ရခိုင်စစ်ဘေးရှောင်အချို့ ကျောင်းဖွင့်ရက်ကို စိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်, U Tun Win
ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းတွေမှာနေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ လာမယ့်ဇွန်လ ၁၅ ရက်နေ့မှာ လက်ရှိနေတဲ့ စာသင်ကျောင်းတွေက နေ ဖယ်ပေးဖို့ရှိတာကြောင့် သူတို့နေထိုင်ရေးအတွက် စိုးရိမ်နေကြပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါတားဆီးကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်းဆောင်တွေ ကို ကွာရန်တင်းစင်တာတွေအဖြစ် အသုံးပြုနေကြတာရှိနေသလိုစစ်ဘေးရှောင်တွေ နေထိုင်နေကြတာလည်းရှိပါတယ်။
စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ နောက်ဆုံးထားအပ်နှံကြရတော့မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရက မေလ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာထားပြီးလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် ကျောက်တော်မြို့ပေါ်မှာတော့ စာသင်ကျောင်း ၇ ကျောင်းမှာ စစ်ဘေးရှောင်တွဟာယာယီကယ်ဆယ်ရေးခစန်းတွေဖွင့်လှစ်ပေးထားပြီး နေထိုင်နေကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Tun Win
ကျောင်းတွေကိုပြန်ဖွင့်ရင် ကျောက်တော် မြို့နယ်အတွင်းမှရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ယာယီခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် နေရေးထိုင်နေရေး အခက်အခဲတွေဖြစ်ပွားလာနိုင်တယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘီဘီစီကို ပြောပါတယ်။
မြို့ခံတွေကတော့ စာသင်ကျောင်းတွေမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောင်းရွှေ့ပေးဖို့အတွက် စီစဉ်နေကြပေမယ့် မိုးတွင်းကာလဟာ ဝါတွင်းကာလဖြစ်တဲ့အတွက် ဘုန်းတော်ကြီးကျောင်း တွေမှာလည်း ဘာသာရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေရှိနေတာကြောင့် အဲ့ဒီစစ်ဘေးရှောင်တွေကို ဘုန်းတော်ကြီးကျောင်း တွေမှာ ထားဖို့ဆိုတာ မလွယ်ကူနိုင်ဘူး လို့ နေပူခန်ဒုက္ခသည်စခန်းကော်မတီဝင်လည်းဖြစ်၊ ကျောက်တော်မြို့နယ် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဝါဝါရွှေက ပြောပါတယ်။
ကျောက်တော်မြို့ပေါ်က အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်း ၇ ကျောင်းမှာ ယာယီခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ပေးဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး အဲ့ဒီလူတွေနေရေးထိုင်ရေးအဆင်ပြေစေဖို့အတွက် အစိုးရအနေနဲ့ စဉ်းစားပေးဖို့လိုအပ်နေတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
ကျောက်တော်မြိ့နယ်အတွင်းမှာ စစ်ဘေးရှောင်ပေါင်း ၁၅၀၀၀ ခွဲလောက်ခိုလှုံနေကြပြီး မြို့ပေါ်မှာတော့ ၇၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Tun Win
"မြို့ပေါ်ကစာသင်ကျောင်းတွေမှာ နေထိုင်ကြတဲ့ လူဦးရေ ၃၀၀၀ လောက်မှာ နှစ်ထောင်ကျော်က ကျေးရွာတွေမီးရှို့ ခံလိုက်ရပြီး ဘယ်လိုမှ နေရပ်ပြန်လို့မရတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ တည်ငြိမ်သွား လို့ရှိရင်တောင် ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူရမယ့်အနေအထားရှိတယ်။ ဒီလူတွေနေရာထိုင်ခင်းတွေနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အလေးအနက်ထားပြီး စဉ်းစားပေးသင့်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။"လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် အရေအတွက်ဟာ ၁၆၀၀၀၀ ကျော်ထိရှိနေပြီဖြစ်ကာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာလည်း စစ်ဘေးရှောင်အရေအတွက် ဟာ နေ့စဉ်ဆိုသလို မြင့်တက်နေတာဖြစ်ပါတယ်။








