တပ်နဲ့ ကြံ့ခိုင်ရေး အခြေခံဥပဒေ ပြင်မယ့် မူကြမ်းနှစ်ခု ထပ်တင်မယ်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တဲ့ ဥပဒေမူကြမ်းတစ်ခုနဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တဲ့ ဥပဒေမူကြမ်း တစ်ခု စုစုပေါင်းနှစ်ခုကို ထပ်တင်ဖို့ ရှိပါတယ်။

ဒီလိုတင်ဖို့ရှိတယ်ဆိုတာကို စက်တင်ဘာလ ၂၀ ရက် နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်က အသိပေးဖို့ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းတင်မှာကို ကိုယ်စားလှယ်တွေကို ဖြန့်ထားတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး လျာထားချက်မှာ တွေ့ရတာ ဖြစ်ပြီးတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို တင်လာတာဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားအစုအဖွဲ့က တင်သွင်းခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းမှာ ပုဒ်မ ၂၃၂ က ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်း သတ်မှတ်ချက်နဲ့ ပုဒ်မ ၂၆၁ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေ ပြင်ဖို့တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်နဲ့ ကြံ့ခိုင်ရေး ထပ်တင်မယ့် ဥပဒေမူကြမ်းတွေကို စက်တင်ဘာလ ၂၀ရက် ပြည်ထောင်စုလွှတ်တော်မှာ အသိပေးမှာဖြစ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင်တဲ့ အခြေခံဥပဒေမူကြမ်းဟာ စုစုပေါင်း ၅ ခုထိ ဖြစ်လာဖို့ ရှိပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းတွေကို ကြံ့ခိုင်ရေးအမတ် ဒေါက်တာမောင်သင်း ဦးဆောင် ပြီး ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းတဲ့ ဥပဒေမူကြမ်းတစ်ခု၊ ကြံ့ခိုင်ရေးအမတ် ဦးသိန်းထွန်းက ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၄၃ ဦးတင်သွင်းတဲ့ ဥပဒေမူကြမ်းတခု စုစုပေါင်း၂ ခုတင်ခဲ့ပြီး ဖြစ်ပြီးတော့ ပြည်ထောင်စု လွှတ်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ၄၅ ဦး ကော်မတီထဲမှာ ပူးပေါင်းဖို့ ပြောပြီး အဆိုဟာ အတည်မဖြစ်ခဲ့ပါဘူး။

"အခုထပ်တင်မှာက ဘာကို ပြင်မှာလည်းတော့ သေချာမသိရသေးဘူး။ ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းဟာ ပိုပြီး ရှုပ်ထွေးလာဖို့ ရှိတယ် "လို့လည်း မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောပါတယ်။

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုယ်စားလှယ် ၃ ဦး နုတ်ထွက် သွားခဲ့ပါတယ်။

အာဏာရပါတီက မဲအများစုဖြစ်နေတော့ ၄၅ ဦး ကော်မတီ သွားတဲ့လမ်းကြောင်းကလည်း အာဏာရပါတီ သဘောအတိုင်း ဖြစ်နေတယ်၊ တိုင်းရင်းသားတွေ အတွက်လည်းအခွင့်ရေးနည်းတယ်လို့လည်း ဦးစိန်ဝင်းကပြောပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၄၅ ဦးပူးပေါင်းကော်မတီကို လွှတ်တော် အစည်းဝေးတွေမှာ အပြင်းအထန် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

အခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၅ အရ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းနဲ့ အထက်က လက်မှတ် ရေးထိုးပြီး တင်ပြလာရင် အဲဒီပြင်ဆင်ချက်ကို ဥပဒေမူကြမ်းအဖြစ် လက်ခံ ဆွေးနွေးရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒါပြီးရင်တော့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချတ်ပေးပြီး လွှတ်တော်မှာ မဲခွဲကြပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာတော့ တပ်မတော်က တိုက်ရိုက်ခန့် ကိုယ်စားလှယ်က ၂၂၄ ယောက်ရှိပါတယ်။

ကြံ့ခိုင်ရေးပါတီကတော့ ကိုယ်စားလှယ် အရေအတွက် ၆၀လောက် ရှိပြီးတော့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းနဲ့ ၁၄၄ ဦး လက်မှတ် ရဖို့ကတော့ တပ်ကိုယ်စားလှယ်တွေ ထောက်ခံမှပဲ ရမယ်လို့လည်း ဦးစိန်ဝင်းကပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ အရင် ဥပဒေကြမ်းတွေတင်သွင်းတုန်းကတော့ အဆိုကို ကန့်ကွက်ခံရပြီး ၄၅ ဦးပူးပေါင်းကော်မတီမှာပဲ ထည့်ဖို့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

အခု တပ်မတော်သားကိုယ်စားလှယ်တွေ အများစုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ ဥပဒေနဲ့မညီ ဘူးလို့ ပြောထားတာရှိပါတယ်။

အခုလို လွှတ်တော်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပါတီတို့ ဦးဆောင်ပြီး တင်သွင်းမယ့် ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ စိစစ်ရေးက အစီရင်ခံစာတက်လာမှပဲ သဘောထားသိရမှာ ဖြစ်ပြီးတော့ အရင် အနေအထားကတော့ ၄၅ ဦးပူးပေါင်းကော်မတီမှာပဲ ထည့်ဖို့ရှိနိုင်တယ်လို့လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်ကပြောပါတယ်။