မှောင်ခိုပစ္စည်း သယ်ဆောင်မှုနဲ့ မြန်မာသင်္ဘောသား ၇ ဦး ရှန်ဟိုင်းမှာ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Zhang Peijian/VCG via Getty Images
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မြန်မာသင်္ဘောသား ၇ ဦးကို တရားမဝင် မှောင်ခို ကုန်ပစ္စည်းတွေ သယ်ဆောင်ရောင်းဝယ်တဲ့ ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာ မသင်္ကာမှုကြောင့် ရှန်ဟိုင်းရဲဌာန (Shanghai Police Bureau) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးက မေလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
သင်္ဘောသား ၇ ဦးဟာ ရှန်ဟိုင်းမြို့ဆိပ်ကမ်းအနီးမှာရှိတဲ့ Hong Yi သင်္ဘောပေါ်က ဖြစ်ပြီး သူတို့တွေကို ဧပြီ ၂၈ ရက်နေ့ကတည်းက ယာယီထိန်းသိမ်းထားပြီး ရှန်ဟိုင်းမြို့ အချုပ်စခန်းမှာ ထားရှိထားတယ်လို့ မြန်မာသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနကတော့ မြန်မာသင်္ဘောသားတွေကို တရားမဝင် သင်္ဘောတွေပေါ် မစေလွှတ်ဖို့ တားမြစ်ထားတယ်လို့ ပြောပါတယ်။
"တားမြစ်ချက်ကို မလိုက်နာရင် လိုင်းပိတ်တဲ့အထိ အရေးယူပါတယ်၊ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကုမ္ပဏီ ၁၄ ခုလောက် အရေးယူခဲ့ပြီးပါပြီ" လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက ပြောပါတယ်။
အခု ရှန်ဟိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၇ ဦးနဲ့ ပတ်သက်လို့တော့ စုံစမ်းနေဆဲပဲ ဖြစ်တယ်လို့ ဦးဟိန်းထက်စိုးက ပြောပါတယ်။
တားမြစ်ကုန်တွေ သယ်ဆောင်တဲ့ သင်္ဘောတွေဟာ တရုတ်ပြည်ထဲ ဝင်ထွက်နေတာ အများစု ဖြစ်ပြီး မြန်မာသင်္ဘောသားတချို့ဟာလည်း တရားမဝင်မှောင်ခိုကုန်တွေ သယ်လို့ ဖမ်းဆီးခံရတာ၊ ပြစ်ဒဏ်ကျခံရတဲ့ အဖြစ်မျိုးတွေက အရင်က ရှိခဲ့ဖူးပါတယ်။
"သင်္ဘောလိုင်းတွေကို စိစစ်ရတာ ခက်ပါတယ်၊ ကုမ္ပဏီတွေကို တည်ထောင်ခွင့် ပေးထားတယ်၊ ကျွန်တော်တို့ဆီမှာ စေလွှတ်မယ့် သင်္ဘောတွေကို မှတ်ပုံတင်ထားတယ်၊ အဲ့ဒီ သင်္ဘောကို သွားမယ်ဆိုပြီးတော့ ပြောတယ်၊ တကယ်တမ်းကျတော့ တချို့ ကုမ္ပဏီတွေက အဲ့ဒီသင်္ဘောကို မလျှောက်ခိုင်းဘဲနဲ့ မှောင်ခို သင်္ဘောတွေကို လွှတ်လိုက်တာ ရှိတယ်" လို့ သင်္ဘောသားဌာနခွဲက ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက ပြောပါတယ်။
"ဥပမာပြောရရင် တရုတ်မှာက သကြားကို မှောင်ခိုပစ္စည်းလို့ သတ်မှတ်ထားတယ်၊ ကျွန်တော်တို့ဆီမှာက သကြား သယ်တာက သာမာန်ပဲ၊ ဒါမျိုးတွေကျတော့လည်း တရုတ်ဖက်က တားမြစ်ကုန်ဆိုတော့ သူတို့မသိတာလည်း ဖြစ်နိုင်တာပေါ့" လို့ ဦးဟိန်းထက်စိုးက ပြောပါတယ်။
သင်္ဘောလိုင်းတွေ၊ သင်္ဘောကုမ္ပဏီတွေ တရားဝင်မှတ်ပုံတင်တာတွေကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာနက စိစစ်ပြီး ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။
"သင်္ဘောထွက်တယ်ဆို ကျွန်တော်တို့ဆီက ထွက်စာ ယူရပါတယ်၊ အဲ့ဒီထွက်စာမှာ ပါတဲ့သင်္ဘောနဲ့ သူတို့တကယ် လိုက်မယ့်သင်္ဘောနဲ့ မှန်ရဲ့လား ဆိုတာ စိစစ်ဖို့ လိုပါတယ်၊ သင်္ဘောအကြောင်းကို အသေအချာ စုံစမ်းပြီးမှ သွားသင့်ပါတယ်" လို့ ဦးဟိန်းထက်စိုးက ဆက်ပြောပါတယ်။
တကယ်တမ်းမှာတော့ သင်္ဘောသားတွေဟာ ကိုယ်လိုက်မယ့် သင်္ဘောက ဘယ်လို ပစ္စည်းသယ်တယ်ဆိုတာ ကုမ္ပဏီကို မေးဖို့က မလွယ်ကူလှပါဘူး။ ကုမ္ပဏီတချို့က ဒီလို အချက်အလက်မျိုးတွေကို ပေးသိလေ့ မရှိဘူးလို့ သင်္ဘောသားအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။
အခု အဖမ်းခံထားရတဲ့ သင်္ဘောသား ၇ ဦးဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာနဲ့ သူတို့ရဲ့ ရာထူးအဆင့်တွေကို သံရုံးထုတ်ပြန်ချက်မှာ မဖော်ပြထားပေမယ့် သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။
အဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ မြန်မာသံရုံးအနေနဲ့ တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ညှိနှိုင်းပြီး လိုအပ်တာတွေကို ကူညီပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။








