တက္ကသိုလ်တွေကို အခြေခံကျောင်းတွေဖွင့်လှစ်ပြီးဇူလိုင်လကုန်နောက်ပိုင်းမှ ပြန်ဖွင့်မယ်

တက္ကသိုလ်တွေကို အခြေခံကျောင်းတွေဖွင့်လှစ်ပြီးဇူလိုင်လကုန်နောက်ပိုင်းမှ ပြန်ဖွင့်မယ်
ဓာတ်ပုံ ပုံစာ, တက္ကသိုလ်တွေကို အခြေခံကျောင်းတွေဖွင့်လှစ်ပြီးဇူလိုင်လကုန်နောက်ပိုင်းမှ ပြန်ဖွင့်မယ်

အခြေခံပညာကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့ကစပြီးအဆင့်ဆင့်ပြန်ဖွင့်လှစ်သွားဖို့ တရားဝင်ကြေညာထားပြီးနောက် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တွေကိုလည်း ပြန်လည် ဖွင့်လှစ်ဖို့ အစီအစဉ်တွေရေးဆွဲနေပြီလို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနွယ်နီကဘီဘီစီကိုပြောပါတယ်။

အခြေခံကျောင်းတွေကိုတော့ အထက်တန်းအဆင့်ကို ဇူလိုင် ၂၁ရက်နေ့၊ အလယ်တန်းအဆင့်ကို သြဂုတ် ၇ ရက်နေ့နဲ့ မူလတန်းအဆင့်ကို သြဂုတ်လ ၁၁ ရက်နေ့တွေမှာ ပြန်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

' ' အခြေခံတွေဖွင့်ပြီးနောက်ပိုင်းမှာတော့ ဖွင့်နိုင်ဖို့ စီမံချက်တွေတော့ တင်ပြထားပါတယ်။ အခြေအနေတွေစောင့်ကြည့်ပြီးမှ ဖွင့်နိုင်ဖို့ဆောင်ရွက်နေပါတယ်။ ကွာရမ်တင်းစင်တာတွေအဖြစ် ဖွင့်ထားတာတွေပြီးတဲ့အချိန်ကြမှ ပိုးသတ်တာတွေသန့်ရှင်းတာတွေ လိုအပ်တာတွေလုပ်ပြီးမှ တက္ကသိုလ်တွေက ပြန်ဖွင့်လို့ရမှာပါ။ အခုထိတော့ ရက်အတိအကျမသိရသေးပါဘူး'' လို့ ဒေါက်တာနွယ်နီက ပြောပြပါတယ်။

အခြေခံပညာကျောင်းတွေကို ဇူလိုင်လအတွင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကိုဗစ်စောင့်ကြည့်ရေး ကွာရမ်တင်းစင်တာအဖြစ်ထားထားတဲ့နေရာတွေကို ပြန်လည်ပေးအပ်ဖို့စာတွေထွက်လာပြီး နောက် အခြေခံကျောင်းတွေကနေ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ပြောင်းရွှေ့ထားတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

' ' စင်တာအဖြစ်သုံးထားတဲ့နေရာတွေကတော့ MOHSက လုပ်တာပါ။ ဗဟိုအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ လုပ်တာ ပါ။ ကိုဗစ်ရဲ့အခြေအနေရယ် MOHS (ကျန်းမာရေး)ရဲ့လမ်းညွှန်မှုရယ် ပြီးတော့ အခြေခံပညာကကျောင်းတွေဖွင့်တဲ့အခြေအနေကိုကြည့်ပြီးမှ ကျွန်မတို့ကဆောင်ရွက်မှာပါ'' လို့ ကျောင်းတွေပြန်ဖွင့်လှစ်မယ့် အခြေအနေနဲ့ပတ်သက်ပြီးသူကပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်တွေကို ယာယီမပိတ်ခင်က စာမေးပွဲတွေဖြေဆိုနေတဲ့အချိန်ဖြစ်တာကြောင့် ကျောင်းအများစုမှာ ၂ ဘာသာခန့်ဖြေဆိုဖို့ ကျန်နေသေးတာလည်း ဖြစ်ပါတယ်။

' ' ဘာသာရပ်တွေကတော့ တစ်ဘာသာ နှစ်ဘာသာလောက်ပဲကျန်တာပါ။ ဖြေဖို့ကျန်တဲ့ ဘာသာရပ်တွေကတော့ ပြန်ဖြေရမှာပါ။ ဒီအတွက်လည်း အခြေခံကျောင်းတွေလို ပြန်ဖွင့်မယ့်ရက်ကို ကြိုကြေညာပေးသွားမှာပါ''လို့ ဒေါက်တာနွယ်နီကပြောပြပါတယ်။

တက္ကသိုလ်တွေကို ဇူလိုင်လကုန်နောက်ဆုံးပတ်မှာ ပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် မဟုတ်ကြောင်းနဲ့ quaratine centerများပြီးပြတ်မှသာ တက္ကသိုလ်များ ပြန်လည် ဖွင့်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိဖြေလက်စကျန်ရှိသည့်ဘာသာရပ်များအားလည်း ပြန်လည်ဖြေဆိုရမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ကပြောတယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ဒီကနေ့ မေ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။