ကိုရိုနာဗိုင်းရပ်စ် - ပုံပန်းမကျ အမိန့်ပေးစင်တာ နဲ့ လက်တကမ်း အကျပ်အတည်းများ

ဓာတ်ပုံ ရင်းမြစ်, Mg Thein Zaw
- ရေးသားသူ, စိုင်းထွန်းအောင်လွင်
- ရာထူးတာဝန်, ပြင်ပဆောင်းပါးရှင်
(က) အရောင်သတ်မှတ်မယ် ၊ Command Centre တည်ဆောက်မယ်
ကိုဗစ်-၁၉ ကို လူသားတွေနဲ့ ဗိုင်းရပ်စ်အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲလို့ တင်စားကြပါတယ်။ စစ်ပွဲအသွင် မဟာဗျူဟာတကျ၊ နည်းဗျူဟာကျကျ ကြိုတင်စီမံ အကွက်ချ တိုက်ခိုက်ရတာ၊ တုံ့ပြန်ရတာကြောင့်လည်း ဒီလို တင်စားကြတာ ဖြစ်ပါတယ်။
တောင်အာဖရိက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လူမည်းတွေဘက်က ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ယူ လက်ရှိ တောင်အာဖရိက သမ္မတ ဆီရီးလ် ရာမာဖိုဆာတောင် ကိုဗစ်-၁၉ ထိန်းချုပ် တုံ့ပြန်ရေး ကာလမှာ စစ်ယူနီဖောင်းဝတ်ဆင်ပြီး ပြည်သူကို မိန့်ခွန်းပြောခဲ့ပါတယ်။
ဆိုလိုရင်းက ငြိမ်းချမ်းရေးအတွက်၊ တောင်အာဖရိက ကူးပြောင်းရေးအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ဆောင်ရွက်ခဲ့သူ၊ တနည်းအားဖြင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု ခေါင်းဆောင်တယောက်အနေနဲ့ စစ်ယူနီဖောင်း ဝတ်ဆင်ပြီး မမြင်ရတဲ့ ရန်သူကို ခုခံ၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးအတွက် စစ်ပွဲအသွင်ဆင်နွှဲဖို့ တိုင်းပြည်ကို ဆော်သြနေပုံကို မြင်ယောင်စေလိုရင်း ဖြစ်ပါတယ်။
တင်းကြပ်မှု အနည်းနဲ့ အများဆိုသလို ကျင့်သုံးရတဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ကာလမှာ စစ်အသွင် ဆင်နွှဲမှုဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဆိုသလိုတော့ ဖြစ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
နိုင်ငံအခြေအနေ၊ လူ့အဖွဲ့အစည်း တည်ရှိလည်ပတ် မှီခိုနေရပုံတွေ မတူမှု ကွဲပြားမှုအပေါ် အခြေခံပြီး မူဝါဒချမှတ် တုံ့ပြန်နေကြတာကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေး ကာလမှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
အကျပ်အတည်းကာလ စီမံခန့်ခွဲရေး ဘာသာရပ်မှာ ဘယ်အဆင့်ရောက်ရင် ဘာလုပ်ဆိုတာ အလွယ်တကူသိနိုင်အောင် အရောင်တွေနဲ့ သတ်မှတ်လေ့ရှိပါတယ်။
ဥပမာ အဝါရောင်။ ကပ်ဘေး၊ ဒါမှမဟုတ် အကျပ်အတည်းဆိုင်ရာ လက္ခဏာ တရပ် ကျရောက်မယ့် လက္ခဏာ အလားအလာ ရှိပြီဆိုရင် အဝါရောင်ကို ရည်ညွှန်းသုံးစွဲပါတယ်။
ဒါဟာ မုန်တိုင်းလို သဘာဝဘေးအန္တရာယ် အပါအဝင် ကပ်ဘေးတွေ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စားရေရိက္ခာ၊ နိုင်ငံရေး အပါအဝင် နဲ့ တခြား အကျပ်အတည်းတွေမှာပါ သုံးလေ့ရှိပါတယ်။
လိမ္မော်ရောင်က အရေးပေါ် သတိပေးရမယ့် အဆင့်နဲ့ သက်ဆိုင်ပါတယ်။
ဥပမာ ကုမ္ပဏီတွေ လည်ပတ်မှု ဆိုပါစို့။ ကပ်ဘေးကာလ စီးပွားရေး အခြေအနေအရ ဖြစ်စေ၊ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ တခြားစီးပွားရေး ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းတွေအတွက်ဖြစ်စေ ဘယ်အချိန်မှာ ထောက်ကူငွေလိုအပ်မလဲ ၊ ဝန်ထမ်းလျှော့ဖို့ ကိစ္စတွေ ဖြစ်လာမလဲဆိုတဲ့ ကိစ္စတွေက ရှိမှာပါ။
အနီရောင်ကတော့ အန္တရာယ်စက်ကွင်းထဲ ရောက်သွားတယ်။ တနည်းအားဖြင့် အခုအဆိုအရ ကပ်ဘေးထဲ ရောက်တဲ့ အခြေအနေ ကပ်ရောဂါထဲ ရောက်တဲ့ အနေအထားမျိုး ဆိုပါတော့။
ဆူပူ အုံကြွမှုတွေ အပါအဝင် ကသောင်းကနင်းဖြစ်မှုလို ကိစ္စတွေ၊ သဘာဝဘေးအန္တရာယ်လို ကိစ္စတွေမှာတော့ တွက်ဆနိုင်တာတွေလည်း ရှိသလို မတွက်ဆနိုင်တာတွေလည်း ရှိပါတယ်။ ဥပမာ ရုတ်တရက် မီးတောင် ပေါက်တာမျိုး၊ ငလျင်လှုပ်တာမျိုးတွေကိုပါ ထည့်တွက်ရမှာဖြစ်တယ်။
မြန်မာလိုနိုင်ငံအတွက် သဘာဝဘေးအန္တရာယ် ထိခိုက်မှုများတဲ့နိုင်ငံ၊ လူလုပ်စစ်ပွဲတွေ၊ ကပ်ဘေးတွေ အတွက် ဖြေရှင်းနည်း တနည်းအားဖြင့် Crisis Management ကလည်း ဘယ်လိုပြင်ထားမလဲ၊ ရေတိုလား ရေရှည်လား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ဓာတ်ပုံ ရင်းမြစ်, EPA
ဥပမာ ထိုင်းဆိုရင် လက်ရှိဖြစ်နေတဲ့ ကိုဗစ်-၁၉ အကျပ်အတည်းအတွက် မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် အရေးပေါ် အခြေအနေ State of Emergency ကို ကြေညာခဲ့ပြီး ပိုမိုတင်းကြပ်တဲ့ အစီအစဉ်တွေချမှတ်ကာ ကိုဗစ်-၁၉ ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီအဆင့်အတွက် သူ့တို့ရဲ့ အရောင်သတ်မှတ်ချက်က အနီရောင်အဆင့် သတ်မှတ်ခဲ့ပါတယ်။
မြန်မာပြည်မှာတော့ အသွားအလာ တစိတ်တပိုင်း တင်းကြပ်မှုတွေ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်သက်ဝင်နေပါပြီ။
ဒါပေမယ့် အရေးပေါ် စီမံခန့်ခွဲမှုမှာ ရှိရမယ့် သတိပေးချက်အရ ဘာအရောင်ဆိုတာ အစိုးရက အခုထိ မကြေညာသေးပါဘူး။ ဆက်စပ်စဉ်းစားရမယ့် ကိစ္စတွေကလည်း ရှိနေပါတယ်။၊ လာမယ့် မေလဆိုရင် ရွေးကောက်ပွဲ ကြေညာရမယ့် ကာလလည်း ရောက်ပြီ။ ကုမ္ပဏီတွေရော ဒီအတိုင်းဆက်သွားရင် ဆက်လည်ပတ်နိုင်ပါ့မလား၊ အစိုးရဌာန တချို့ က နေ့စားဝန်ထမ်းတွေ လခအရေးက ဘယ်လိုလဲ၊ အရေးပေါ် ကာလ စီမံဖို့ ဆွေးနွေးမှုတွေကော စနေပြီလား၊ လက်ရှိကရော ဘာကာလဆိုတာ အစိုးရက သတ်မှတ်သလဲ ဆိုတာကအစ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
အရင်တုန်းက မုန်တိုင်းကာလ ဆိုရင် အရောင်တွေနဲ့ သတ်မှတ် ကြေညာတာ ရှိခဲ့ပါတယ်။
နိုင်ငံတကာမှာတော့ အရေးပေါ်ကာလတွေ၊ အကျပ်အတည်းကာလတွေ ရောက်ရင် အသင့်ဖြစ်စေဖို့ သို့မဟုတ် တုံ့ပြန်နိုင်ဖို့အတွက် အမိန့်ပေး ကွပ်ကဲမှု ဗဟိုဌာန Command Centre သဘောမျိုး ဖွဲ့စည်း ဆောင်ရွက် ကြရပါတယ်။
တချို့နိုင်ငံတွေဆိုရင် အကျပ်အတည်းကာလ အစိုးရမျိုး၊ ညီညွတ်ရေးအစိုးရတွေ ဖွဲ့တာမျိုး ( ဥပမာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဝင်စတန်ချာချီ ဦးဆောင်တဲ့ ဗြိတိသျှအစိုးရလို ) တွေ ဖွဲ့စည်းပြီး ကပ်ဘေးကနေ နိုင်ငံရေး ၊ လူမှုစီးပွားအခြေအနေအထိ အထွေထွေအကျပ်အတည်းတွေကို ကျော်လွှားဖို့ နိုင်ငံတွင်းက မတူညီတဲ့ အင်အားစုတွေစုပေါင်း ဖြေရှင်းဖို့ ကြိုးစားကြတာပါ။
( ခ) ပုံပန်း သဏ္ဍာန်လျော့ရဲရဲ Command Centre နဲ့ လတ်တလော အဆီအငေါ့မတည့် ဖြစ်ရပ်များ
မြန်မာပြည်ကို ပြန်ကြည့်ရင်တော့ တရုတ်နိုင်ငံ ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ကတည်းက ကော်မတီတွေ ဖွဲ့လာခဲ့ကြပါပြီ။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ Covid-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဒုသမ္မတ ၁ ဦးဆောင်တဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဝန်ကြီး ဦးဆောင်တဲ့ ကာကွယ်ထိန်းချုပ်၊ ကုသရေး ကော်မတီ စသဖြင့်ပါပဲ။ အဲဒီ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဦးဆောင်တဲ့ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီကို ဇန်နဝါရီလကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီ အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ပါတယ်။
နောက်တစ်ခါ စီးပွားရေးကို ကုစားဖို့အတွက် ကုစားရေး လုပ်ငန်းကော်မတီဆိုတာလည်း ဖွဲ့စည်းထားပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung San Suu Kyi Facebook
အရေးပေါ် တုံ့ပြန်ရေးနဲ့ ကုသ ကာကွယ်ရေးကို ခွဲလိုက်တဲ့ သဘောလို့ နားလည်ရပါတယ်။
ဒီနေရာမှာ မူဝါဒ ရေးရာချမှတ်ရေး မဟာဗျူဟာချမှတ်ရေးအတွက် အမျိုးသားအဆင့် ဗဟိုကော်မတီက အရေးပါတယ်လို့ နားလည်ပါတယ်။
မဟာဗျူဟာဆိုတာကတော့ အုပ်စုအလိုက် ရေတိုရေရှည်ကာလတွေအတွက် ပေါင်းစပ်ရေးဆွဲထားတဲ့ စီမံချက် ဖြစ်ပြီး အဲဒီ မဟာဗျူဟာစီမံချက်အပေါ်မူတည်လို့ ဘယ်လို ကဏ္ဍ အလိုက်၊ ဘယ်လို ချဉ်းကပ် အကောင်ထည်ဖော်မလဲဆိုတဲ့ နည်းဗျူဟာကို အကောင်ထည်ဖော်ရမယ့်သူတွေနဲ့ မူဝါဒချမှတ်သူတွေအကြား ညှိနှိုင်းဖော်ဆောင်ရတာပါ။ ( ဥပမာအားဖြင့် အမျိုးသားအဆင့် ဗဟိုကော်မတီက မူဝါဒ ချမှတ်သူဆိုရင် အောက်က ကော်မတီနှစ်ခုက နည်းဗျူဟာအလိုက် အကောင်ထည်ဖော်ဆောင်ရွက်ပေးရမယ့် သဘောဆောင်ပါတယ်။)
စစ်ရေးစစ်ရာ သဘောနဲ့ ကြည့်ရင်တော့ ချားဗွန်ကလော့စ်ဝစ်ဆိုတဲ့ စစ်ဘက်ရေးရာ ပညာရှင် အဆိုအရ နည်းဗျူဟာဆိုတာ စစ်ဆင်နွှဲရတဲ့ ရည်ရွယ်ချက်ကို ချမှတ်ထားတဲ့မဟာဗျူဟာနဲ့ ဆက်စပ်လုပ်ဆောင်ရတဲ့ ကဏ္ဍဖြစ်တယ်လို့ ဖွင့်ဆိုပါတယ်။
ဗြိတိသျှ တော်ဝင်စစ်တပ် ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ Archibald Wavell ကတော့ " နည်းဗျူဟာဆိုတာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်တွေ၊ စစ်သည်တွေကို ကိုင်တွယ်တဲ့ နည်း ဖြစ်ပြီး မဟာဗျူဟာ Strategy ဆိုတာကတော့ တပ်ရင်းတွေ၊ စစ်သည်တွေကို သူတို့နဲ့ သင်တော်တဲ့ နေရာတွေမှာ အသုံးချပြီး စစ်မြေပြင် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ဖို့ ချမှတ်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ ထိန်းချုပ် ကုသရေးတွေမှာ မြန်မာအစိုးရအနေနဲ့ အပတ်တကုတ်ကြိုးပမ်းနေပေမယ့် ကနဦးအစ ကာကွယ်ရေး ကာလကတည်းက စီမံခန့်ခွဲမှု ဆိုင်ရာ လစ်ဟာမှုတွေက အထင်းသား မြင်ခဲ့ရသလို အခုလို တုံ့ပြန်ရေး၊ ထိန်းချုပ်ရေး ကာလမှာလည်း စီမံခန့်ခွဲမှုဆိုင်ရာ လစ်ဟာလွဲချော်မှုတွေ တော်တော်များများ တွေ့ရပြန်ပါတယ်။
ကာကွယ်ရေးကာလ မြဝတီ နယ်စပ်ကနေ လူတွေ သောင်းနဲ့ချီ ဝင်ခဲ့တဲ့ ကိစ္စတွေမှာ အဆင်သင့် မဖြစ်ခဲ့သလို အခု သင်္ကြန်ကာလအပြီး ရုံးတွေ၊ စက်ရုံတွေ အလုပ်ရုံတွေ ပြန်ဖွင့်မယ်ဆိုတော့လည်း လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ရှုထောင့်အရ၊ သယ်ယူပို့ဆောင်ရေး ရှုထောင့်အရ ဖြစ်ဖြစ် ၊ လုပ်သားတွေ နေထိုင်ရေး ၊ လူမှုဖူလုံရေး ကိစ္စတွေဖြစ်ဖြစ် အဆင်သင့် မဖြစ်ခဲ့ပါဘူး။ လူတွေ သိန်းနဲ့ချီ လုပ်ငန်းခွင် ပြန်ဝင်ဖို့ဆိုတာ စီးပွားရေးအရ အရေးပါကောင်းပါနိုင်ပေမယ့် လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေမှုကအစ၊ ကျန်းမာရေးရှုထောင့်အလယ်၊ လူထုရဲ့ စိုးရွံ့မှုကိုထိန်းကျောင်းနိုင်စွမ်းအပါအဝင် ကြိုတင်စီမံနိုင်စွမ်းလည်း အတော် အားနည်းခဲ့ပါတယ်။
ဥပမာအားဖြင့် မြဝတီ နယ်စပ်က သောင်းနှင့်ချီတဲ့ မြန်မာ လုပ်သားတွေ ပြန်လာတဲ့ ကိစ္စမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးကပဲ သီးသန့် စစ်ရသလို ဖြစ်နေခဲ့ပြီး တခြား ဝန်ကြီးဌာနတွေ နဲ့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရော ( Coordination ) ကြိုတင်ပြင်ဆင်နိုင်မှု ( preparedness ) ပါ အားနည်းခဲ့ရပါတယ်။
မြန်မာနဲ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ် စတွေ့တဲ့ လာအိုဆိုရင်လည်း ထိုင်းကနေ ရွှေ့ပြောင်းလုပ်သားတွေ အမြောက်အမြား ပြည်တော်ပြန်တဲ့ တိုင်းပြည်ဖြစ်ပြီး နယ်စပ်မှာ စစ်ဆေးမှုလုပ်၊ တခါတည်း ၁၄ ရက် Quaratine နေရမယ့် ကျောင်းတွေကို စစ်တပ်က ထရပ်ကားတွေနဲ့ခေါ်သွား နေရာချ စသဖြင့် အနည်းဆုံး ဌာန ၅ ခုလောက်က ( လူဝင်မှုကြီးကြပ်ရေး ၊ အလုပ်သမား ၊ ရဲ ၊ စစ်တပ် ၊ ပညာရေး ၊ မြူနီစပယ် ) အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်မှု အားကောင်းကောင်းနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။
သူတို့ဟာ စစ်သဘောအရ ကြည့်ရင် အပေါ်က ချမှတ်ထားတဲ့ မူဝါဒကို နည်းဗျုဟာပိုင်းအရ Tactics အကောင်ထည်ဖော်ရတဲ့ တပ်စုတွေ တပ်ဖွဲ့တွေလို့ ဆိုလို့ရပါတယ်။ ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေ အားကောင်းခဲ့လို့ပဲ မြန်မာနဲ့ တနေ့တည်း ပိုးတွေ့တဲ့ လာအိုမှာ အခုထိ ဗိုင်းရပ်စ်တွေ့သူ ၂၀ ဝန်းကျင်လောက်နဲ့ အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ တွေ့ရှိမှု အနည်းဆုံး တိုင်းပြည်ထဲမှာ ပါနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
မြန်မာရဲ့ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ၊ ပြည်နယ် တိုင်းအစိုးရတွေနဲ့ ဗဟိုအစိုးရအကြား ဟန်ချက်ညီချိတ်ဆက်နိုင်စွမ်း ၊ ဗဟိုရဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းမှာ ထင်သာမြင်သာရှိတဲ့ ဟာကွက်အချို့ကို ကြည့်ကြပါဦးစို့။
သင်္ကြန်အပြီး ဧပြီ ၂၀ အလုပ်ရုံ၊ ရုံးတွေ ပြန်ဖွင့်ဖို့ ကိစ္စ။
ရန်ကုန်က စက်ရုံ ၊ အလုပ်ရုံ ၊ ကုမ္ပဏီတွေက လုပ်သားဝန်ထမ်းတွေဟာ သင်္ကြန်ကာလ ပိတ်ရက်တွေနဲ့ သွားလာခွင့် တင်းကျပ်မှုအစီအစဉ်တွေနဲ့အတူ အများစုက နယ်တွေကို ပြန်ကုန်ကြတာပါ။ သင်္ကြန်အကြိုမတိုင်ခင် ဧပြီ ၁၀ လောက်ကတည်းက ဘယ်တော့ စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်မလဲဆိုတာ ကြေညာခဲ့မှု မရှိပါ။ သင်္ကြန်ရှေ့ကတည်းက အဝေးပြေး မော်တော်ယာဉ်လိုင်းတွေလည်း ပြေးဆွဲမှုတွေ ရပ်နားကုန်ပါပြီ။ စက်ရုံတွေ ကုမ္ပဏီတွေကလည်း ပြန်ဖွင့်ရ မလိုလို ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေချိန် သင်္ကြန်အတက်နေ့ ညနေစောင်းဧပြီ ၁၆ ကျမှ ကျန်းမာရေး ၊ အားကစားဝန်ကြီးဌာနက စက်ရုံ၊အလုပ်ရုံ အပါအဝင် လုပ်ငန်းတွေမှာ ခွင့်ပြုချက်ရ လုပ်ငန်းတွေမှ အပ လူ ၅ ဦးနဲ့ ၅ ဦး အထက် ပိုမစုရဆိုတာဆိုတာ ထုတ်ပြန်လာပါတယ်။
စက်ရုံကိုတွေကို ပိတ်ထားပါလို့လည်း မဆိုပါဘူး။
ကြားထဲ ၃ ရက်သာ အချိန်ရတဲ့ အခြေအနေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝမ်းရေး အရေးကြီးတဲ့အတွက် လုပ်သားတော်တော်များများက ရရာကားတွေ ငှား၊ ကြုံရာကားစီးပြီး ရန်ကုန်ပြန်လာကြပါတယ်။
ဒါပေမယ့် လုပ်သားတွေ ရန်ကုန်ရောက်တော့ ကျန်းမာရေးအကြောင်းပြပြီး အဆောင်ထဲလည်း အဝင်မခံ ၊ စက်ရုံထဲလည်း ဝင်ခွင့်မရနဲ့ အလုပ်သမားတွေ သောင်းနဲ့ချီ လမ်းပေါ် သောင်တင်တဲ့ ကိစ္စတွေ ပေါ်လာပါတယ်။ အဲဒီလို ဖြစ်နေတုန်းမှာပဲ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက်နေ့ ည ၆ နာရီလောက်မှ စက်ရုံတွေကို ကျန်းမာရေးအရ ဘေးအန္တရယ်ရှိမရှိ စိစစ် ဦးမှာ ဖြစ်တဲ့အကြောင်း ညွှန်ကြားချက် ထုတ်ပြန်လာပါတယ်။
အဲမှာ ပြဿနာတွေ စလာတော့တာပါပဲ။
စက်ရုံအများစုကို စိစစ်နေတုန်းကာလမှာ အလုပ်သမားတွေကို ဘယ်သူက နေရေး၊ စားရေး စီစဉ်ပေးမလဲ ၊ လခ ပေးထားမလဲဆိုတဲ့ ကိစ္စက အစပါ။ သောင်းနဲ့ချီတဲ့ လုပ်သား အများစုကလည်း အဲဒီထုတ်ပြန်ချက်ကို မသိဘဲ ၂၀ ရက်နေ့မှာ စက်ရုံတွေ ဖွင့်တယ်ထင်ပြီး စက်ရုံတွေကို လာကြတယ်။ အဲဒီမှာ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးအရ လူတွေ ခပ်ခွာခွာနေရမယ့်အစား သယ်ယူပို့ဆောင်ရေး ယာဉ်တွေ မလုံလောက်လို့ လူတွေ စုပြုံ ကားစီးရတာက အစ စက်ရုံတွေ အသင့်မဖြစ်သေးတာ အဆုံး အတော်ကို ရှုပ်ထွေးတဲ့ အခင်းအကျင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်ကိုကြည့်ရင် Good Governance ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် ရှုထောင့်အရကို အနည်းဆုံးဟာကွက် ၃ ချက် ထက်မနည်းရှိတာတွေ့ရပါတယ်။
( ၁) ခြုံငုံတဲ့ ထုတ်ပြန်ချက်တွေကို ဝန်ကြီးဌာနအားလုံး ချိတ်ဆက်နိုင်မယ့် အမျိုးသားအဆင့် ဗဟို ကော်မတီက မထုတ်ပြန်ခဲ့မှု
ဥပမာ- လုပ်ငန်းတွေ ပြန်ဖွင့်မယ့်အကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီ ၁၆ ထုတ်ပြန်ချက်ကို ကြည့်ရင် ဘာလုပ်ငန်း ဘယ်လိုဦးစားပေး ၊ ဘယ်လိုလမ်းညွှန်ချက်ဆိုတာ တိတိပပ မပါခဲ့ပါ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီက အစည်းအဝေးလုပ် ထုတ်ပြန်ခဲ့ရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရော၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အပါအဝင် တိုင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့တွေဟာ အဲဒီကော်မတီထဲ ပါနေပြီးဖြစ်တဲ့အတွက် ဘယ်လုပ်ငန်း ဦးစားပေး ဖွင့်မယ်။ ဘယ်လုပ်ငန်းတွေကို ဦးစားပေးအရင် ကျန်းမာရေးအရ လမ်းညွှန်ချက်တွေနဲ့ ညီမညီ စစစ်ဆေးမယ်ဆိုတာတွေ ပါလာနိုင်ပါတယ်။
ဒီနေရာမှာ စဉ်းစားစရာရှိတာက အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေးတွေ မလုပ်ခဲ့ဘူးလား။ ဘယ်က ဆုံးဖြတ်ချက်တွေနဲ့ ဘယ်လို စီမံခန့်ခွဲနည်းစနစ်တွေနဲ့ သွားနေခဲ့သလဲဆိုတာပါ။

ဓာတ်ပုံ ရင်းမြစ်, Kha Kha
(၂) ဒုတိယ တချက်ကတော့ အမျိုးသားအဆင့် ဗဟိုကော်မတီဟာ မူဝါဒချ ၊ မဟာဗျူဟာ ချမှတ်တဲ့ ကော်မတီ Command Centre သက်သက်ဆိုရင် အခြားကော်မတီတွေနဲ့ အဆင့်ဆင့်သော အစိုးရအဖွဲ့ဝင်အကြား ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်း အားနည်းချက်ပါ။
ဥပမာ ဒုသမ္မတ ၁ ဦးဆောင်တဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီမှာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ပါဝင်သလို အဲဒီကော်မတီအနေနဲ့ ပြည်နယ်တိုင်းအဆင့်တွေကိုလည်း ကော်မတီတွေ ဖွဲ့ထားပါတယ်။ ဇန်နဝါရီကတည်းက ဖွဲ့စည်းခဲ့တဲ့ ကာကွယ် ၊ ထိန်းချုပ်၊ ကုသ ဗဟိုကော်မတီမှာဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးလည်း ပါသလို တိုင်းနှင့် ပြည်နယ်အဆင့် အစိုးရအဖွဲ့တွေလည်း ပါဝင်တာပါ။
နည်းဗျူဟာအရ ဒီ ကော်မတီ နှစ်ခုဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်မ နှစ်ခုလို့ တင်စားကောင်း တင်စားနိုင်ပါတယ်။ စစ်တိုက်ရင် ထောက်ပံ့ အကူပေးမလား ၊ လက်နက်ကြီးပစ်ကူမလား ၊ ဘယ်တပ်မက ရှေ့တန်းကို ထွက်တိုက်မလဲ ၊ ဒါမှမဟုတ် နှစ်ခုစလုံးက ဘယ်ညာ တောင်ပံ ခွဲတိုက်မလားဆိုတာက တပ်မအချင်းချင်းအကြား နည်းဗျူဟာပိုင်းအရ ချိတ်ဆက်မှုရော ၊ မဟာဗျူဟာအရ ရှင်းလင်းစွာ သိရှိမှုအရရော အရေးပါတာပါ။
ဆိုလိုရင်းက ဒီကော်မတီ နှစ်ခုအကြား ချိတ်ဆက်မှု ရှိခဲ့ရင် ဝန်ကြီးဌာန တခုစီက မရှင်းလင်းတဲ့ ကြေညာချက်တွေ သီးသန့် ထွက်လာစရာမလိုသလို ကော်မတီတွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့လည်း အခက်အခဲတွေကို အတန်အသင့် ကျော်လွှားနိုင်စရာ ရှိပါတယ်။
ဥပမာ- အလုပ်သမားတွေ ၊ ဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်တဲ့နေ့ လူတွေစုပြုံနေတာမျိုးမဖြစ်အောင် ဘတ်စကားစီးရေ များများဆွဲပေးတာ ၊ အဆောင်တွေမှာ ပြန်လာသူတွေ အဆင်ပြေစွာနေနိုင်ရေး ကိစ္စ ၊ တိုင်းအစိုးရအောက်က စက်မှုဇုန် စီမံခန့်ခွဲခွင့်တို့က တိုင်းအစိုးရနဲ့ သက်ဆိုင်တာ ဖြစ်ပြီး စက်ရုံအလုပ်ရုံ ဖွင့်ရေး ၊ ဘယ်စက်ရုံတွေ ဦးစားပေးမလဲ ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းစေရေး နဲ့ ကျန်းမာရေးအရ ဘယ်လို စိစစ်မလဲဆိုတဲ့ ကိစ္စတွေ၊ အလုပ်ပြန်ဖွင့်တဲ့ ရက်အမီ အဝေးပြေးယာဉ်လိုင်းတွေ ပြေးဆွဲပေးရေးတွေလို ကိစ္စက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေနဲ့ ဒေသန္တရ အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ စက်ရုံတွေ ဘဏ္ဍာရေးအရ လည်ပတ်ဖို့ ခက်နိုင်တဲ့ အခြေအနေဆိုရင်လည်း စီးပွားရေး ကုစားရေးကော်မတီရဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းပါ ထည့်စဉ်းစားရတော့မှာပါ။
အခု ဧပြီ ၂၃ အထိလည်း စက်ရုံတချို့က လည်ပတ်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိမရှိ မစစ်ဆေးနိုင်သေးပါဘူး။ စက်ရုံအများစုက သောင်မတင် ရေမကျဖြစ်နေပြီး လုပ်သားတွေကလည်း လခကအစ၊ တခြားစရိတ်တွေအလယ်၊ နေရာထိုင်ခင်းအဆုံး မရေမရာ အခြေအနေနဲ့ ရင်ဆိုင်နေရကာ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူ မသက်သက်အောင်က ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရက ဆန္ဒပြပွဲဖြစ်တဲ့ စက်ရုံတွေ ပိတ်မယ်လို့ ကြေညာထားတာတွေကလည်း အလုပ်သမားတွေကတော့ သူတို့အတွက် မျှတမှုမရှိတဲ့ ကြေညာချက်တွေလို့ ယူဆထားပါတယ်။
Hay နဲ့ Wright (2002) တို့ရဲ့ အဆိုအရ ဒီလို ဝန်ကြီးဌာနတွေအကြား ၊ ဒေသန္တရအစိုးရတွေနဲ့ ဗဟို ဝန်ကြီးဌာနတွေအကြား ၊ တိုင်းနှင့် ပြည်နယ် ဒေသ အသီးသီးက အစိုးရတွေအကြား ဆက်ဆံရေး ချိတ်ဆက်တည်ဆောက်မှုဟာ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် Good Governance မှာ ရှိရမယ့် Horizontal Co-ordination ရေပြင်ညီ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက် နိုင်စွမ်းနဲ့ သက်ဆိုင်ပါတယ်။ အစိုးရ ဝန်ဆောင်မှု လက်တံ အားမကောင်းတဲ့ နယ်မြေတွေအဖို့ဆိုရင် ပြည်သူ့စစ် ၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်စွမ်း ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မှု ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခွင့်တွေပါ လမ်းဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။
(၃) အချက် ၃ အနေနဲ့ စဉ်းစားစရာကတော့ အချက် (၁) နဲ့ အနည်းငယ်ဆက်စပ်ပါတယ်။ ဒါကတော့ Strategy မဟာဗျူဟာ ၊ Policy Guidelines မူဝါဒ ရေးရာနဲ့ ဆုံးဖြတ်ချက် ချမှတ်ရမယ့် Command Centre သဖွယ် ဖြစ်ရမယ့် အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ သက်ဆိုင်ပါတယ်။ ဒါဟာ ခေါင်းဆောင်မှု စွမ်းဆောင်ရည်နဲ့လည်း သက်ဆိုင်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကော်မတီတွေအကြား ချိတ်ဆက်ဆောင်ရွက်ဖို့ လမ်းညွှန်ချက်တွေ ဘယ်လိုနည်းဗျူဟာနဲ့ ချဉ်းကပ်ပြီး ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ကိုဗစ်-၁၉ ကာလ အထွေထွေအကျပ်အတည်း မပေါ်ပေါက်ရေးအတွက် ဟန်ချက်ညီ ဆောက်ရွက်ကြမလဲဆိုတဲ့ မဟာဗျူဟာ မူဝါဒတို့နဲ့ သက်ဆိုင်ပါတယ်။
ဥပမာ ဟာကွက်အနေနဲ့ တချက်ကို ကြည့်ကြပါစို့ လိုအပ်ရင် ရောဂါဖြစ်ပွားမှုများတဲ့ သို့မဟုတ် တိုးပွားဖို့ အလားအလာများတဲ့ နယ်မြေကို Community Lock Down လုပ်မယ်လို့ အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောထားခဲ့ပါတယ်။
ဒါဟာဒီမိုကရေစီနိုင်ငံတွေက ကိုဗစ်-၁၉ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နည်းနာ ဖြစ်ပါတယ်။
ဒါပေမယ့် အမိန့်တွေထွက်လာတော့ ဘယ်နှစ်လ ဘယ်နှစ်ရက်ဆိုတဲ့ အချိန်ကန့်သတ်ချက်မပါတဲ့ ည မထွက်ရလို Civil လူထု လွတ်လပ်ခွင့် Liberty ထိခိုက်တဲ့ အမိန့်တွေ ဖြစ်လာသလို ၊ Community Lock Down လည်း မဟုတ်ခဲ့ပါ။
စီးပွားရေး အရ အထိမခံနိုင်ဘူးဆိုရင်တောင် သင့်တင့်လျောက်ပတ်တဲ့ စီမံချက်တွေ မူဝါဒတွေ ဦးစားပေး အစီအစဉ်တွေ ချမှတ်ပြီး စီးပွားရေး နဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို ဟန်ချက်ညီ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထောက်ပြမှုတွေ ရှိပါတယ်။
ဥပမာအားဖြင့် လုပ်ငန်းတွေ ပြန်ဖွင့်မယ်ဆိုရင် လုပ်ငန်းခွင်ဝင်ရောက်မယ့် သူတွေအားလုံးကို ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးနိုင်တဲ့ အခြေအနေမျိုး၊ အန္တရာယ်များတဲ့ အုပ်စုတွေကို စတင်ရောဂါ ရှိမရှိ စစ်ဆေးပြီးမှ အလုပ်ခွင့်ဝင်တဲ့ စနစ်မျိုးက အစ စဉ်းစားရမှာ ဖြစ်ပါတယ်။
အမေရိကန်မှာလည်း ကိုဗစ်-၁၉ ကာလ အလုပ်လက်မဲ့ပြဿနာတွေ အမြောက်အမြားကြုံနေချိန် အလုပ်တွေ ပြန်ဖွင့်ဖို့ တောင်းဆိုမှုတွေ ရှိပါတယ်။ သမ္မတထရန့် ကိုယ်တိုင် Lock Down တွေ ပြန်ဖွင့်ဖို့ ပြောနေတာပါ။
ဒေါက်တာပေါလ်ရိုမာဆိုတဲ့ နိုဗယ်ဆုရ စီးပွားရေး ပညာရှင်နဲ့ ဟားဗတ်တက္ကသိုလ် ပါမောက္ခဟောင်း ရောဂါဗေဒ ပညာရှင် ဒေါက်တာ အီဇက်ကီလ် အီမန်နျူယလ် တို့ကတော့ တနေ့ကို လူပေါင်းသန်းချီပြီး စစ်ဆေးနိုင်မှ ပြန်ဖွင့်ပါလို့ တိုက်တွန်းပါတယ်။
အမေရိကားမှာ လက်ရှိ တနေ့ကို ၁၃၀,၀၀၀ ကနေ ၁၆၀,၀၀၀ လောက် ပိုးစစ်ပါတယ်။ ဒါနဲ့ မလုံလောက်တဲ့အတွက် ပေါလ်ရိုမာက အုပ်စုလေးစုခွဲပြီး ရောဂါရှာဖွေစစ်ဆေးဖို့ Aggressive testing ကို အဆိုပြုပါတယ်။ ပထမအုပ်စုက ကျန်းမာရေး လုပ်သားတွေနဲ့ ရောဂါနဲ့ ထိတွေ့မှု များနိုင်တဲ့ အုပ်စုပါ၊ သူတို့အားလုံး ပုံမှန်အမြဲစစ်ဆေးနေဖို့ပါ။
ဒုတိယအုပ်စုက တော့ မရှိမဖြစ် စီးပွားရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်နေရသူအုပ်စုပါ။ ဒီအထဲတော့ supply chain ကုန်ထုတ်လုပ်ငန်းစု လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ပတ်သက်နေသူတွေပါပါတယ်၊ ဥပမာ စားစရာတွေ ရရှိအောင်ဆောင်ရွက်ပေးနေသူတွေ၊ ဈေးရောင်းနေသူတွေ၊ ကုန်စည်သယ်ယူပို့ဆောင်ပေးနေသူတွေပါ။
ဒီအုပ်စုထဲမှာ ရဲတွေ၊ လျှပ်စစ်ဝန်ထမ်း၊ သန့်ရှင်းရေး ဝန်ထမ်းတွေ မရှိမဖြစ်ဝန်ဆောင်မှု ပေးနေရသူတွေအားလုံးပါပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တတိယအုပ်စုကတော့ super spreaders လို့ခေါ်တဲ့ ရောဂါလက္ခဏာမပြဘဲ ရောဂါသယ်ဆောင်ဖြန့်ဖြူးနိုင်တဲ့ ကိုယ်ပျောက်ရောဂါသည်တွေပါ။ ပေါလ်ရိုမာတို့ အဆိုအရတော့ အန္တရာယ်သိပ်များတဲ့ အကာအကွယ်မဲ့ လူဦးရေများတဲ့ မိသားစုတွေ ကို ရည်ညွှန်းတာဖြစ်ပါတယ်။
စတုတ္ထအုပ်စုကတော့ အလုပ်ထဲကို ပြန်သွားလုပ်မဲ့ အလုပ်သမား အုပ်စုတွေဖြစ်ပါတယ်။
'အမှန်တော့ ပေါလ်ရိုမာ က လူဦးရေသန်း ၃၀၀ ကျော်ရှိတဲ့ အမေရိကားမှာ ၁၀ ရက်အတွင်း ပိုးစစ်နိုင်ဖို့ တနေ့သန်း ၃၀ လောက်စစ်ဖို့ ပြောတာပါ။ ဒီလိုလုပ်နိုင်ရင် နောက်နှစ်ပတ်အတွင်း lock down ဖွင့်ပြီး စီးပွားရေး ပြန် လုပ်နိုင်မယ်ပေါ့။ လူဦးရေ ၅.၅ သန်းရှိတဲ့ ရန်ကုန်မှာဆိုရင်တော့ တရက်ကို လူ ၅ သိန်း လောက်စစ်နိုင်မှ မေလထဲ lock down ဖွင့်နိုင်မှာပါ။'လို့ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျုဟာ လေ့လာသူ တဦးဖြစ်တဲ့ ဦးဝင်းမျိုးသူက မှတ်ချက်ပြုပါတယ်။
( ဂ) ဒီမိုကရေစီ အရ လား ၊ အာဏာရှင်ပုံစံ အရလား ထိုးစစ်လား ခွာစစ်လား
အထက်မှာဆိုကြသလို ပဲ နိုင်ငံတွေအလိုက် ကျင့်သုံးနေတဲ့ နိုင်ငံရေး အုပ်ချုပ်ရေးစနစ်တွေအပေါ် မူတည်ပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမှာ ဒီမိုကရေစီ စနစ်ပုံစံအရ ထိန်းချုပ်တာတွေလည်း ရှိသလို ၊ အာဏာရှင်ပုံစံ တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာတွေလည်း ရှိပါတယ်။
ဥပမာအားဖြင့် ဒီမိုကရေစီ နည်းကျ ကိုဗစ်-၁၉ ကို ထိန်းချုပ်ဖို့ကြိုးပမ်းတဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ဟာ အစိုးရ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားကောင်းမှု နဲ့ အတူစွမ်းဆောင်ရည် မြင့်မြင့်မားမားနဲ့ ကိုဗစ် -၁၉ ကို ထိန်းချုပ်နိုင်ခဲ့သလို အမေရိကန် ၊ အီတလီ ၊ စပိန် ၊ အင်ဒိုနီးရှား တို့ကတော့ ရုန်းကန်နေရပါတယ်။
အာဏာရှင်နဲ့ တပါတီ အုပ်ချုပ်မှုအောက်က တရုတ် ၊ ဗီယက်နမ် ၊ လာအိုတို့ဟာ စွမ်းဆောင်ရည် မြင့်မြင့်မားမားနဲ့ ရောဂါပိုးကို ထိန်းချုပ်လာနိုင်တာတွေ့ရပြီး အီရန်လိုနိုင်ငံကတော့ စွမ်းဆောင်ရည် အားနည်းတဲ့ နိုင်ငံပီပီ ရောဂါဒဏ်ရော ၊ လူမှုစီးပွား ရိုက်ခတ်မှု ဒဏ်ရော အကြီးအကျယ် ခံခဲ့ရပါတယ်။
တောင်ကိုရီးယား ရဲ့ အားသာချက်ကတော့ လျင်မြန်စွာ တုံ့ပြန်နိုင်မှု ၊ ပွင့်လင်းမြင်သာစွာရှိမှု ၊ တီထွင်ဆန်းသစ်နိုင်မှု နဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ထိန်းချုပ်ရေးမှာ လူထုရဲ့ တက်တက်ကြွကြွ ပါဝင်နိုင်မှုဟာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးမှာ အဓိကကျခဲ့တဲ့ မဟာဗျူဟာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
တောင်ကိုရီးယားလို (၁) စီးပွားရေး တိုးတက်မှု ၊ (၂) နိုင်ငံတော် တည်ဆောက်ရေး (၃) တရားဥပဒေ စိုးမိုးရေး ၊ (၄) ဒီမိုကရေစီနည်းကျ တာဝန်ခံနိုင်တဲ့အစိုးရ (၅) လူမှု နိုးကြားတက်ကြွမှု နဲ့ အတွေးအမြင် နှင့် (၆) တရားနည်းလမ်းကျမှု စတဲ့ ခေတ်မီ ဒီမိုကရေစီ နိုင်ငံတရပ်ရဲ့ ကြန်အင်လက္ခဏာရှိတဲ့ နိုင်ငံတောင် ကိုဗစ်-၁၉ ကာလနဲ့ နီးကပ်နေတဲ့ ပါလီမန် ရွေးကောက်ပွဲကို သီးသန့် ဦးစားမပေးဘဲ ကိုဗစ်ထိန်းချုပ်ရေး ၊ လူမှု စီးပွားရေး နာလန်ထူရေး ပြိုလဲမသွားရေး ကို ဦးစားပေးခဲ့ရတာပါ။
ဗီယက်နမ်ကတော့ တရုတ်မှာ စဖြစ်တဲ့ ဇန်နဝါရီလောက်ကတည်းက ပြင်ဆင်မှု အားကောင်းကောင်းနဲ့ လုပ်ခဲ့ရာမှာ အခုရက်ပိုင်း ဆိုရင် ၄ လောက် ဆက်တိုက် ပိုးတွေ့သူ မရှိတော့ပါ။ သုံးလအတွင်း ၂၆၈ ဦးပဲ ပိုးတွေခဲ့ပြီး သေဆုံးသူမရှိခဲ့ပါဘူး။ ဧပြီ ၂၂ ရက်နေ့ ဆိုရင် ဆေးရုံမှာ ဆက်လက်ကုသခံနေရသူ ၉၇ ဦးပဲ ကျန်ပါတော့တယ်။
မြန်မာမှာလို စစ်ဆေးမှု အားနည်းတဲ့ တိုင်းပြည်မဟုတ်သလို စမ်းသပ်စက်တွေကို ကိုယ်တိုင် ထုတ်လုပ်တာတွေရော ကိုရီးယားထုတ်စက်တွေနဲ့ပါ စစ်ဆေးမှုကို အတော်လေး အရှိန်မြင့်မြင့်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ နောက် ရလဒ်ကောင်းကိုပါ ရယူနိုင်ခဲ့ကာ စီးပွားရေးအရလည်း နာလန်ထူဖို့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး စီးပွားရေး နှိုးဆွရေးအစီမံတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်-၁၉ ကြောင့် အလုပ်ကိုင်တွေ ပိတ်ရတဲ့ လုပ်သားတွေအဖို့ တလကို ၇၇ ဒေါ်လာနဲ့ ညီမျှတဲ့ ငွေ ကို အစိုးရက ထောက်ပံ့ခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံမှာ လတ်တလောရောက်နေတဲ့ စိုင်းဝင်းလတ်က ပြောပါတယ်။
ဗီယက်နမ်မှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကနေ ကွန်မြူနစ်ပါတီကို လူတွေ ပိုယုံကြည်လာပြီး တိုင်းသူပြည်သားတွေအနေနဲ့ အမျိုးသားရေးလည်း ပိုတက်ကြွလာကြတယ်။
မြန်မာအဖို့ ဒီမိုကရေစီ စနစ်သုံးနေသလား ၊ အာဏာရှင်စနစ်သုံး ကိုဗစ်-၁၉ တိုက်ဖျက်နေသလားဆိုတာကိုကြည့်ရင် အာဏာပိုင်တပိုင်းစနစ်ကို သုံးနေတယ်လို့ MIPS မြန်မာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံက ကိုအမရသီဟက မှတ်ချက်ပြု ထားပါတယ်။
ဥပမာအားဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ ညမထွက်ရနှင့် အရေးပေါ် အခြေအနေကြေညာမှုများ ကြိုတင်သတိပေးချက်များ ၊ လူတွေကို အလုပ်လည်း လုပ်ခိုင်း ၅ ယောက်ထက်ပိုမစုရ အမိန့်တွေကို အရပ်သားအစိုးရ ပါလီမန် အထောက်အကူပြု အတည်ပြုချက် ရယူတာတွေ ပါဝင်ပြီး မြန်မာနိုင်ငံမှာ ပြည်ထောင်စုအဆင့် ကော်မတီ အောက်က တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရတွေက ကြေညာခိုင်းတာဖြစ်နေပြီး လွှတ်တော်အခန်းကဏ္ဍမျိုးတောင် မပါတာ ၊ ကြေညာချက်အမိန့်အများစုမှာ ရက်အကန့်သတ် ကြေညာထားမှုများ မပါတာတွေက အာဏာပိုင်တပိုင်းစနစ်သဖွယ် ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။
ကိုဗစ် - ၁၉ ထိန်းချုပ်ရမယ့် ကာလမှာ လူ ၅ ဦးထက် ပိုမစုရအမိန့်ဟာ ဆန္ဒပြပွဲတွေ တားဆီးနိုင်ရေးအတွက် ရည်ရွယ်တာမျိုး ဖြစ်နိုင်သလို မီဒီယာတွေကို အစောပိုင်းမှာကတည်းက ထိန်းချုပ်လာတာ ၊ ညမထွက်ရအမိန့်က ညမှာပဲ ပိုးကူးလို့လား ရည်ရွယ်ချက်က ဘာလဲဆိုတာ မပြနိုင်တာ ၊ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍက ကိုဗစ်-၁၉ ကာလမှာ လုံး၀ ပျောက်ဆုံးသွားတာ တွေက ဒီမိုကရေစီ စံနှုန်းတွေနဲ့ သွေဖယ်စရာ စီမံခန့်ခွဲမှုတွေ ဖြစ်ပါတယ်။
ကော်မတီတွေမှာလည်း လွှတ်တော်တွေ မပါသလို ဘတ်ဂျက်တွေ ပြန်ဆွဲရေးကအစ လွှတ်တော်ကဏ္ဍ ဘာအသံမှ မကြားရပါ။
တိုင်းရင်းသားတွေ အရပ်ဘက်အဖွဲ့အစည်းတွေ Think Tank၊ NGOs တွေရဲ့ အခန်းကဏ္ဍက ကိုဗစ်-၁၉ တိုက်ဖျက် ထိန်းချုပ်ရေး ပြန်လည်ထူထောင်ရေးလို ကိစ္စတွေမှာလည်း ပျောက်နေဆဲပါပဲ။
ဗိုင်းရပ်စ် တွေ့တဲ့ လူ ဆယ်ဂဏန်းမပြည့်ခင်တုန်းကတော့ တင်းကျပ်မှုတွေ လုပ်ခဲ့ပြီး ရာဂဏန်းဖြစ်လာချိန်မှာ ရောဂါ ထိန်းနိုင်စွမ်း မရှိသေးချိန် လူတွေကို လုပ်ငန်းခွင်တွေထဲ ပြန်ဝင်ခိုင်းတာတွေကလည်း ကိုဗစ်-၁၉ နဲ့ ဆင်နွှဲတဲ့ လက်ရှိစစ်ပွဲအချိန်ကာလမှာ သုံးနေတဲ့ ဗျူဟာဟာ ထိုးစစ်လား ၊ ခွာစစ်လား ဆိုတာ မဝေခွဲနိုင်အောင်ပါပဲဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သူတို့ အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့ တလ အတွင်း ရောဂါတွေ့ရှိတဲ့ အနေအထား ကျဆင်းသွားတဲ့ အတွက် တင်းကျပ်တဲ့ အစီအစဉ်တွေကို ပြန်ဖြေလျှော့ဖို့ လုပ်နေပါတယ်။
ဒါပေမယ့် လုပ်ငန်းအားလုံး တပြိုင်နက်တည်း ဖွင့်တာမျိုးမဟုတ်ပါဘူး။ ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းတွေလို လူအဝင်အထွက်များတဲ့ လုပ်ငန်းတွေ ရှော့ပင်းမောလ်တွေက ဖွင့်ခွင့်မရသေးသလို အရေးကြီးတဲ့ စားသောက်ကုန် ၊ ဆေးဝါး ထုတ်လုပ်ရေး ၊ ဘဏ် လို မရှိမဖြစ် လုပ်ငန်းတွေ ပထမအဆင့်အနေနဲ့ ပြန်ဖွင့် လည်ပတ်လုပ်ကိုင်စေတာတွေ လုပ်မှာဖြစ်ပြီး ထိန်းချုပ်နိုင်ပြီဖြစ်တဲ့ ဒေသတချို့မှာ ကျောင်းတွေပြန်ဖွင့်ဖို့လို ကိစ္စတွေလည်း ပါဝင်ပါတယ်။
ချက်ချင်း စုပြုံပြီး အများကြီး လွှတ်ချပေးတာမဟုတ်ဘဲ တဆင့်ချင်း ပြန်ဖွင့်ပေးတဲ့ သဘောပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁။ နိုင်ငံအတွင်းဝင်လာသူတွေကို တင်းတင်းကျပ်ကျပ် ဆက်စစ်ဆေးရေး ၊ မဖြစ်မနေ Facility Quarantine ၁၄ ရက် ထားရေးနဲ့ ခရိုင်တိုင်းမှာ ရောဂါစစ်ဆေးဖို့နဲ့ အန္တရာယ်များတဲ့ အုပ်စုတွေကို (လူတွေအကြားအလုပ်လုပ်ရတဲ့ လုပ်သားတွေပါဝင်) စစ်ဆေးမယ်။
၂။ လူစုလူဝေးမလုပ်ရသေးဘူး။ မျက်နှာဖုံး နှာခေါင်းစည်း Masks ကို လူအများရှိတဲ့နေရာသွားသူတိုင်းဝတ်ဆင်ရန်
၃။ အန္တရာယ်ရှိလုပ်ငန်း ( နိမ့်၊ မြင့် ၊ အလယ်အလတ် ) အပေါ်မူတည်ပြီး စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ရန် ယင်းအချက်ကို ထိုင်းကုန်သည်အသင်းက ဆုံးဖြတ်ပိုင်ခွင့်။
၄။ အန္တရာယ်များ လူစည်ကားလွန်းတဲ့ လုပ်ငန်းတွေ မဖွင့်ပါ။ (ကာရာအိုကေ ၊ ဖျော်ဖြေရေး ၊ ခရီးသွားလုပ်ငန်း ၊ လောင်းကစားလုပ်ငန်း၊ ကုန်တိုက် ၊ ဆံသဆိုင်များ လူစုလူဝေးအရောင်းမြှင့်တင်ပွဲ)
ကျောင်းတွေက ပြန်ဖွင့်နိုင်ပေမယ့် လူများတဲ့အခန်းတွေ လူခွဲထိုင်ဖို့ပါတယ်။ ဥယျာဉ်တွေ ပန်းခြံတွေဖွင့်မယ်။
၅။ ရောဂါကူးစက်ပျံ့နှံမှုနဲ့ ပတ်သက်ပြီး နိုင်ငံအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ဆိုင်ရာ အချိန်နဲ့ တပြေးညီ စောင့်ကြည့်စနစ်ရှိရမယ်
စတဲ့ ချက်တွေ အပေါ်မူတည်ပြီး ခရိုင်အချို့မှာ ပြန်ဖြေလျှော့ဖို့ လုပ်နေတာပါ။
စစ်သဘောနဲ့ကြည့်ရင် ခွာစစ် သဘောဆောင်ပါတယ်။
မြန်မာပြည်ရဲ့ အရေးပေါ်ကာလ စီမံအုပ်ချုပ်နေမှုကိုကြည့်ရင် ဗဟိုအဆင့်က နှေးကွေးလေးလံလွန်းတဲ့အတွက် ပြည်နယ် တိုင်း အစိုးရတချို့ဟာ သူတို့ သဘောနဲ့ သူတို့ ကြိုတင် ကာကွယ် ဆုံးဖြတ်နေတဲ့ ဖြစ်စဉ်တွေလည်းအမြောက်အမြားရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း
အရေးပေါ် ကာလအခြေအနေမှာ ဗဟိုကကြီးကြပ်လုပ်နေရင်လည်း တုံ့ပြန်နိုင်စွမ်း နှေးကွေးမှာ စိုးတဲ့အတွက် ပြည်နယ်တိုင်းအဆင့် အစိုးရတွေရဲ့ လုပ်ဆောင်ချက်တချို့ကတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
( ဃ) လက်တကမ်းအကွာမှ အကျပ်အတည်းများ
ကောင်းမွန်တဲ့ အချက်တွေထဲမှာ နယ်တွေမှာ ဓာတ်ခွဲခန်းတွေဆောက်ပြီး စစ်ဆေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ပါဝင်ပါတယ်။
အရေးပေါ် ကာလ ပြည်နယ် ၊ တိုင်း ဒေသန္တရ အစိုးရတွေကို အရေးပေါ်စီမံခန့်ခွဲမှု အာဏာပေးတဲ့ ရည်ရွယ်ချက်ကို ကြည့်ရင်
(၁) ရပ်ရွာ လူ့အဖွဲ့အစည်းက ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ် အခြေအနေကို ထိရောက်စွာ တုံ့ပြန်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရေး မူဝါဒ ချမှတ်နိုင်ဖို့ ( Preparedness )
(၂) ကျရောက်လာတဲ့ ဘေးအန္တရာယ်သက်ရောက်မှုကို ကာကွယ်ရန် သို့မဟုတ် လျှော့ချဖို့အတွက် ရည်ရွယ်ရေးဆွဲသည့် ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ မူဝါဒများ ( Mitigation )
(၃)အရေးပေါ် အခြေအနေဖြစ်ပွားချိန်မှာ တုံ့ပြန်ဆောင်ရွက်မှုများ ကြံ့ခိုင်အားကောင်းစေရန်နှင့် ဘေးအန္တရာယ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးတို့အတွက် ရေးဆွဲချမှတ်ရသည့် အရေးပေါ် အခြေအနေတုံ့ပြန်မှု မူဝါဒ ချမှတ်ရေး ( Response )
(၄) အရေးပေါ် အခြေအနေလွန်မြောက်ပြီးနောက် ဘေးအန္တရာယ်မှ လွတ်မြောက်လာတဲ့ ပြည်သူများအတွက် ၊ ရပ်ရွာတို့အတွက် ပြန်လည်ထူထောင်ရေးနဲ့ နဂို အခြေအနေမှန်ရောက်ရှိစေရေးအတွက် ကူညီထောက်ပံ့ရေးဆိုင်ရာ မူဝါဒ ( Recovery ) တို့ပါဝင်ပါတယ်။
ဒါပေမယ့်လည်း ကိုဗစ်-၁၉ ကပ်ဘေးဟာ မြန်မာလို နိုင်ငံအဖို့တော့ ရောဂါတိုက်ဖျက်ရေးကိစ္စအပြင် ၊ စီးပွားရေး နာလန်ထူရေး ၊ အုပ်ချုပ်ရေး ယန္တရား မပြိုပျက်ရေး ၊ တရား ဥပဒေ စိုးမိုးရေး ၊ နိုင်ငံရေးတည်ငြိမ်မှု ၊ ငြိမ်းချမ်းရေး၊ လူမှုရေး ၊ နိုင်ငံတကာဆက်ဆံရေး လိုကိစ္စတွေအထိ ရိုက်ခတ်နေတာပါ။
၂၀၂၀ ဟာ ရွေးကောက်ပွဲ ကျင်းပရမယ့်နှစ် ဖြစ်တာကြောင့် ကိုဗစ်-၁၉ ဂယက်ရိုက်ခတ်မှုမှာ ရွေးကောက်ပွဲလို ကိစ္စကလည်း ပါပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း
ဥပမာအားဖြင့် ကပ်ရောဂါဆိုး၊ စီးပွားလူမှု အကျပ်အတည်းတွေဖြစ် တည်ငြိမ်ရေးထိခိုက်လာလို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင် လွှတ်တော်သက်တမ်းကုန်ပြီး ဖွဲ့စည်းပုံ ပေးထားချက်အရ ကာလုံခေါ်လို့ အရေးပေါ် အခြေအနေ ကြေညာရမယ့် ကိစ္စမျိုးက နိုင်ငံရေး အကျပ်အတည်းနဲ့ပါဆက်စပ်ပါတယ်။
ဒါမျိုးကို ဘယ်လိုကျော်လွှားမလဲဆိုတာ အခုကတည်းက ပြင်ဆင်ရမှာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်ကပ်နဲ့ ဆက်နွှယ်နေတဲ့ ဒီကိစ္စမှာ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ် ပြည်တွင်းပြန်လာမဲ့ အရေးကအစ ပြည်တွင်းက စက်ရုံအလုပ်ရုံတွေ ဆက်လည်ပတ်နိုင်ရေး ဘယ်လို လုပ်မလဲဆိုတဲ့ အကြောင်းအရာတွေအပါအဝင် နိုင်ငံရဲ့ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်မဲ့ ကိစ္စရပ်တွေလည်း ရှိလာပါတယ်။ ကိုဗစ်အလွန်ကာလမှာ တိုင်းပြည်အနေနဲ့ ဘယ်ကဏ္ဍကို အားပြုစီးပွားရှာမလဲဆိုတဲ့ ကိစ္စကအစ အပူတပြင်း ပြင်ဆင်ဖို့ လိုအပ်နေတာပါ။
ဥပဒေစိုးမိုးရေးအရကြည့်မယ်ဆိုရင် ညမထွက်ရ တင်းကြပ်မှုတွေလုပ်ပေမယ့် လမ်းထိပ်တွေမှာ စောင့်နေသူတွေက ရဲ လို လုံခြုံရေးတပ်ဖွဲ့တွေမဟုတ်ဘဲ ဖြစ်နေတာ၊ လူတွေကို ရိုက်နှက် အပြစ်ပေးတာတွေ ဖြစ်လာနေတာ၊ ကိုယ်လမ်း ကိုယ့်ရပ်ကွက် ကိုယ်ခြံကိုယ်ကာ အယူအဆ အားကောင်းနေတာတွေက အစပါ။ ဒါတွေက အုပ်ချုပ်ရေးယန္တရား အားနည်းလာမှုနဲ့လည်း သက်ဆိုင်နေပါတယ်။
ကိုဗစ်-၁၉ ကာလမှာတောင် မရပ်နိုင်တဲ့ စစ်ပွဲတွေ ၊ ရောဂါလည်း ကြောက်ရ၊ ပတ်ဝန်းကျင်လည်း မလုံခြုံဆိုတဲ့ ကိစ္စတွေ ၊ အလုပ်လက်မဲ့တွေ ပေါလာပြီး ရာဇဝတ်မှုတွေ ပိုဖြစ်လာမလားဆိုတဲ့ ကိစ္စကနေ ဒီမိုကရေစီအရ ပိုထိခိုက်လာနေတဲ့ ကိစ္စတွေအထိ စဉ်းစားပြင်ဆင်ရမယ့် ကိစ္စရပ်တွေက အများကြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံအဖို့ ဆိုခဲ့ပါ ကိစ္စရပ်တွေကို အမြော်အမြင်ရှိရှိ ဗျူဟာတကျ တုံ့ပြန်နိုင်ဖို့ကတော့ အုပ်ချုပ်ရေးစနစ် ပိုမိုအားကောင်းဖို့၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ နိုင်ငံတော် စွမ်းဆောင်ရည် State Capacity ရှိမရှိ ဆိုတဲ့ ကိစ္စက အရေးပါနေတာ ဖြစ်ပြီး ခုလို အထွေထွေအကျပ်အတည်းကို ဦးတည်နေတဲ့ ကာလမှာ အရေးပေါ် တုံ့ပြန်နိုင်တဲ့ အမိန့်ပေး မဟာဗျူဟာချမှတ်နိုင်တဲ့ စုဖွဲ့မှုအားကောင်းမွန်သော Command Centre အမိန့်ပေးစင်တာလည်း အရေးပေါ် လိုအပ်နေတာ ဖြစ်ပါတယ်။

ကိုးကား- Asia Times, South Korea reveals how to win Covid-19 war
ဒေါက်တာဆုမွန်သဇင်အောင်- ကိုရိုနာဗိုင်းရပ်စ် ရောဂါအတွက် နိုင်ငံတကာအစိုးရများ၏ မူဝါဒ တုံ့ပြန်ပုံနှင့် မြန်မာနိုင်ငံအတွက် သင်ခန်းစာများ
Vietnam's Corana Virus offensive wins praise for Low- cost model
Theatlanta.com,Without More Tests, American can't open
Bangkok Post,Thailand to relax restrictions after mitigation covid-19
Policy Co-ordination Scale ; Hay and Wright (2002)
Seth G. Jones; Waging insurgent War fares
Bangkok Post, Easing Covid rules has to be a balancing act








