လူစုလူဝေးဖြစ်စေခဲ့တဲ့ တရားဟောဆရာအပါအဝင် ၄ ဦးကို သဘာဝဘေးဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်

တရားဟောပွဲပြုလုပ်ခဲ့တာနဲ့ဆက်စပ်ပြီး အင်းစိန်မြို့နယ်ကနေ ပိုးတွေ့လူနာ အများစုတွေ့ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, FFSS

ဓာတ်ပုံ ပုံစာ, တရားဟောပွဲပြုလုပ်ခဲ့တာနဲ့ဆက်စပ်ပြီး အင်းစိန်မြို့နယ်ကနေ ပိုးတွေ့လူနာ အများစုတွေ့ခဲ့ရ

ရန်ကုန်တိုင်းအတွင်းမှာ ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက် တရားဟော ဆရာ ဦးစောဒေးဗစ်(ခ)စောဒေးဗစ်လား နဲ့ ဦးဝေထွန်း (နဝရတ် တေးသံသွင်း)တို့ကို မရမ်းကုန်းမြို့မရဲစခန်း မှာလည်းကောင်း၊ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင်ဦးစောရေဂန်ဒီ တို့ကို အင်းစိန်မြို့မရဲစခန်းမှာလည်းကောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အသီးသီးအမှုဖွင့်ထားပြီလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဘီဘီစီကိုပြောပါတယ်။

အမှုဖွင့်ထားပြီဖြစ်တဲ့ တရားဟောဆရာဦးဆောင်တဲ့ ဟောပြောပွဲကိုတက်ရောက်ခဲ့သူတွေထဲက ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်အတွင်း ထုတ်ပြန်ချက်တွေအရ ၅ ဦးတွေ့ရှိခဲ့ပြီး ဧပြီ ၁၄ ရက်နေ့မှာ လည်း ပိုးတွေ့လူနာတွေ ထပ်မံတွေ့ရှိခဲ့ပါတယ်။

' ' တရားဟောပွဲမှာက လူစုလူဝေးနဲ့မလုပ်ရဘူးဆိုတာထုတ်ပြန်ချက်တွေထုတ်ထားပြီးသား မလိုက်နာတဲ့အတွက်ဆောင်ရွက်ရတာပါ။ အင်းစိန်ရော မရမ်းကုန်းမှာရော တရားဟောပွဲနဲ့ ဆက်စပ်ပြီးတော့ပဲ အမှုဖွင့်ထားတာပါ''လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

ဗဟန်းမြို့နယ်က အဆိုတော်ဇနီးမောင်နှံနေထိုင်ရာတိုက်ကို အဝင်အထွက်ပိတ်စဉ်

ဓာတ်ပုံ ရင်းမြစ်, Win Bo

ဓာတ်ပုံ ပုံစာ, ဗဟန်းမြို့နယ်က အဆိုတော်ဇနီးမောင်နှံနေထိုင်ရာတိုက်ကို အဝင်အထွက်ပိတ်စဉ်

အဆိုပါ လူစုလူဝေးနဲ့ ပြုလုပ်ခဲ့တဲ့တရားပွဲက အမှုဖွင့်ခံထားရသူ တရားဟောဆရာမှာ ဧပြီ ၁၃ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာစာရင်းမှာ ပါဝင်သူတစ်ဦးဖြစ်တယ်လို့လည်း ကျန်းမာရေး အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။

' ' မနေ့ညက တော့ အဆိုတော် ဇနီးမောင်နှံ နေတဲ့ တိုက်ကိုတော့ လော့ဒေါင်းသွားချခဲ့တယ်။ နာမည်ကို တော့ ဝန်ကြီးဌာနကလည်း ထုတ်မပြောတဲ့အခါကျတော့ ကျွန်တော်တို့လည်း ထုတ်ပြောဖို့ကခက်ပါတယ်။ ပုလဲကွန်ဒိုက အဲဒီတိုက်မှာ ဘယ်သူနေတယ်ဆိုတာတော့ သိကြပါတယ်''လို့ ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က မနေ့က ပိုးတွေ့လူနာထဲ အဆိုတော်မျိုးကြီးတို့ဇနီးမောင်နှံ ပါဝင်တယ်ဆိုတဲ့သတင်းအပေါ် ပြန်လည်ဖြေဆိုပါတယ်။

အဆိုတော်မျိုးကြီးဟာ အခုအမှုဖွင့်ခံထားရသူ တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့အတူ တရားဟောပွဲမှာ ဓမ္မသီချင်းသီဆိုတာတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။

ပိုးတွေ့လူနာတွေရှိလာပြီးနောက် အင်းစိန်ဆေးရုံကို ပိုးသတ်ဆေးဖျန်း

ဓာတ်ပုံ ရင်းမြစ်, FFSS

ဓာတ်ပုံ ပုံစာ, ပိုးတွေ့လူနာတွေရှိလာပြီးနောက် အင်းစိန်ဆေးရုံကို ပိုးသတ်ဆေးဖျန်း

ဧပြီ ၁၃ ရက်နေ့က ပိုးတွေ့လူနာ ၂၁ဦး ထပ်မံတွေ့ရှိတဲ့ထဲမှာ ရန်ကုန်တိုင်းအတွင်းက အများဆုံးတွေ့ရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးက တစ်ဦး ပါဝင်လာခဲ့ပါတယ်။

'' မနေ့ကတွေ့တဲ့ထဲမှာ ရန်ကုန်တိုင်းကအများဆုံးဆိုပေမယ့် အသက် ၇နှစ်အရွယ်ကလေးငယ်က ရန်ကုန်ကပဲလား ဘယ်ကလဲဆိုတာကိုတော့ကျွန်တော်တို့လည်း မသိရသေးပါဘူး''လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၁၃ ရက်က ထုတ်ပြန်ချက်ထဲမှာ ယခင်လို ရောဂါပိုးတွေ့ရှိသူတွေရဲ့နေရပ်နဲ့ လက်ရှိတက်ရောက်ကုသတဲ့ဆေးရုံကို ဖော်ပြပေးထားမျိုး မရှိတော့ပါဘူး။

ရန်ကုန်တိုင်းမှာ ထပ်မံတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်ပြီး တောင်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်အတွင်းက နေအိမ်အချို့နဲ့အတူ အင်းစိန် မြို့နယ်အတွင်းက ဗေသလနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်း အဝင်အထွက်ပိတ်ထားလိုက်ပြီလို့ ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီကနေ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စုစုပေါင်း ပိုးတွေ့လူနာ ၆၂ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိလာပြီ ဖြစ်ပါတယ်။