ဒသမတန်းသင်ရိုးထဲက ထွန်းထွန်းနဲ့ ချိုချို

" ထွန်းထွန်းနဲ့ ချိုချို " အစချီထားတဲ့ နာမည်လေးနှစ်ခုနဲ့ အခြေခံပညာ ဒသမတန်းကျောင်းစာအုပ်မှာပါ တဲ့ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး သင်ခန်းစာ စာပိုဒ်လေးတစ်ခု အွန်လိုင်းပေါ် ပြန့်လာချိန်ကစပြီး ကျောင်းသားမိဘအသိုင်းအဝိုင်းမှာ လှုပ်လှုပ်ရှားရှားပြောဆိုစရာတွေ ဖြစ်ခဲ့ပါတယ်။

ဒီသင်ခန်းစာကတော့ Grade 10 ဒသမတန်းရဲ့ သင်ရိုးညွှန်းတန်း အခန်း(၆) မှာ ပါဝင်တာဖြစ်ပြီး ဒီစာပိုဒ်နဲ့ ပတ်သက်လို့ လိင်ပညာပေးသင်ခန်းစာတွေကို ကျောင်းတွေမှာ သင်ကြားပို့ချတာဟာ မသင့်တော် ဘူးဆိုပြီး ဝေဖန်မှုတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒီစာအုပ်ပါ သင်ခန်းစာတွေဟာ လာမယ့်နှစ် ကျောင်းဖွင့်ရာသီမှာ Grade 10 ဒသမတန်းရဲ့မသင်မနေ ရသင်ခန်းစာ တွေဖြစ်လာမှာပါ။

"သင်တဲ့လူကိုယ်တိုင်က လိပ်ပတ်လည်အောင် ကျွမ်းကျင်အောင် သိဖို့လိုမယ် နို့မို့ဆိုရင် မှားယွင်းတဲ့ သတင်းစကားတွေပေးမိလိမ့်" လို့ ကျောင်းဖွင့်ရာသီမှာ Grade 10 တက်ဖို့ရှိတဲ့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ကိုမင်းလတ် ကပြောပါတယ်။

ဘာတွေပါလို့လည်း

" ထွန်းထွန်းနဲ့ ချိုချို "တို့ ဟာဒသမတန်း ကျောင်းသားလေးတွေပါ ၊စာအတူတူ ကျက်လေ့ရှိပြီးသူငယ်ချင်းတွေ က သမီးရည်းစားလို ထင်ပြီးစ နောက်လေ့ ရှိပါတယ် ။ သူတို့ကလည်းသဘောကျ အချင်းချင်းစိတ်ဝင်စားမှုရှိပါတယ် ။

တစ်နေ့ ချိုချိုတို့အိမ်က မိသားစုများ အလှူသွားကြ တဲ့အချိန် ၊ချိုချိုက တစ်ယောက်တည်းအိမ်မှာ ကျန်ခဲ့ပြီး အိမ်ဘေးက အဒေါ်ကြီးကို ချိုချိုကို စောင့်ရှောက်ပေးဖို့အပ်ခဲ့ပါတယ်။နေ့လယ်ပိုင်းမှာ ထွန်းထွန်းက စာအတူတူကြည့်ဖို့ ရောက်လာပြီးချိုချို ဘေးမှာနီးနီးကပ်ကပ် ဝင်ထိုင်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပီတိ ဖြစ်ကာ စိတ်လှုပ်ရှားနေ ကြပါတယ်။

အဲ့ဒီအချိန်မှာ အိမ်ဘေးက အဒေါ်ကြီးရောက်လာပါတယ် ။ အိမ်ဘေးက အဒေါ်ကြီးသာရောက်မလာရင်သူတို့နှစ်ဦး ဘယ်အဆင့်ထိဖြစ်သွားနိုင်သနည်း ဆိုပြီး သင်ခန်းစာ ကမေးခွန်းလေးနဲ့ အဆုံးသတ်ထားပါတယ်။

Grade 10 ကို ဒီနှစ်တက်မယ့် သမီးရှိတဲ့ ကိုမင်းလတ်ကတော့ "မယ်ခွေဆေးလိပ် အကြောင်းသင်တုန်းက ကလေးတွေက ဆေးလိပ်သောက်တတ်မှာစိုးလို့ ဖြုတ်သင့်တယ်ဆို ပြောထားတယ်။ အခုတော့ကော သင်ရင် တတ်ကုန်မယ်ဆိုရင် Sex Education ကကော မစွဲကုန်ဘူးလား ဆိုတဲ့လော့ဂျစ်ကို စဉ်းစားတာပါ။ ကျနော် စိတ်အပူဆုံးက သင်မယ့်လူကို ပိုစိတ်ပူတယ် ။ ပုဂ္ဂလိက အမြင်သင်သင့်တယ်။ ဒါပေမယ့် ဘာကြောင့် သင်သင့်တယ်ဆိုတဲ့ ခိုင်မာတဲ့ လောဂျစ်လိုတယ်" လို့ သူ့ရဲ့ စိုးရိမ်ပူပန် ချက်ကို ထောက်ပြပါတယ်။

မသင့်တော်တဲ့ အသုံးအနှုန်းရှိရင် ထောက်ပြပါ

ဒီသင်ခန်းစာတွေရဲ့ သင်ရိုးညွှန်းတန်းကို ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်မှာရှိတဲ့ သင်ရိုးညွှန်းတမ်းအဖွဲ့က အခြေခံပညာရှိ ဆရာဆရာမများ၊ ပညာရေးတက္ကသိုလ် ပညာရေးကောလိပ်များရှိ ဆရာဆရာမများ ၊ဆရာ အတတ်သင်ပညာရေးက ဆရာ ဆရာမတွေအပြင်ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကျန်းမာရေးပညာရှင်တွေနဲ့ တခြား ပညာရှင်တွေ ပူးပေါင်းပြီး ရေးဆွဲထားပြီး အမျိုးသားပညာရေး မူဝါဒ ကော်မရှင်ရဲ့ လမ်းညွှန်မှုနဲ့ ပညာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ဝေတာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဋ္ဌာန ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက ဆိုပါတယ်။

" တကယ်ကို တစ်တစ်ခွခွစကားလုံး လုံး၀ မကြားဝံ့ မနာစရာစကားလုံး ဘာမှ မပါဘူး၊ မိဘတွေ ထောက်ပြတယ်ဆိုရင် မိဘတွေကကော ဘယ်လောက် ပေးနိုင်လည်း ပေးဖို့ Knowledge ရှိလား၊ တချို့တော့ရှိမယ်၊ တော်တော်များများ မရှိဘူး၊ ကျွန်တော်တို့က အထက်တန်းအဆင့် အလယ်တန်းအဆင့် မူလတန်းအဆင့်တွေမှာ သင်ပေးတာ တကယ် သူတို့ဘဝအတွက် ၊ပြည်သူတွေက ဒီစကားလုံးတွေက မသင့်လျော်ဘူးဆိုရင် ထောက်ပြပါ ၊ဒီစာအုပ်တွေက နှစ်တိုင်း ထုတ်နေတာ ၊ နောက်နှစ် ပြင်ပေးမယ်" လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

အခုလို သင်ကြားတာနဲ့ ပတ်သက်လို့ ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ မမေငြိမ်းအေးကတော့ ကလေးတွေနောင်ရေးအတွက် အခုလို Sex education ကို သင်တာ သဘောကျပေမယ့် သင်မယ့်နေရာမှာ ပညာသားပါဖို့နဲ့ ယဉ်ကျေးမှုနဲ့ သဟဇာတ ဖြစ်ဖို့ လိုတယ်လို့ မှတ်ချက်ပြုပါတယ်။

အခု အွန်လိုင်းမှာ လူပြောများနေတဲ့ ထွန်းထွန်းနဲ့ ချိုချို အစချီကာ ဥပမာပေးထားတဲ့ သင်ခန်းစာ အပိုဒ်ရဲ့ ဆိုလိုရင်းဟာ ကျောင်းသားတွေအတွက် ဆက်လက်စဉ်းစားစေဖို့နဲ့ လူကြီး မိဘ မသိတဲ့ မမြင်ကွယ်ရာမှာ အတူနေထိုင်တာကို ရှောင်ရှားဖို့ လိုရင်းဖြစ်တယ်လို့ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ဒုတိယညွှန်ကြားမှူး ဒေါက်တာ ဌေးဌေးဝင်းက ဆိုပါတယ်။

"ဒီထွန်းထွန်းနဲ့ ချိုချိုဆို ကျူးလွန်သွားတယ်ဆိုတာ မပါဘူး။ သူတို့တယောက်ကို တယောက်ကြည့်ပြီး စိတ်လှုပ်ရှားနေတယ် စိတ်ဝင်စားနေတယ်။ အဲချိန်မှာ အိမ်ဘေးက အဒေါ်ကြီးရောက်လာတယ်။ တကယ်လို့သာ ရောက်မလာခဲ့ရင် ဆိုဆက်ပြီး စဉ်းစားခိုင်းတာပေါ့ " လို့ ဒေါက်တာ ဒေါ်ဌေးဌေးဝင်းက ရှင်းပြပါတယ်။

ဒီသင်ခန်းစာတွေကို အတန်းလိုက် အပိုင်းလိုက် ထည့်သွင်းထားတာဖြစ်ပြီး လူမှုဆက်ဆံရေးအပိုင်း ၊ ပေါင်းသင်းဆက်ဆံရေးအပိုင်းတွေမှာ စည်းကမ်းနဲ့ မိမိကိုယ်ကို ထိန်းသိမ်းသင့်တယ် ဆိုတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

"ကိုယ့်စည်းကိုလည်း သူတို့သိအောင်ပြောရမယ်။ သူငယ်ချင်းအနေနဲ့ ယောကျာ်းလေး မိန်းကလေး ပေါင်းရမယ်။ ဒါပေမယ့် ဆယ်ကျော်သက်ရောက်တဲ့ အခါ ယောကျ်ားလေးသူငယ်ချင်းကို အပြင်ဘက်စက်ဝိုင်းကိုထားရမယ်။ ကိုယ့်စည်းနဲ့ ကိုယ်နေရမယ်။ ကိုယ့်ကိုထိတာကိုင်တာ မကြိုက်ဘူး။ ဒါမျိုးတွေကို ရှေ့ပိုင်း သင်ခန်းစာကတည်းက စသင်လာမှာပါ" လို့ ဒေါက်တာဌေးဌေးဝင်းက ပြောပါတယ်။

အထက်တန်းအဆင့် မှာ ကျွမ်းကျင်စရာ ဘာသာရပ်တွေရဲ့ သင်ကြားရတဲ့ ရည်ရွယ်ချက် လေးချက် ပါဝင်ထည့်သွင်းထားပြီး ဆယ်ကျော်သက်အရွယ်ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ စိတ်လှုပ်ရှားမှု အပြောင်းအလဲများ၊ ကျား၊မ သဘာဝဖြစ်စဉ်များကို သတိပြုမိပြီး ထိုပြောင်းလဲမှုနဲ့ လျော်ညီစွာ တုံ့ပြန် ပြုမူတတ်စေရန်လို့ ဖော်ပြထားပါတယ်။

မမေငြိမ်းအေးကတော့ " အဲဒီမှာ လိင်ဆက်ဆံခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းတွေအပြင် အသက် ၁၇ နှစ်နဲ့ ဒီလို လိင်တူဆက်ဆံတာ ဓမ္မတာ မဟုတ်တဲ့ ဆက်ဆံတယ်ဆိုတာတွေ ထည့်ထားတာကိုတော့ နားမလည်ဘူး။ လိုအပ်လို့လားပေါ့။ အဓိက ပြောချင်တာက ဒီထက် သိမ်သိမ်မွေ့မွေ့ သင်ကြားသင့်တယ်လို့ အကြံပေးချင်ပါတယ် " လို့ ပြောပါတယ်။

အတန်းတိုင်းကို အသက်အရွယ်အလိုက် ပိုင်းခြားပြီး သင်ပေးတာဖြစ်ပြီး မိဘတယောက်ရဲ့ တာဝန်ယူမှု တာဝန်ခံနိုင်မှုတွေပါ ထည့်သွင်းသင်ကြားမှာ ဖြစ်သလို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ သွားတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဘဝဒုက္ခတွေကို မတွေ့ကြုံစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါတွေကို ထည့်သွင်းတာဖြစ်တယ်လို့ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ဒုတိယညွှန်ကြားမှူး ဒေါက်တာ ဌေးဌေးဝင်းက ပြောပါတယ်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကတော့ အခုလို သင်ရိုးရေးထားတာဟာ sex education လို့ သုံးနှုန်းတာထက် reproductive health education မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ကို သင်ကြားတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာလမ်းညွှန်နဲ့ ကျောင်းသားသုံးစာအုပ်အဖြစ် ထုတ်ထားတာဖြစ်ပြီး အခု ၂၀၂၀ မှာတော့ တနိုင်ငံလုံး သင်ရိုးညွှန်းတမ်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းပြီး သင်ကြားဖို့ လုပ်တာဖြစ်တယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

ဦးကိုလေးဝင်းက " ဒါတွေက ကလေးတွေအတွက် ဘဝတသက်လုံးလိုအပ်လို့ ထည့်သွင်းပြဋ္ဌာန်းတာပါ။ တချို့ ရှေးရိုးစွဲ မိဘတွေကတော့ ဒါတွေကို သဘောကျမှာမဟုတ်ဘူး။ ဆရာဆရာမတွေထဲမှာလည်း ပါနိုင်ပါတယ်။ ဒါက အနည်းအကျဉ်းပါ။ လက်ရှိမှာ သင်ရမှာလည်း ဆရာ ဆရာမနဲ့ ကလေးတွေကြားမှာလည်း အခက်အခဲတွေရှိမှာပါ။ လွတ်လွတ်လပ် သဘောထား ကွဲလွဲလို့ရပါတယ်။ ဒါပေမယ့် ဒါတွေက ကလေးတွေ ကောင်းကျိုးအတွက်လုပ်တာပါ " လို့ ပြောပါတယ်။