ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အန်အယ်လ်ဒီ တိုင်းရင်းသားကော်မတီ၊ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ ညွန့်ပေါင်းအလားအလာ
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက စုပေါင်းပြိုင်ကြမှာဖြစ်ပြီး ဒါကိုကျော်လွှားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ပါတီတွင်း တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
ရွေးကောက်ပွဲကနေ အားကောင်းတဲ့ အစိုးရဖွဲ့စည်းနိုင်တဲ့ အနိုင်ရမှုသာလိုပြီး ညွန့်ပေါင်း ပုံစံမလိုလားဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပါတီဝင်တွေကို စက်တင်ဘာလ၂၁ ရက်က ပြောပါတယ်။
အန်အယ်လ်ဒီပါတီပြောခွင့်ရသူ မုံရွာအောင်ရှင်ကတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ တုန်းကလို အပြတ်အသတ် မနိုင်နိုင်ဘူး ညွန့်ပေါင်းအစိုးရ ဖွဲ့ချင်ဖွဲ့ရလိမ့်မယ် ဆိုပြီးပြောဆိုတာကို သဘာပတိက တုန့်ပြန်တာမျိုး ဖြစ်တယ်လို့လည်း ပြောပါတယ်။
၂၀၂၀မှာ အပြတ်အသတ် နိုင်ဖို့အတွက်ကတော့ အားမရမှုတွေရှိပေမယ့် အနိုင်ရနိုင်တဲ့ နယ်မြေတွေမှာ ပိုပြီး အားကောင်း မောင်းသန် ဖြစ်ဖို့ လုပ်နိုင်တာရှိတော့ အပြတ်အသတ် အနိုင်ရဦးမယ်လို့ ယုံကြည်တယ်လို့လည်း မုံရွာအောင်ရှင်က ပြောပါတယ်။
တိုင်းရင်းသားရေးရာကော်မတီက ရွေးကောက်ပွဲအတွက်လား
အန်အယ်လ်ဒီပါတီက တိုင်းရင်းသားရေးရာကော်မတီတွေကနေတစ်ဆင့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားဒေသတွေမှာ ပိုပြီးထိတွေ့ဖို့ ကြိုးစားလာတာလည်း ဖြစ်ပါတယ်။
ဒါဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ စည်းရုံးတာဖြစ်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အနိုင်ရအောင် လုပ်မယ်ဆိုတာမျိုး ဖြစ်တယ်လို့ တိုင်းရင်းသားပါတီတချို့နဲ့ အရပ်ဘက် အဖွဲ့စည်းတွေက သုံးသပ်ကြပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တိုင်းရင်းသားနယ်တွေမှာ မဟာမိတ်ဖွဲ့တာတို့ နယ်မြေခွဲပြီးပြိုင်တာတို့ လုပ်မှာမဟုတ်ဘူးလို့လည်း အန်အယ်လ်ဒီပါတီကပြောခွင့်ရသူ မုံရွာအောင်ရှင်က ပြောပါတယ် ။
လွှတ်တော်ထဲမှာ အစိုးရဖွဲ့ရင်တော့ပူးပေါင်းပြီး မဟာမိတ်ဖွဲ့တာတွေ ရှိနိုင်တယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
ဒီမိုကရေစီအစိုးရနဲ့ ဖက်ဒရယ်အသီးအပွင့်
တိုင်းရင်းသားအရေး လုပ်ချင်တဲ့သူတွေ ပါတီထဲဝင်ပြီး ဒီကော်မတီကနေ ဆောင်ရွက်ဖို့ အန်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးကတည်းက ၉၀ ရွေးကောက်ပွဲနိုင် တိုင်းရင်းသားအမတ်တွေနဲ့ အန်အယ်လ်ဒီတို့ ပူးပေါင်း ဆောင်ရွက်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာတာတွေအပေါ်မှာ မေးခွန်းထုတ် စရာအများကြီးရှိခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေက ဘီဘီစီကို ပြောပါတယ်။
" လက်တွေ့ဖက်ဒရယ်ကို သွားချင်ရင်တော့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေအနိုင်ရမှပဲ ဖက်ဒရယ် အစစ်ကို သွားနိုင်မယ် ဒီလောက် အပြတ်အသတ် အနိုင်ရတဲ့ပါတီတောင်မှ အနိုင်ရတဲ့ ကာလအတွင်း ဖက်ဒရယ်နဲ့ ပတ်သက်လို့ ဆောင်ရွက်တာတွေ၊ ညှိနိုင်းတာတွေ မတွေ့ခဲ့ရဘူး"လို့လည်း ဒေါ်ထုမေက ပြောပါတယ်။
ဒေသတွင်းအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေကို ဗဟိုအစိုးရက ငဲ့ညှာစဉ်းစားတာ သိပ်မတွေ့ရဘူးလို့ ဒေါ်ထုမေက ပြောပါတယ်။
ယေဘုယျအားဖြင့် တိုင်းရင်းသားတွေဟာ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဖက်ဒရယ် အသီးအပွင့်တွေကို ခံစားရမယ်လို့ ယူဆထားကြတာမို့ ဖက်ဒရယ် အသီးအပွင့်တွေ ချက်ချင်းမခံစားရတဲ့ အချိန်မှာ မကျေနပ်တာတွေ၊ အားမလို အားမရဖြစ်တာတွေ၊ တိုင်းရင်းသားတွေဘက်မှာ ရှိနေတယ်လို့လည်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
တိုက်ပွဲတွေရှိနေတဲ့ရခိုင်နဲ့ ၂၀၂၀ အလားလာ
၂၀၁၅ တုန်းက ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ အန်အယ်လ်ဒီက ပြည့်သူလွှတ်တော်အတွက် ၁၇နေရာမှာ ၄ နေရာပဲ အနိုင်ရခဲ့ပါတယ်။
အဲဒီနေရာတွေကတော့ ၂၀၁၅ တုန်းက ဒေါ်အောင်ဆန်းစုကြည် လာရောက်မဲဆွယ်ခဲ့တဲ့ တောင်ကုတ်၊ သံတွဲ၊ ဂွ နဲ့ မာန်အောင်တို့ဖြစ်ပါတယ် ။
အမျိုးသားလွှတ်တော် ၁၂ နေရာအတွက်တော့ အန်အယ်လ်ဒီက တစ်နေရာပဲ နိုင်ခဲ့ပါတယ်။
ပြည်နယ်လွှတ်တော် ၃၄ နေရာမှာ ၁၀ နေရာပဲနိုင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ အေအန်ပီက အများစု အနိုင်ရခဲ့ပါတယ်။
ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီ အေအန်ပီက အများစု အနိုင်ရခဲ့ပေမယ့် ပြည်နယ်ဝန်ကြီးချုပ်နေရာကိုတော့ ဗဟိုအစိုးရက တိုက်ရိုက်ခန့်တဲ့ သံတွဲ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ က ဦးညီပုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခန့်လိုက်တာဟာ ရခိုင်တိုင်းရင်းသားတွေကြားမှာ ဒီမိုကရေစီအစိုးရနဲ့ ဖက်ဒရယ် ဆိုတဲ့ စကားကို ပို ပြီးတော့ ပြောစရာ ဖြစ်လာပါတယ်။
အခု ၂၀၁၉ခုနှစ်အတွင်း ရခိုင်မှာတိုက်ပွဲတွေရှိနေသလို အစိုးရနဲ့ ဒေသခံတိုင်းရင်းသားတွေ ကြားမှာ ယုံကြည်မှုတွေ နည်းနေပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်ခဲ့ရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၅ ကလောက် ကိုယ်စားလှယ် အရေအတွက် အနိုင်ရဖို့ အလားအလာ နည်းနေပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲ မလုပ်တဲ့ အခြေအနေလည်းရှိလာ နိုင်ပါတယ်။
ချောင်းဆုံတံတား နာမည်ပြဿနာဖြစ်ခဲ့တဲ့ မွန်ပြည်နယ်နဲ့ ရွေးကောက်ပွဲစိန်ခေါ်မှု
မွန်ပြည်နယ်မှာဆိုရင် အဓိက မွန်ပါတီကြီးနှစ်ခုကို ပေါင်းလိုက်ပြီဖြစ်လို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေလို စိန်ခေါ်မှုတွေရှိမှာ မဟုတ်ဘူးလို့ မွန်ညီညွတ်ရေးပါတီ ဗဟို အလုပ်အမှုဆောင် မိစန္ဒာနွန်က ဘီဘီစီ ကိုပြောပါတယ်။
"မွန်မှာ ၁၀ မြို့နယ်ရှိတယ်။ ၃ မြို့နယ်က မွန်တွေ သိပ်မနေတော့ သူတို့ကို ရှောင်ပေးလို့ရတယ်။ ညှိနိုင်းလို့ရတယ်။ သူတို့ အခုအတိုင်း လုပ်တာကြတော့ အကုန်ပြိုင်မယ့်သဘာပဲ၊ ကျွန်မတို့ စိတ်မကောင်းဘူး"လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ အန်အယ်လ်ဒီက မွန်မှာ ပြည်သူ့လွှတ်တော် ၁၀ နေရာနဲ့၊ အမျိုးသားလွှတ်တော် ၁၂ နေရာ မှာ ၁၁ နေရာထိအနိုင်ရခဲ့ပါတယ်။
ပြည်နယ်လွှတ်တော်နေရာ ၂၀ မှာ ၁၆ နေရာ အနိုင်ရခဲ့ပါတယ်။
မွန်ပြည်နယ်မှာ အန်အယ်လ်ဒီဟာ ကိုယ်စားလှယ်နေရာအများစု အနိုင်ရတဲ့ ပါတီလည်း ဖြစ်ပါတယ်။
မွန်တိုင်းရင်းသားပါတီက အမျိုးသားလွှတ်တော် တစ်နေရာနဲ့ ပြည်နယ်လွှတ်တော် ၃ နေရာ နိုင်ခဲ့ပါတယ်။
တံတားနာမည်ပေးရေး ပြဿနာဖြစ်တဲ့ ချောင်းဆုံမှာတော့ ကြံခိုင်ရေးပါတီက ပြည်နယ်လွှတ်တော်မှာ တစ်နေရာ အနိုင်ရထားပါတယ်။
၂၀၁၅ အလွန်မှာ မွန်တိုင်းရင်းသားပါတီတွေဟာ ပူးပေါင်းထားကြပြီးတော့ ၂၀၂၀ ကို ပြိုင်မယ့် အခြေအနေရှိတာကြောင့် အန်အယ်လ်ဒီ အားကောင်းလို့နိုင်ခဲ့ရင်တောင် ၂၀၁၅ လောက် အနိုင်မရဘူးလို့ တိုင်းရင်းသား ပါတီတွေက ခန့်မှန်းကြပါတယ်။
အခြေနေမှန်းရခက်တဲ့ ရှမ်းပြည်နယ်
ရှမ်းပြည်နယ်ဟာ မြို့နယ် ၄၅ မြို့နယ် ရှိပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် အများဆုံး ယှဉ်ပြိုင်ရတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မှာ အခြေအနေတွေ မှန်းရခက်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေ က ပြောပါတယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် နေရာ အများစုကို ရှမ်းတိုင်းရင်းသားဒီမိုရေစီအဖွဲ့ချုပ် နဲ့ ကြံ့ခိုင်ရေးပါတီက နိုင်ထားတာ တွေ့ရပါတယ်။
အန်အယ်လ်ဒီဟာ ပြည်သူ့လွှတ်တော် ၄၅ နေရာမှာ ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၂နေရာမှာ ၃ နေရာပဲ နိုင်ခဲ့ပါတယ်။ တိုင်းရင်းသားပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားဒီမိုရေစီအဖွဲ့ချုပ် လည်း အားကောင်းပါတယ် ။ပီအန်အို ပအိုဝ်းပါတီ နဲ့ တအာင်းပါတီ တွေကလည်း သူ့နယ်မြေမှာသူ နိုင်ထားပါတယ် ။
တိုင်းရင်းသားပါတီအသစ်တွေ လှုပ်ရှားတာ သိပ်မတွေ့ရဘူးလို့လည်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကပြောပါတယ်။
ထူးခြားတာက အရင်အားကောင်းခဲ့တဲ့ ရှမ်းပါတီကြီး၂ခုဖြစ်တဲ့ အက်စ်အန်အယ်လ်ဒီနဲ့ အက်စ်အန်ဒီပီ တို့ဟာ ကျန်တဲ့တိုင်းရင်းသားပါတီတွေလို မပူးပေါင်းနိုင်သေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ရှမ်းပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် တချို့ဒေသေတွမှာ ဒေသခံတွေ စစ်ဘေးရှောင်နေရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပါတီတွေနဲ့ အမာခံ မဲတွေရှိ တဲ့ ကြံ့ခိုင်ရေးပါတီတို့ ကပဲဆက်အားကောင်းနိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် ပြဿနာ ရှိခဲ့တဲ့ကယား
ဗိုလ်ချုပ်ကြေးရုပ် ပြဿနာ ရှိခဲ့တဲ့ ကယားပြည်နယ်ကတော့ မြို့နယ် ၇မြို့နယ်ပဲ ရှိပါတယ် ။ ကယန်းမျိုးဆက်သစ် လူငယ်များအစည်းရုံးဥက္ကဋ္ဌ ခွန်ဘားနက်ကတော့ ကယားပြည်နယ် မှာ ဗိုလ်ချုပ်ကြေးရုပ် ပြဿနာရှိခဲ့ပေမယ့် တိုင်းရင်းသားပါတီတွေ အားကောင်းတာမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။
စစ်တပ်နယ်မြေ က တပ်မဲတွေကလည်း တချို့မြိုနယ်တွေမှာ အားကောင်းလို့ ထူးခြားတဲ့ အခြေအနေရှိတဲ့ မဲဆန္ဒနယ်မြေတွေ ရှိတယ်လို့ သူက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော် ၇ နေရာမှာ ၆နေရာနိုင်ပြီးတော့ အမျိုးသားလွှတ်တော် ၁၂ နေရာ မှာ ၉နေရာ နိုင်ပါတယ်။
ဝန်ကြီးဟောင်း ဦးစိုးသိမ်း နဲ့ ကြံ့ခိုင်ရေးပါတီကတော့ ကျန်၃ နေရာ မှာနိုင်ပါတယ်။ ဘော်လခဲမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီ ထောက်ခံမှု အားကောင်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ပြည်နယ်လွှတ်တော်မှာလည်း အန်အယ်လ်ဒီကပဲ မဲအများစုနိုင်ထားပါတယ်။
အန်အယ်လ်ဒီက ဖွဲ့လိုက်တဲ့ တိုင်းရင်းသားကော်မတီတွေထက်စာရင်တော့ အန်အယ်လ်ဒီ ဟာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဘာရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ချပြနိုင်ဖို့တော့ လိုလိမ့်မယ်လို့လည်း ခွန်ဘားနက်ကပြောပါတယ်။
ကချင်
၂၀၁၅ တုန်းက တော့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မှာ ၁၂ နေရာမှာ တစည ပါတီ နဲ့ တစ်သီးပုဂ္ဂလ က နှစ်နေရာတို့ အနိုင်ရတာကလွဲလို့ အန်အယ်လ်ဒီနိုင်ပါတယ်။
ပြည်သူ့လွှတ်တော် ၁၈နေရာမှာ တော့ ၁၂ နေရာ အနိုင်ရထားပါတယ်။
ကချင်ပြည်သူ့ပါတီက ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ ပြည်နယ်အစိုးရ ကို ထိန်းကျောင်းဖို့ ပြည်နယ်လွှတ်တော်နေရာအများစုကို အဓိကပြိုင်ဖို့ ကြိုးစားမယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် အစိုးရဖွဲ့နိုင်ပါ့မလား
လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ က လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ မှာ ၃၃၃ နေရာ အနိုင်ရဖို့လိုပါတယ်။ ဒါမှ ကိုယ့်ပါတီက ထောက်ခံတဲ့ လူကို သမ္မတရွေးပြီး အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၂၅၅ နဲ့ အမျိုးသားလွှတ်တော်မှာ ၁၃၅ နေရာအနိုင်ရပြီး စုစုပေါင်း ၃၉၀ နေရာနဲ့ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ် ။
အန်အယ်ဒီဟာ ၂၀၁၅ လောက် အနိုင်မရနိုင်သလို အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ မဲ ၃၃၃ နေရာ ရပါ့မလားဆိုတာ ကလည်း စိတ်ဝင်စားစရာလို့လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကပြောပါတယ်။
တပ်က လွှတ်တော်ထဲမှာ အလိုလျောက်နေရာ ၂၅ ရာခိုင်နူန်းရှိတော့ ကြံ့ခိုင်ရေးပါတီနဲ့ တိုင်းရင်းသားတွေပေါင်းပြီး ၁၈၀ ကျော် လောက် နေရာ ရလိုက်ရင် တော့ ၂၀၂၀ မှာ သူတို့ တင်တဲ့သမ္မတကပဲ အစိုးရဖွဲ့သွားနိုင်တယ် လို့လည်း ဦးရဲထွန်းကထောက်ပြပါတယ်။
၂၀၁၅ တုန်းက လို ရာခိုင်နှုန်း ၈၀ နီးပါး လွတ်လွတ်ကျွတ်ကျွတ် နိုင်မှာ မဟုတ်တော့ပေမယ် တိုင်းရင်းသားတွေ နဲ့ အပေးအယူ မလုပ်ချင်တာဆိုရင်တော့ အနည်းဆုံး၃၃၃ နေရာနိုင်ဖို့ လိုပါတယ် ။
ဆိုလိုတာ ကတော့ ၂၀၂၀ မှာ လက်ရှိ နေရာထဲက ကိုယ်စားလှယ်နေရာ ၆၀ ကျော် သူများကို ခွဲပေးလိုက်ရရင် အန်အယ်ဒီဟာ အနိုင်ရပေမယ့် အစိုးရဖွဲ့နိုင်တော့မှာ မဟုတ်ဘူးလို့ လည်းသူကပြောပါတယ်။
ဒါ့အပြင် အရင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း တည်ထောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ဦးကိုကိုကြီးအပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စုစည်းတည်ထောင်ထားတဲ့ ပြည်သူ့ပါတီ၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီတွေလည်း ရှိလာနေပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် ပိုပြီး အကြိတ်အနယ်ရှိလာမယ်လို့ သုံးသပ်မှုတွေရှိပေမယ့် အန်အယ်လ်ဒီကတော့ ညွန့်ပေါင်းအစိုးရအဖွဲ့ ပုံစံမလိုလားဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။