ်တယ်ဆိုတာဟာ ချင့်ချင့်ချိန်ချိန်နဲ့ ဖိတ်ခေါ်ရပါတယ် ၊ကိုယ်မသိတဲ့သူတွေ လူသစ်တွေ ဝင်လာလို့ရှိရင် ဘယ်လောက်အထိ ကျွန်မတို့နဲတူတူ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာကိုလည်း ဆင်ခြင်ရပါတယ် ၊ဒါ မဆင်ခြင်လို့မရပါဘူး"လို့လည်းသူကပြောခဲ့ပါတယ်။
ပါတီတစ်ခုဆိုတာ အလုပ်လုပ်တဲ့အခါမှာ ညီညီညွှတ်ညွှတ်လုပ်ဖို့ အရေးကြီးပါတယ် ၊ တစ်ယောက်တစ်ပေါက် လုပ်လို့မရပါဘူး၊ ကိုယ်လုပ်ချင်တာလုပ်လို့မရပါဘူး၊ အဖွဲ့ချုပ်ထဲဝင်လာပြီးကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့လူတွေလည်းတွေ့ခဲ့ရပါတယ်။ ကိုယ်လုပ်ချင်တာလုပ်ချင်ရင် ပါတီဝင်စရာမလိုပါဘူး၊ တစ်သီးပုဂ္ဂလက ဝင်ပြိုင်လို့ရပါတယ် လို့လည်း သူက ရှင်းပြခဲ့ပါတယ်။
အခုလာမယ့်ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ် အများစု ဝင်ပြိုင်ကြမှာ ဖြစ်သလို လက်ရှိ အမတ်တွေရဲ့ ၈၀% ကို ပြန်ရွေးချယ်ထားတယ်လို့ လည်းသိရပါတယ်။
လာမယ့်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီးပါဝင်မှုနှုန်း ၂၀ % ရှိ ပြီးတော့ ဆရာဝန် ရှေ့နေ စတဲ့ ဘွဲ့ရပညာတတ်တွေကိုလည်း ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးထားပြီး အခြေခံပညာနဲ့ ဘွဲ့ရတဲ့ တောင်သူလယ်သမား ကိုယ်စားလှယ်လောင်း ပါဝင်မှုနှုန်းက ၁၂ % ရှိတယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောခဲ့ပါတယ်။
ကိုယ်စားလှယ်လောင်းရွေးတဲ့ အခါ သစ္စာရှိမှုနဲ့ အတွေ့အကြုံရှိမှုကို ဦးစားပေး ရွေးချယ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။
ကျွန်မတို့ အဖွဲ့ချုပ် အတွေ့အကြုံအရ အဖွဲ့ချုပ်သမိုင်းအရ ဒါဟာ အရေးကြီးတယ်ဆိုတာကို သေသေချာချာသိရလို့ ဖြစ်တယ်ဆိုပြီး ဘာကြောင့် အခုလိုရွေးရသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်းဒေါ်အောင်ဆန်းစုကြည်က ရှင်းခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ခဲ့သူတွေဟာ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုကိုလိုက်နာဖို့ မူဝါဒသဘောတရားတွေဆောင်ရွက်ဖို့ ခံဝန်ချက်ထိုးခဲ့ရပြီး တချို့ဟာ ခံ၀န်ချက်အရ မလုပ်ဆောင်ခဲ့သူတွေ ရှိတယ်လို့လည်းသူကပြောပါတယ်။
ဒါကလည်း ထောင်နဲ့ချီတဲ့ကိုယ်စားလှယ်တွေထဲမှာ လက်တစ်ဆုပ်စာ အရေအတွက် သာလမ်းခွဲခဲ့တယ်လို့သူကပြောပါတယ်။
ဒါအပြင် ပြည်ထောင်စုလွှတ်တော်ဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ဥပေဒေတွေကို အကောင်ထည်ဖော်တဲ့နေရာဖြစ်တယ်လို့လည်းသူကပြောပါတယ်။
လွှတ်တော်ဟာ အတွေ့အကြုံလည်းလိုသလို ၊သစ္စာရှိမှု အရေးကြီးကြောင်း အဖွဲ့ချုပ်မူဝါဒတွေကို ထောက်ပံ့ပြီး လက်တွဲသွားမယ့်သူတွေကို အလေးပေးကြောင်းလည်း သူကပြောပါတယ်။
ကိုယ်စားလှယ်တွေအားလုံး အနိုင်ရရေးကိုတော့ အဖွဲ့ချုပ်က ပံ့ပိုးသွားမယ်လို့လည်း သူကပြောပါတယ်။
ကိုယ်စားလှယ်ဟောင်းတွေရော အသစ်လျှောက်ထားသူတွေကိုပါ ကျေးဇူးတင်ကြောင်းနဲ့ အဖွဲ့ချုပ်အပေါ်မှာ ယုံကြည်မှုရှိလို့ ခုလို ဝင်အရွေးခံကြတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းစာရင်းမှာ လူဟောင်းတွေ ၈၀ရာခိုင်နှုန်းလောက် ပြန်ပါလာတာနဲ့ ပတ်သက်လို့ လာမယ့်ရွေးကောက်ပွဲဟာ ၂၀၁၅ထက် စိန်ခေါ်မှုတွေ ပိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
အထူးသဖြင့် ဧရာဝတီတိုင်းနဲတနင်္သာရီတိုင်းတို့မှာ အကြိတ်အနယ် ပြိုင်ရဖို့ရှိလာသလို ပြည်နယ်တွေမှာလည်း အရင်အနိုင်ရခဲ့တဲ့နေရာတွေမှာ လတ်လွှတ် ဆုံးရှုံးရတာတွေ ရှိလာနိုင်တယ်လို့လည်း သူကပြောပါတယ်။
"အဓိကတော့ အဲဒီဒေသတွေက တချို့နေရာတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အောက်ခြေလူထုက သိပ်မကြိုက်ကြဘူး၊ အစားထိုးသင့်တာကို အစားမထိုးတာလည်း အကြောင်းအချက်တစ်ခုပဲ၊ ဒီလူတွေကိုပဲပြန်ရွေးရင် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းလာမယ်၊ မဲပေးတဲ့သူနည်းလာမယ်၊ ဒီတော့ အနိုင်ရဖို့က အကြိတ်အနယ်ဖြစ်လာဖို့ရှိတယ်"လို့ သူကရှင်းပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်စာရင်းမှာ မပါဘဲကျန်ခဲ့တဲ့သူတွေ ထဲမှာ ရန်ကုန်တိုင်းက ဦးနေဘုန်းလတ် ၊ဒေါ်စန္ဒာမင်း စတဲ့လူသိများတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ပါသလို လက်ရှိ ကိုဗစ်-၁၉ ကာလ ထိုင်းမြန်မာနယ်စပ်က ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို နေရာချထားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသွားအလာ ကန့်သတ်မှုလုပ်ငန်းတွေမှာ ဆောင်ရွက်နေသူ ကရင်ပြည်နယ်၊မြဝတီမြို့၊ ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်ကတော့ ပြန်လည်ရွေးချယ်မခံရတာကိုတွေ့ရပါတယ်။
အဖွဲ့ချုပ် ဖြတ်သန်းခဲ့တဲ့လမ်းဟာ ကြမ်းတမ်းရှည်လျားပြီး အခုထိ လမ်းဆုံးကို မရောက်သေးဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ အနေနဲ့ အဖွဲ့ချုပ်ဝင်တွေကို စကားပြောခွင့်ရတာ လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်အဆင့်တွေ လည်းပါဝင်ခဲ့ပြီး ဒါတွေကို ဝေဖန်တာတွေရှိပေမဲ့ တစ်ဦးနဲ့တစ်ဦး အမြင်မတူတဲ့အတွက် ဗဟိုကနေ ညှိပေးရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။