မြန်မာပြည်က အခြေခံတွေဆီ ရောက်လာပြီဖြစ်တဲ့ ကိုရိုနာ

ဓာတ်ပုံ ရင်းမြစ်, NYOnyo NYOnyo
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံခြားက ပြန်လာသူတွေဆီကနေ စတင်တွေ့ရှိခဲ့ပေမယ့် အခုအခါ အခြေခံလူတန်းစား လက်လုပ်လက်စား မိသားစုတွေ ဆီကိုပါ ပျံ့နှံ့ကူးစက်လာပြီဖြစ်ပါတယ်။
ဧပြီလ ၁၂ရက်နေ့ မနက်စောစောပိုင်းက မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တရားဝင် ဓာတ်ခွဲ အတည်ပြုချက်တွေအရ လူနာအမှတ် ၃၃ ဟာ ရွှေပြည်သာက လက်လုပ်လက်စား အိမ်ထောင်စုတွေ စုပေါင်းနေထိုင်တဲ့ အဆောင်မှာနေသူဖြစ်ပါတယ်။
သူဟာ ရွှေပြည်သာ ပဲဂိုဒေါင်တွေမှာ ကျပန်းကုန်ထမ်းတဲ့ လုပ်သားတစ်ဦးရဲ့ ဇနီးလည်းဖြစ်ပါတယ်။
အဲဒီ့ အမျိုးသမီးဟာ အသက်၂၉ နှစ် အရွယ်ဖြစ်ပြီးတော့ သူနဲ့ သူ့အမျိုးသား ၊သူ့တို့ရဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ်တို့ဟာ အခြားလူ အယောက်၂၀ခန့်နဲ့အတူ အဆောင်မှာ အတူတကွနေထိုင်ကြတယ်လို့လည်း ရွှေပြည်သာဒေသခံတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NYOnyo NYOnyo
ရွှေပြည်သာက လူနာအမှတ် ၃၃ နဲ့ အဆောင် အတူနေသူတွေ အပါအဝင် အနည်းဆုံး လူ ၅၂ ယောက် ကို အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်ဖို့ စီစဉ်နေတယ်လို့လည်း ရွှေပြည်သာ အမှတ်၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ဘီဘီစီကိုပြောပါတယ်။
အဲဒီအဆောင်ရှိရာ လမ်းကိုလည်း အသွားအလာ ပိတ်ထားလိုက်ပြီး၊ လူနာ အမှတ် ၃၃ နဲ့ အနီးကပ် ရှိခဲ့သူတွေကို လှော်ကား အထက ၂ မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ဖို့ ရွှေ့ပြောင်းပေးထားတယ်လို့ သူကရှင်းပြပါတယ်။
လူနာ အမှတ် ၃၃ဟာ ဧပြီလ ၇ ရက်နေ့က စတင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရလို့ ဧပြီ ၁၀ရက်နေ့မှာ အင်းစိန်ပြည်သူ့ ဆေးရုံကြီးကို သွားရောက် ပြသခဲ့ရာကနေ သူ့ကို့စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၁၂ ရက်နေ့ မနက်စောစောပိုင်း မှာ အင်းစိန်ဆေးရုံက ပြန်ရောက်လာတဲ့ လူနာအမှတ်၃၃ ရဲ့ အမျိုးသားနဲ့ ကလေးငယ်ကို သူတို့ နေထိုင်တဲ့ ရွှေပြည်သာက အဆောင်ကို ဝင်ခွင့်မပြုတော့ဘဲ နေ့လယ်ပိုင်းမှာတော့ ရွှေပြည်သာဆေးရုံကို အသွားအလာကန့်သတ်ပြီး စောင့်ကြည့်မှုတွေလုပ်ဖို့ ခေါ်သွားတယ်လို့ လည်း ဦးမြင့်အောင်ကပြောပါတယ်။
အခုလို ရွှေပြည်သာ မြို့နယ်အတွင်း အများနဲ့ အတူနေကြတဲ့ အဆောင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့လာတာဟာ စိုးရိမ်စရာဖြစ်တယ်လို့လည်း ရွှေပြည်သာဒေသခံတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thein Zan
လူနာ အမှတ် ၃၃ ဆီကို ပိုးဘယ်လိုကူးစက်ခံရတယ် ဆိုတာနဲ့ပတ်သက်ပြီးတိတိကျကျ ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
ကူးစက်ခံရသူဟာ ခရီးသွားရာဇဝင်မရှိသူ လို့လည်းသိရပါတယ်။
ရောဂါပိုးတွေ့သူဟာ လက်လုပ်လက်စားတွေထဲက ဆိုတော့ သူတို့နေထိုင်ရတဲ့ ပုံစံက ကူးစက်မှုကို မြန်နိုင်မယ်လို့ထင်တယ် လို့လည်း ရွှေပြည်သာဒေသခံ တစ်ဦးကပြောပါတယ်။
"ရွှေပြည်သာက အဆောင်တွေပုံစံက နေဖို့ အဆောင်တွေကသက်သက်၊ ရေချိုးခန်းနဲ့ အိမ်သာနဲ့က တွဲလျက် တစ်ခန်းထားတော့၊ အဆောင်နေတဲ့ အိမ်ထောင်သည်တွေဟာ၊ အိမ်သာ ရေချိုးခန်းက မျှသုံးရတယ်၊ နောက် တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအကွာ မှာနေဖို့ ကလည်းသိပ်မလွယ်တော့ လက်လုပ်လက်စားတွေကို ကူးရင် ကျွန်တော်တို့စိုးရိမ်တယ်"လို့လည်း သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ စုစုပေါင်း ၃၉ ဦးအထိ ရှိလာပြီဖြစ်ပြီးတော့ လူနာအမှတ် ၃၃ ဟာ ရွှေပြည်သာမှာ နေထိုင်သူ တွေထဲက ပထမဆုံးတွေ့တာဖြစ်တယ်လို့လည်းလို့လည်း ရွှေပြည်သာမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tein Zan
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှု ကို ကာကွယ်ဖို့အတွက် လက်ကိုမကြာမကြာဆေးဖို့နဲ့ လူစုလူဝေးတွေရှောင်ဖို့ ၊ အနည်းဆုံး ၃ ပေလောက်ခွာနေကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
ဒါပေမယ့် ရွှေပြည်သာမှာ စတိုးဆိုင်၊ စျေးဆိုင်တွေမှာ စျေးဝယ်ရင် ၃ ပေအကွာက မဝယ်ကြသလို၊ လက်ကိုလည်း စနစ်တကျဆေးတဲ့သူ နည်းကြောင်း ၊အခုရက်ပိုင်း လက်ဘက်ရည်ဆိုင်တွေမှာ ပါဆယ်ပဲ ရောင်းပေမယ့်၊ ဆိုင်ကိုအတင်းလာပြီး ထိုင်သောက်နေသူတွေကြောင့် ၊ အချို့ဆိုင်တွေမှာ လူစုလူဝေးတွေ ဖြစ်နေတာဟာ စိုးရိမ်စရာရှိတယ်လို့လည်း ရွှေပြည်သာမှာ နေထိုင်သူတစ်ဦး ကပြောပါတယ်။
ရွှေပြည်သာဟာ ရန်ကုန်တိုင်းအတွင်း လူနေထူထပ်တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ဆင်ခြေဖုံးဒေသတစ်ခုဖြစ်တာရယ်၊ အခြေခံ လက်လုပ်လက်စားတွေ နေတဲ့ဒေသဖြစ်လို့ ကူးစက်မှုဖြစ်လာရင် အလွယ်တကူမြန်မြန်ဆန်ဆန် ပျံနှံ့မှာကို လည်းစိုးရိမ်နေကြပါတယ် ။
ရွှေပြည်သာ မြို့နယ် ဟာ ရပ်ကွက်ပေါင်း၂၃ ခု၊ ကျေးရွာ ၄ ခုပါဝင်ပြီးတရားဝင်နေထိုင်သူဦးရေ ၃ သိန်းခွဲခန့် ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရွှေပြည်သာ မှာ အခုလို ရောဂါပိုးရှိသူတွေ့တဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ လမ်းတွေပေါ်မှာကား အသွားအလာ တွေအရင်ကထက် တော့ သိသိသာသာ လျော့သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းကပြောပါတယ်။
ဒီမှာက အခြေခံလူတန်းစားတွေ များတော့ ကျွန်တော်တို့က စိုးရိမ်တာပေါ့၊ အခုလည်း လက်ဆေးရည်တွေ ဝေဖို့နဲ့ လက်ဆေးကန် အခု၃၀ လောက် မြို့နယ်ထဲမှာ ဝေဖို့ စီစဉ်နေတယ်လို့ ဦးရန်အောင်မင်းက ဘီဘီစီကိုပြောပါတယ်။
"လုပ်နိုင်သလောက်တော့ ကျွန်တော်တို့ လုပ်နေပါတယ်၊ကူးစက်မှုတွေထပ်မဖြစ်အောင်လို့ပေါ့ "လို့ ဦးရန်အောင်မင်းကပြောပါတယ်။








