ကိုရိုနာဗိုင်းရပ်စ် - မြန်မာမှာနောက်တစ်ဦးသေဆုံး၊ အိန္ဒိယက ကုတင်တစ်သိန်းပြင်

မြန်မာမှာ ကိုဗစ်နဲ့သေသူ လေးဦး ရှိလာ

ဧပြီ ၁၂ ရက်နေ့က တွေ့ရတဲ့ ရန်ကုန်မြို့လယ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, NurPhoto

ဓာတ်ပုံ ပုံစာ, အိမ်ပြင်မထွက်ဖို့ မှာကြားချက်ကြောင့် ရန်ကုန်မြို့လယ်မှာ ရှင်းလင်းနေ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ နောက် ၃ ယောက် စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အဲဒီလူနာတွေ အနက် ပန်းဘဲတန်းမြို့နယ်က အသက် ၈၅နှစ် အရွယ် အမျိုးသားဟာ မနေ့ မနက် ၆နာရီက ကွယ်လွန်သွားခဲ့ပါတယ်။

သူရဲ့ နမူနာ ဆေးစစ်ချက် အဖြေကိုတော့ သူကွယ်လွန်ပြီး ၁၂ နာရီကြာမှ သူဟာ ကိုဗစ်နိုင်တင်း အတည်ပြု လူနာဖြစ်ကြောင်း ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သူ့မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ခရီးသွား ရာဇဝင် မရှိပေမယ့် ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ အခံတွေ ရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းကတော့ ပြင်းထန် အဆုတ်ရောင် ရောဂါ ၊ ဆီးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတာတွေကြောင့် လို့ ဆိုပါတယ်။

ကျန်၂ယောက်အနက် ဗဟန်းက အသက် ၆၈ နှစ် အရွယ် အမျိုးသမီးကြီး ကတော့ လူနာအမှတ် ၈ နဲ့ လူနာ အမှတ် ၂၈ တို့နဲ့ အတူနေ မိသားစု၀င် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ၃၈နှစ် အရွယ် အင်းစိန်က အမျိုးသား တစ်ဉီးဖြစ်ကာ လူနာအမှတ် ၂၄၊ ၃၄၊၃၅၊၃၆၊၃၇ တို့နဲ့ အတူ ဘာသာရေး အခမ်းအနား အတူ တက်ရောက်ဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်ကတည်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ နမူနာယူ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အခုအခါ ရောဂါပိုးတွေ့ရသူ ၄၁ ယောက် ရှိရာမှာ အဲဒီအထဲ ကိုဗစ် နိုင်တင်း လူနာတွေကို ကုသပေးတဲ့ ကျန်းမာရေး အရာရှိ တစ်ယောက်လည်း ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတင်း၃ပတ် အတွင်း အတည်ပြုလူနာ ၄ယောက်သေဆုံးကာ ၃၄ ယောက်ရဲ့ ကျန်းမာရေးက တည်ငြိမ်လျက် ရှိတယ်လို့ ကျန်းမာရေး ဌာနက ပြောပါတယ်။

အတည်ပြု လူနာတွေ အနက် ၂ ယောက်ကတော့ ၂ကြိမ်ထက်မနည်း ပိုးမတွေ့ အဖြေထွက်လို့ ဆေးရုံက ဆင်းသွားပြီး ကျန်တစ်ယောက် ဖြစ်တဲ့ လူနာအမှတ် ၂၆ ကတော့ အထူးကြပ်မတ်ခန်း မှာထား ကုသပေးနေရတယ်လို့ ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင်က ဘီဘီစီကို ဧပြီ ၁၁ ရက်နေ့က ပြောပါတယ်။

ဆေးရုံဝန်ထမ်းတွေကို ဘောရစ်ဂျွန်ဆင် ကျေးဇူးတင်

ဘောရစ်ဂျွန်ဆင်နဲ့ သူ့ဇနီးလောင်း မစ္စဆင်းမွန်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်ရဲ့ ဇနီးလောင်းကတော့ သီးခြားခွဲနေနေရတုန်းဖြစ်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ လန်ဒန် စိန့်တောမတ်စ် ဆေးရုံက ၀န်ထမ်းတွေသာ မကယ်ခဲ့ရင် ကိုဗစ်-၁၉ ကြောင့် သူ အသက်ဆုံးရှုံးရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ကျွန်တော် ပြောခွင့်ရမယ် ဆိုရင် တခု ပြောပါရစေ ၊ ကျွန်တော် သေမလို ရှင်မလို ဖြစ်နေချိန်မှာ ကျွန်တော့် ကုတင်ဘေးမှာ ၄၈နာရီ ကြာ နေပြီး ပြုစုပေးခဲ့တဲ့ သူနာပြု နှစ်ယောက်ကို အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့ကတော့ နယူးဇီလန်က ဂျယ်နီ နဲ့ ပေါ်တူဂီက လူဝီ တို့ ဖြစ်ပါတယ်လို့ မစ္စတာ ဂျွန်ဆင်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အရင်အပတ်က ဆေးရုံတက်ခဲ့ရတဲ့ မစ္စတာ ဂျွန်ဆင်ဟာ အခြေအနေ ဆိုးလာလို့ ဆေးရုံတက်ပြီး နောက်တရက်မှာ အထူးကြပ်မတ်ခန်းမှာ သုံးရက်ကြာ ကုသခဲ့ရပါတယ်။

မနေ့က ဧပြီ ၁၂ ရက်မှာ သူဆေးရုံက ပြန်ဆင်းလာပြီ ဖြစ်ပေမယ့် မူလ တာဝန်တွေကို ပြန်လည် မထမ်းဆောင်နိုင်သေးဘူးလို့ ဝန်ကြီးချုပ် ရုံးက ပြောပါတယ်။

အခုအခါ ဗြိတိန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း တစ်သောင်းကျော် သွားပါပြီ။

မနေ့က ထုတ်ပြန်ချက် အရ တရက် အတွင်း သေဆုံးသူ ၇၃၇ ယောက်ရှိပြီး ရောဂါပိုး တွေ့ထားရသူပေါင်း ရှစ်သောင်းခွဲ ရှိနေပါတယ်။

အီးယူမှာ အသက်ကြီးသူတွေ နောက်နှစ်အထိ သီးခြားခွဲနေရနိုင်

အသက်ကြီးသူတွေကို ကိုဗစ်အန္တရာယ်အတွက် ပိုစိုးရိမ်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသက်ကြီးသူတွေကို ကိုဗစ်အန္တရာယ်အတွက် ပိုစိုးရိမ်ရ

ဥရောပ သမဂ္ဂ အီးယူ နိုင်ငံတွေမှာ အသက်ကြီးရင့်သူတွေ အနေနဲ့ နောက်နှစ် ၂၀၂၁ အထိ isolation ဆိုတဲ့ သီးခြားခွဲ နေထိုင်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရမယ်လို့ အီးယူ ကော်မရှင် ဥက္ကဌ က ဂျာမန် သတင်းစာ တစောင်ကို ပြောကြားလိုက်ပါတယ်။

သက်ကြီးရွယ်အိုတွေကို ရောဂါ မကူးစက်စေဖို့ ကျွန်မတို့ အတတ်နိုင်ဆုံး ကန့်သတ် ကြိုးစား သွားရမယ်လို့ ဂျာမန်သတင်းစာ Bild ကို အီးယူ အကြီးအကဲ အာဆူလာ ဗွန်ဒေ လိုင်းယွန်း က ပြောပါတယ်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများစု ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်ဖို့ အနည်းဆုံး တစ်နှစ်ကြာမယ်လို့ ပြောထားပါတယ်။

သီးသန့် ခွဲနေထိုင်ရတာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ သိပေမယ့် ဒါဟာ သေရေး ရှင်ရေး ကိစ္စဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့ သံန္ဒိတ်ဌာန် ထား လုပ်ဆောင် ကြရမယ်လို့ ဗွန်ဒါလိုင်းယွန်းက ပြောသွားခဲ့ပါတယ်။

ကိုဗစ်အတွက် ကုတင်တစ်သိန်း အိန္ဒိယမှာပြင်

အိန္ဒိယက အစားအသောက်ဝေခြမ်းရေးနေရာတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပိတ်ဆို့ထားမှုတွေကို နောက်ထပ် သုံးပတ်ရက်တိုးထား

အာရှ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဖြေရှင်းဖို့ တိုးလာနဲ့ လူနာအရေအတွက်ကို မှန်းဆကာ ဆေးရုံတွေမှာ လုံလောက်တဲ့ ကုတင် တစ်သိန်းလောက် ပြင်ဆင်မှု လုပ်ထားတယ်လို့ အိန္ဒိယ အစိုးရ ပြောကြားလိုက်ပါတယ်။

အခုအခါ အိန္ဒိယမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရသူ ၈၅၀၀ နီးပါး ရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ထောင်အောက်ကနေ ခုန်တက်သွားတာပါ။ ဒီရောဂါကြောင့် အသက်ဆုံးရှုံးရသူ ၃၃၁ ယောက် ရှိပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနာ ကျလာရင်ကုသပေးနိုင်ဖို့ အတွက် အကြီးအကျယ် သတိထားပြီး အပြည့်အစုံ ပြင်ဆင်ထားပါတယ် ၊ ဆေးရုံ ခြောက်ရာကျော်မှာ လူနာကုတင်ပေါင်း တစ်သိန်းကျော် အဆင်သင့် ဖြစ်နေပါပြီလို့ ထိပ်တန်း ကျန်းမာရေး အရာရှိ လာ့ဗ် အဂ္ဂါဝါလ် က နေ့စဉ် သတင်းစာ ရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နွမ်းပါးသူ သန်းနဲ့ချီ ရှိတဲ့ အိန္ဒိယမှာ ကျန်းမာရေး စောင့်ရှောက်မှု က အကြီးအကျယ် ဝန်ထုပ်ဝန်ပိုး ကိစ္စ ဖြစ်နေပြီး ရောဂါ ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင် ကပ်ဘေးဆိုက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကတော့ ထိပ်တန်း အစိုးရ အရာရှိတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီးနောက် နက်ဖြန် အင်္ဂါနေ့မှာ သက်တမ်းပြည့်မယ့် တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ ထားမှုကို နောက်ထပ် သုံးပတ် တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ လယ်သမားတွေကို ကူညီမယ်

ဘင်္ဂလားဒေ့ရှ်က လယ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, NurPhoto

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကပ်ဘေးက လယ်သမားတွေကိုလည်း အထိနာစေခဲ့

ဘင်္ဂလား ဒေ့ရှ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အတွင်း လယ်သမားတွေကို အတိုးသက်သက်သာသာနဲ့ ချေးဖို့ ဒေါ်လာ သန်း၅၉၀ အပါအဝင် မြေသြဇာ ဒေါ်လာ သန်းတစ်ထောင့်တရာ ဖိုး ထောက်ပံ့ပေးမယ်လို့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ကြေညာလိုက်ပါတယ်။

ဘေးဒုက္ခကပ်ဆိုးကြီး လာနေပါပြီ၊ ဒါကို ကျွန်မတို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမှာပါ ၊ စိုက်ပျိုးရေး ကဏ္ဍကနေ အဆင်ပြေ ချောမွေ့စွာ သီးနှံထုတ်လုပ်သွားနိုင်အောင် ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါလို့ မစ္စက် ဟာစီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အသွားအလာ ပိတ်ဆို့ထားမှုကို နောက်ထပ် ၁၁ ရက်ကြာ လာမယ့် ဧပြီ ၂၅ ရက်နေ့အထိ သက်တမ်း တိုးထားတာကြောင့် ဆန်စပါး ၊ ငါးလုပ်ငန်း ၊ နို့ထွက်လုပ်ငန်းနဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်တဲ့ ယာသမားတွေ အကြီးအကျယ် အခက်တွေ့ခဲ့ရပါတယ်။