ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာလား၊ ကြံ့ခိုင်ရေးအတွက် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဘယ်လိုမဲဆွယ်မလဲ အပါအဝင် တစ်ပတ်အတွင်း ပြည်တွင်းသတင်းကောက်နုတ်ချက်
ဒီတစ်ပတ်ထိပ်တန်းသတင်းတွေကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရှိသလား။ တစ်ခါ အငြိမ်းစားသမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲမှာ ဘာထူးခြားမှုရှိနိုင်မလဲဆိုတာနဲ့ ကိုဗစ်ကပ်ရောဂါကြား အထက်တန်းအဆင့်ကျောင်းတွေ ပြန်ဖွင့်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ စတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကနေ ရွေးကောက်ပွဲဝင်ပြိုင်တော့မှာလား
NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်ဖို့ တိုင်းနဲ့ပြည်နယ်အနှံ့က ရွေးချယ်ပေးပို့လာတဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို NLD ပါတီ ဗဟိုကော်မတီဝင် ၆ ဦးက စိစစ်နေချိန်မှာ ဒီသတင်း ထွက်ပေါ်လာတာပါ။
ပါတီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပြိုင်မပြိုင်ဆိုတာကို ဒီသတင်းပတ်ကုန်မှာ သိရမယ်လို့ ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ဒီသတင်းပတ်ကုန် ဇူလိုင် ၂၀ ရက်ဟာ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စတင်တင်သွင်းရမယ့်ရက် ဖြစ်ပါတယ်။
ဒါကြောင့် ပါတီဘက်က ဒီရက်နဲ့ချိတ်ဆက်ပြီး ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ပြီး နှစ်ကြိမ်လုံးအနိုင်ရထားသူပါ။
အခု ၂၀၂၀ ရွေးကောက်ပွဲကတော့ ကိုဗစ်ကပ်ရောဂါကာလမှာ ကျင်းပရမယ့်ရွေးကောက်ပွဲဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် ကဏ္ဍမျိုးစုံမှာ ထိခိုက်မှုတွေရှိနေလို့ ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု သိပ်မရှိသလို မဲထွက်ပေးမယ့်သူ လျော့နည်းနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆချက်တွေ ရှိနေပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိုင်ဖို့များတယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။
အဲဒီလိုရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင် အတိုင်ပင်ခံဟာ နေပြည်တော်ကနေ ဝင်ပြိုင်မယ်ဆိုတာဟာလည်း ဖြစ်နိုင်ခြေရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
နေပြည်တော်မှာ ဒီလဆန်းပိုင်းက NLD ပါတီ ယာယီဌာနချုပ်ကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီဒုဥက္ကဋ္ဌ သမ္မတ ဦးဝင်းမြင့်တို့ တက်ရောက်ဖွင့်လှစ်ခဲ့ပါသေးတယ်။
နေပြည်တော်ဟာ ဝန်ထမ်းအများစုနေထိုင်တဲ့ နေရာဖြစ်ပြီး အုပ်ချုပ်ရေးမြို့တော်ဖြစ်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာကတည်းက နေရာအများစုကို အတိုက်အခံပါတီအဖြစ်နဲ့ NLD က နိုင်ခဲ့တာပါ။
ဒါပေမဲ့ အရင်အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူတွေ နေထိုင်ဆဲဖြစ်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ NLD အစိုးရရဲ့ အားနည်းချက်တချို့ကြောင့် ဒီဒေသမှာ ထောက်ခံမှုက အရင်အတိုင်း ဆက်ရှိနိုင်မလားဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့်အခြေအနေလို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မဝင်နဲ့ နေပြည်တော်ကနေ ဝင်အရွေးခံမယ်ဆိုရင် ဘာကြောင့် နေပြည်တော်ကို ရွေးတာဖြစ်နိုင်မလဲ။
လက်ရှိထမ်းဆောင်ဆဲရာထူးတွေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဗျူဟာနဲ့ စဉ်းစားလုပ်ကိုင်သွားဖို့ရှိနိုင်မလဲ။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက အခုလိုပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၁ နောက်ပိုင်း ပြန်လည်ရယူဖို့ဆိုရင် ရွေးကောက်ခံမဟုတ်လည်း ရယူနိုင်တဲ့အခြေအနေရှိတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် ရွေးချယ်ခံရသူဟာ ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်လျှင်တောင် ရွေးကောက်တင်မြှောက်ခံနိုင်တဲ့အခြေအနေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တစ်ယောက်အဖြစ်နဲ့သာ အစိုးရတာဝန်ကိုဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်ဖြစ်စေ ယူချင်တဲ့သဘောရှိမယ်လို့ သူက ဆက်ပြောပါတယ်။
"လွန်ခဲ့တဲ့ငါးနှစ်မှာ အစိုးရနဲ့ လွှတ်တော်ပိုင်းဆောင်ရွက်ချက်တွေကို စိတ်တိုင်းမကျတာ၊ အားမလိုအားမရ ဖြစ်တာတွေလည်းရှိတော့ ရွေးကောက်ပွဲမှာ မဲလာပေးဖို့ စိတ်ဝင်စားမှုက တော်တော်လေးကျနေတယ်။
အဲဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သာရွေးကောက်ပွဲမဝင်ဘူးဆိုရင် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုက ပိုကျဆင်းသွားမယ်လို့ မြင်တယ်။ အဲဒီအတွက်ကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ အလားအလာများတယ်လို့ သုံးသပ်ကြတာ ဖြစ်နိုင်တယ်" လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် စိန်ခေါ်မှုတွေ ပိုများသလို အကြိတ်အနယ်လည်း ပိုရှိနိုင်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲကို အစိုးရဖွဲ့နိုင်တဲ့အထိ NLD ကသာ ထပ်နိုင်ဦးမယ်ဆိုရင် နောက်ထပ် အစိုးရသက်တမ်းငါးနှစ်ကို ဆက်ဦးဆောင်ဖွယ်ရှိပါတယ်။
အရင်ရွေးကောက်ပွဲတုန်းက မူဝါဒအမှားတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာတွေပြင်ဆင်လာတာမျိုး တွေ့ရပါသလဲ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ခုလိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လောက် သြဇာကြီးမားတဲ့ပုဂ္ဂိုလ်မရှိတဲ့အတွက် သူရွေးကောက်ပွဲဝင်ပြိုင်ခြင်းမပြိုင်ခြင်းက NLD ပါတီ ရွေးကောက်ပွဲရလဒ်နဲ့ သက်ဆိုင်မှုမရှိနိုင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးတွေမှာ ထိရောက်တဲ့အောင်မြင်မှု မရရှိခဲ့တာ အခြေအနေမှန်ဖြစ်တယ်လို့ ကိုမြအေးက ဆိုပါတယ်။
ဒါကြောင့် ဒီတစ်ခေါက်မှာ ဒီလိုအချက်တွေကို ထပ်ပြောမယ့်အစား ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်လာမယ့် နိုင်ငံ့စီးပွားရေးအကြပ်အတည်းကို ဘယ်လိုကျော်လွှားမလဲဆိုတာ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလအတွက် အလွန်ကြောက်စရာကောင်းတဲ့စိန်ခေါ်မှုဖြစ်လာတယ်လို့ သူကဆက်ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင်တဲ့အတွက် လက်ရှိမှာ ရွေးကောက်ပွဲက ပန်းတိုင်မဟုတ်ဘဲ နည်းလမ်းတစ်ခုသာဖြစ်ပြီး ဒီကြားကာလမှာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေကြား ပွတ်တိုက်မှုတွေကနေ ကြာရင် ရန်ဘက်ပုံစံဖြစ်မှာကို စိုးရိမ်တယ်လို့လည်း ကိုမြအေးက ပြောပါတယ်။
"အဓိကအကျဆုံးအချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဟာမိတ်ဆက်ဆံရေးပဲ။ တိုင်းရင်းသားတွေနဲ့ တစ်သက်လုံးလက်တွဲလာတဲ့ ဒီမိုကရက်တစ်အင်အားစုတွေအပေါ်မှာ မဟာမိတ်ဆက်ဆံရေး ဘယ်လိုသဘောထားမလဲ။ အဲဒီလိုမဟုတ်ရင်တော့ ၂၀၂၀ မှာ ဘယ်သူပဲနိုင်နိုင်၊ ညွန့်ပေါင်းအစိုးရပဲဖွဲ့ဖွဲ့၊ နိုင်ငံရေးမပြေလည်မှုက ပိုမီးတောက်လာမယ်။ စီးပွားရေးကလည်း ကြပ်တည်းလာမယ်ဆိုရင် အဲဒီအချိန်ကျမှ တကယ့် Failed state ဖြစ်သွားလိမ့်မယ်"လို့ ကိုမြအေးက ပြောပါတယ်။
ကြံ့ခိုင်ရေးအတွက် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဘယ်လိုမဲဆွယ်မလဲ
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး ကြံ့ခိုင်ရေးပါတီအတွက် သမ္မတဟောင်းဦးသိန်းစိန်က ပါတီစည်းရုံးရေးနဲ့ မဲဆွယ်စည်းရုံးရေးတွေ ကူညီပေးမယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အနေနဲ့ ဘယ်လိုပုံစံနဲ့ မဲဆွယ်ပေးဖို့ရှိတယ်ဆိုတာတော့ တရားဝင် ထုတ်ပြောလာတာမျိုးမရှိသေးပေမယ့် ပါတီကို အရင်က ဦးဆောင်သူတစ်ဦးအနေနဲ့ ကြံ့ခိုင်ရေးကို ကူညီပံ့ပိုးတာလည်း ဖြစ်နိုင်ပါတယ်။
ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲကြို ကာလတွေမှာ ဦးသိန်းစိန် သမ္မတအဖြစ်နဲ့ လူထုကြားကွင်းဆင်းတဲ့ခရီးတွေကို မဲဆွယ်စည်းရုံးရေးပုံစံ သွားရောက်ခဲ့ပေမယ့် သူ့အပေါ်ထောက်ခံမှုတွေကနေ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒါကြောင့် အခု ၂၀၂၀ အတွက် ဦးသိန်းစိန် မဲဆွယ်ပေးရင်လည်း ကြံ့ခိုင်ရေးပါတီအတွက် ထူးခြားမှုမရှိနိုင်ဘူးလို့ ယူဆမှုတွေရှိနေပါတယ်။
အထူးသဖြင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲကြိုကာလ အစိုးရခရီးစဉ်တွေမှာ သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ခရီးစဉ်တော်တော်များများသွားရောက်ခဲ့တာပါ။
ဒါ့အပြင် စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တည်းက အသင်းအဖြစ် ပေါ်ပေါက်လာတဲ့ ကြံ့ခိုင်ရေးဟာ၂၀၁၀ ရွေးကောက်ပွဲကျမှ ပါတီအသွင်ပြောင်းပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ တပ်မတော်ကနေအငြိမ်းစားယူ အရာရှိကြီးတွေအားလုံးဟာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်လို့ မျက်မှောက်နိုင်ငံရေးမှာ ဒီအင်အားစုနှစ်ခုကိုခွဲမြင်ဖို့ ခက်ခဲနေပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုတချို့ကြောင့် ပြည်တွင်းပြည်ပထောက်ခံမှုတစ်ချို့ရှိခဲ့ပေမယ့် ဒါတွေကို ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှုအဖြစ် ပြောင်းလဲနိုင်လောက်အောင် အင်အားမကြီးမားခဲ့ဘူးလို့ သုံးသပ်တာတွေလည်း ရှိထားပါတယ်။
၂၀၁၅ မှာဆို ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော်အသီးသီးမှာ ၄၁ နေရာပဲ အနိုင်ရခဲ့တာပါ။
ဒါကြောင့် ၂၀၂၀ အတွက် ဦးသိန်းစိန် မဲဆွယ်ပေးဖို့ ဘာကြောင့် စဉ်းစားတာပါလဲ။ သူမဲဆွယ်ပေးရင်ရော ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အလားအလာ ပိုကောင်းမယ် ထင်ပါသလား။ ဘယ်လိုပုံစံနဲ့ စည်းရုံးရေးတွေလုပ်ဖို့ရှိပါသလဲ။ အရင်အစိုးရလက်ထက် သမ္မတပြောရေးဆိုခွင့်ဦးရဲထွဋ်ကို မေးကြည့်ထားပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့တဲ့အပေါ် ဦးသိန်းစိန်က သူ့မှာတာဝန်ရှိတယ်လို့ ခံယူထားတဲ့အတွက် ရွေးကောက်ပွဲမဲဆွယ်ပေးဖို့ ဆုံးဖြတ်တာလို့ ဦးရဲထွဋ်က ပြောပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီအနေနဲ့ လွှတ်တော်ထဲမှာ အင်အားကောင်းကောင်းနဲ့ ရှိနေမယ်ဆိုရင် သူ့လက်ထက် မပြီးဆုံးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ချင်တဲ့ မျှော်လင့်ချက်နဲ့လုပ်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဦးသိန်းစိန်ဟာ နယ်လှည့်မဲဆွယ်တဲ့ပုံစံမျိုးထက် သူနဲ့ရင်းနှီးတဲ့ အသိုင်းအဝိုင်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ပြောဆိုတာမျိုး၊ သူ့ဇာတိ ဧရာဝတီတိုင်းဘက်ကို သွားလာတာမျိုး ပုံစံမျိုး ဖြစ်နိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ဦးသိန်းစိန်တစ်ယောက်တည်းကို အားကိုးလို့မရဘဲ ပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်နေတာဆိုတာ သက်သေပြဖို့လိုသလို ပါတီအားနည်းချက်တွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံပြုပြင်ပြောင်းလဲတာမျိုး မတွေ့ရဘူးလို့ ဦးရဲထွဋ်က ဆိုပါတယ်။
ဦးသိန်းစိန်မဲဆွယ်ပေမယ့်လည်း ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲမှာ ထူးထူးခြားခြားအောင်မြင်မှုရမယ်မထင်ဘူးလို့ မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာသုံးသပ်ရေးအင်စတီကျူ(မြန်မာ)ရဲ့ ပြင်ပဆက်ဆံရေးဒါရိုက်တာဦးအောင်သူငြိမ်းက ပြောပါတယ်။
ဦးသိန်းစိန်ကိုအလေးထားပြီး ထောက်ခံသူတချို့ရှိပေမယ့် ဦးသိန်းစိန်ပြန်လာတဲ့အတွက်ကြောင့် လူထုက စိတ်လှုပ်ရှားပြီး ကြံ့ခိုင်ရေးပါတီကို မဲထည့်မယ်ဆိုတဲ့အခြေအနေကတော့ မဖြစ်နိုင်ဘူးလို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြား အထက်တန်းအဆင့်ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လို စိန်ခေါ်မှုတွေရှိနေလဲ
ကိုဗစ်ကာလ ကန့်သတ်အမိန့်ညွှန်ကြားချက်တွေကိုလိုက်နာဖို့ ဇူလိုင် လကုန်အထိ သက်တမ်းတိုးထားပေမယ့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းတွေကို ဇူလိုင် ၂၁ မှာ ပြန်ဖွင့်ပါမယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီတဲ့ ကျောင်းတွေအားလုံး အဲဒီရက်မှာအပြောင်းအလဲမရှိပြန်ဖွင့်မှာဖြစ်ပြီး လိုအပ်ချက်ရှိတဲ့ ကျောင်းတချို့ကတော့ သတ်မှတ်ရက်ထက် နောက်ကျ ဖွင့်ဖို့ရှိနိုင်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
ကျောင်းအိပ်ကျောင်းစားထားတဲ့ဘော်ဒါဆောင်တွေနဲ့ ပုဂ္ဂိလက အထက်တန်းကျာင်းတွေကို ဇူလိုင်လကုန်ထိ ပိတ်ခိုင်းထားတဲ့အတွက် ဒီကျောင်းက ကျောင်းသားတွေ အစိုးရကျောင်းကို ပြောင်းအပ်တာမျိုးရှိလာရင် လက်ခံသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကျောင်းတစ်ကျောင်းမှာ ကိုဗစ်ကူးစက်မှုရှိလာရင် ချက်ချင်းကျောင်းပိတ်ပြီး ကွာရန်တင်းထားရှိတာအပါအဝင် စီစဉ်စရာအားလုံးကိုအသင့်ပြင်ထားပြီး ကျောင်းသားတွေရဲ့ ပညာသင်ကြားမှုအခွင့်အလမ်းမဆုံးရှုံးအောင်ဆောင်ရွက်တာလို့ ဦးကိုလေးဝင်းကပြောပါတယ်။
တစ်ပြည်လုံးက ဆရာဆရာမအင်အားလေးသိန်းကျော်ကိုတော့ ကိုဗစ်ရောဂါရှိမရှိဆေးစစ်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ဦးကိုလေးဝင်းကပြောပါတယ်။ ဒါပေမဲ့ ရောဂါစစ်ဆေးကာကွယ်မှုတွေကိုတော့ စနစ်တကျဆောင်ရွက်စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အခု ကျောင်းတွေဖွင့်ခါနီးမှာ ပြည်တွင်းကူးစက်မှုတချို့ပြန်ရှိလာတဲ့အတွက် ကလေးတွေကို ကျောင်းလွှတ်ဖို့ မိဘတွေဘက်က စိုးရိမ်တာတွေရှိသလို အစိုးရရဲ့စီမံခန့်ခွဲမှုကို ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အာမခံချက်ရှိဖို့ တိုက်တွန်းတာတွေရှိနေပါတယ်။
ဆရာတွေဘက်ကလည်း ကျောင်းသားတစ်ဦးချင်းစီကို ကိုယ်ပူချိန်တိုင်းတာ၊ စက္ကန့်နှစ်ဆယ်လက်ဆေးတာ စတဲ့စည်းကမ်းတွေကို ကြပ်မတ် ဆောင်ရွက်ပေးဖို့အတွက် အချိန်ပိုပေးရတာတွေရှိနိုင်ပြီး စာသင်ကြားရေးကိုထိခိုက်မလားလို့ ထောက်ပြတာတွေရှိပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေကိုအလေးထားလိုက်နာမယ်ဆိုရင် စာကောင်းကောင်း သင်ကြားဖို့မဖြစ်နိုင်သလို စာကောင်းကောင်းသင်လိုက်မယ်ဆိုရင် ထုတ်ပြန်ချက်တွေကိုလိုက်နာဖို့အဆင်မပြေနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကြည်တော်စုကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းအုပ်ကြီး ဦးမင်းမင်းထွဋ်ကပြောပါတယ်။
ဆရာဆရာမတွေကတော့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာရမှာဖြစ်ပြီး ကျောင်းဖွင့်တဲ့နောက် ကျောင်းတွေမှာ ကပ်ရောဂါနဲ့ပတ်သက်ပြီး ကြီးကြီးမားမားပြဿနာမဖြစ်ပေါ်စေဖို့ပဲ ဆုတောင်းနေရတယ်လို့ သူက ဆက်ပြောပါတယ်။
မူလက သြဂုတ်လလယ်မှာဖွင့်မယ်လို့ သတင်းထွက်နေတဲ့ အလယ်တန်းနဲ့မူလတန်းအဆင့် တွေကိုတော့ ဘယ်တော့ဖွင့်မယ်ဆိုတာ လောလောဆယ် ကြေညာထုတ်ပြန်ဖို့မရှိသလို အခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ပြောကြားထားပါတယ်။