ကိုရိုနာဗိုင်းရပ်စ် - လူစုဝေး ဝတ်ပြုသူ ၁၂ ဦးကို မန္တလေးမှာ ထောင်ဒဏ်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဘာသာရေးအခမ်းအနားတွေ၊ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ဖို့ အစိုးရက အမိန့်ထုတ်ထားတဲ့ကြားက လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းခဲ့သူ ၁၂ ဦးကို မန္တလေးမှာ ပထမဆုံးအနေနဲ့ ထောင်ဒဏ်တွေ မေလ ၇ ရက်က ချမှတ်လိုက်ပါတယ်။
ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်က နေအိမ်တစ်ခုအတွင်းမှာ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆုတောင်းနေကြတယ်လို့ ဘေးပတ်ဝန်းကျင်က အကြောင်းကြားတာကြောင့် ဝင်စစ်ခဲ့ရာကနေ စစ်ဆေးတွေ့ရှိပြီး အခုလို ပြစ်ဒဏ်ချခဲ့တာပါ။
တိုင်ကြားခံရသူတွေကို ဧပြီလအတွင်း သင်္ကြန်ရက်လောက်ကတည်းက ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပြီး မေလ ၇ ရက်မှာ တရားရုံးက အမိန့်ချလိုက်တာလို့ သိရပါတယ်။
အိမ်ရှင်အပါအဝင် ဝတ်ပြုကြသူ အမျိုးသား ၁၄ ဦးထဲက ၁၂ ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ထောင်ဒဏ် ၃ လ စီအမိန့်ချလိုက်တယ်လို့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပါတယ်။
၁၂ ဦးကို ခုလို အမိန့်ချမှတ်လိုက်သလိုပဲ ဝတ်ပြုကြသူတွေထဲပါတဲ့ အသက် ၁၄ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ဦးကိုတော့ အသက်မပြည့်သေးတဲ့အတွက် ကလေးသူငယ်တရားရုံးမှာ တရားစွဲတင်ထားဆဲ ဖြစ်ပါတယ်။
ဧပြီလတုန်းကလည်း ခရစ်ယာန် ဘာသာရေး အခမ်းအနားတစ်ခု တက်ရောက်မှုကနေ ဆက်စပ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူတွေ ဆယ်ဂဏန်းချီရှိခဲ့အပြီးမှာ ခရစ်ယာန် တရားဟောဆရာ ဦးစောဒစ်ဗစ်လား အပါအဝင် သင်းအုပ်ဆရာ၊ အမှုတော်ဆောင် စတဲ့ လူ ၄ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်နဲ့ မရမ်းကုန်းရဲစခန်းတွေမှာ အမှုဖွင့်ထားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့တွေမှာ ကိုဗစ်-၁၉ ပိုးကူးစက်ထားတာတွေ့ရလို့ ကုသမှုတွေ ပေးခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှု ကာလပြီးရင် စွဲဆိုထားတဲ့အမှုကို ဆက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။
ဒါ့အပြင် ဧပြီလထဲမှာပဲ တနင်္သာရီတိုင်း ရေဖြူမှာ ဘုန်းကြီးပျံပွဲကို စီစဥ်ပြုလုပ်ခဲ့သူ ၂ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ပြီး အမှုဖွင့်ထားတယ်လို့ ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ မလိုက်နာသူတွေကို ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ပါတယ်။








