တစ်ရက်တည်း ၁၁ ဦးတွေ့ပြီး ပိုးတွေ့ရှိမှု စံချိန်သစ်တင်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
မြန်မာနိုင်ငံက ကုိရုိနာရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိထားသူ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း(Quarantine) ဆောင်ရွက်ထားသူတွေထဲက ၁၁ ဦးရဲ့ ဓာတ်ခွဲနမူနာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရတယ်လို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကနဦး သတင်းထုတ်ပြန်ပါတယ်။
ဒါဟာမြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိမှုမှာ တစ်ရက် အတွင်းအများဆုံးတွေ့ရှိတာလည်းဖြစ်ပါတယ်။
စုစုပေါင်းလူ ၉၂ ဦးကဓာတ်ခွဲရာမှာ အခုလို တွေ့ရှိတာဖြစ်ပြီး ကျန်ဓာတ်ခွဲနမူနာ ၈၁ ခုမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁ ဦးရှိပြီး သေဆုံးသူ ၄ ဦး၊ ပိုးမတွေ့တော့သူ ၂ ဦး၊ အထူးကြပ်မတ်ကုသခန်းထဲ ကုသမှုပေးနေသူ ၁ ဦးတို့ရှိပါတယ်။ ကျန် ၃၄ ဦးကတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အခုတွေ့ရှိသူ ၁၁ ဦးပါ တွက်ရင် စုစုပေါင်း ၅၂ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။
အခုအခါအစုလိုက်အပြုံလိုက် ကူးကုန်တာ မိသားစုလိုက်တွေဖြစ်နေတာကြောင့် ရောဂါဖြစ်ပွားသူနဲ့ နီးနီးကပ်ကပ်နေဖူးတဲ့ ရာဇဝင်ရှိရင် နေအိမ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်တာကို ခွင့်မပြုတော့ဘဲ အစိုးရ သတ်မှတ်ထားတဲ့ facility quarantine (အစိုးရထိန်းချုပ်အောက်မှုက အသွားအလာကန့်သတ်တဲ့နေရာ) မှာသာ ထားရှိတော့မယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံကဒီကနေ့ ဧပြီ ၁၃ ရက် မနက်က ရန်ကုန်တိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးခန်းမှာ ပြောပါတယ်။
ဧပြီ ၁၃ ရက်ဓာတ်ခွဲစစ်ဆေးမှု သတင်းအသေးစိတ်ကို ဆက်လက်ထုတ်ပြန်မယ်လို့ လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်နိုင်ရန်အတွက် ဓာတ်ခွဲစစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်မယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧပြီလ ၁၂ ရက်နေ့က ပြောထားပါတယ်။
ဧပြီလ ၁၀ ရက် ရက်နေ့ဝန်းကျင် က စလို့ တစ်ရက်ကို လူ၂၀၀ ဝန်းကျင်ခန့် ဓာတ်ခွဲစစ်ဆေးနေပြီး ဧပြီလ ၁၁ ရက်နေ့စစ်ဆေးတဲ့ ရလဒ် တွေအရ လူ၁၀ ဦးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောခွင့်ရ သူကို ဆက်သွယ်ပေမယ့် ဖုန်းပိတ်ထားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက တော့ ဒီနေ့ နောက်တစ်သုတ် ကို ထုတ်ပြန်ရင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူတွေ နောက်ထပ်တိုးလာနိုင်တယ် လို့ ခန့်မှန်းနေကြပါတယ်။
ဧပြီလ ၁၃ ရက်နေ့ည ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် က အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း(Quarantine) ဆောင်ရွက်ထားသူ ထဲက ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူ တစ်ဦးထပ်တွေ့လို့ စုစုပေါင်းမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ (၅၃) ဦးထိရှိလာပြီလို့လည်းထုတ်ပြန်ပါတယ်။








