မြန်မာမှာ Covid 19 ကူးစက်ခံရသူ စုစုပေါင်း ၈ ဦးရှိပြီ

ကိုရိုနာ ဗိုင်းရပ်စ်
ဓာတ်ပုံ ပုံစာ, မြန်မာမှာ ၃ ရက်မြောက်နေ့အဖြစ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃ ယောက်ထပ်တွေ့

မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ မတ်လ ၂၈ ရက်နေ့က ၃ ဦးထပ်တွေ့ပြီးစုစုပေါင်း ၈ဦး အထိရှိလာနေပြီဖြစ်ပါတယ်။

ရောဂါပိုး တွေ့ရသူတွေဟာ အသက် ၂၉နှစ် အရွယ် အင်္ဂလန်က ပြန်လာတဲ့ အမျိုးသား ၊ အသက်ငါးဆယ်ကျော် အရွယ် ဆွစ်ဇာလန် နိုင်ငံသူ အမျိုးသမီးနဲ့ ပြည်ပ ခရီးသွား ရာဇဝင် မရှိထားတဲ့ အသက် ခြောက်ဆယ် အရွယ် မြန်မာနိုင်ငံက အမျိုးသမီးတို့ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ မတ်လ ၂၈ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နမူနာ စစ်ဆေးခဲ့တဲ့ လူနာ ၆၂ယောက် အနက် ၅၉ယောက်မှာ ပိုးမရှိကြောင်း နဲ့ ကျန်သုံးယောက်မှာတော့ ပိုးတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သူတို့ သုံးယောက်စလုံးဟာ မတ်လ ၂၆ ရက်နေ့မှာ ဆေးရုံတက်ရောက် လာကြသူတွေ ဖြစ်ပြီး အမျိုးသားကိုတော့ လက်ရှိမှာ ဝေဘာဂီ ဆေးရုံ ၊ နိုင်ငံခြားသူ အမျိုးသမီးကို နေပြည်တော် ကုတင် တစ်ထောင် ဆေးရုံနဲ့ ကျန်တဲ့ အမျိုးသမီးကို ရန်ကုန် ဆေးရုံကြီး တို့မှာ ကုသပေးလျက် ရှိတယ်လို့ သိရပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်

ဓာတ်ပုံ ရင်းမြစ်, MOHS facebook

ဓာတ်ပုံ ပုံစာ, ရောဂါ ကူးစက်ခံရသူတွေထဲ အမျိုးသမီးတွေ ပါဝင်

အခု ရောဂါပိုး တွေ့ရတဲ့သူတွေ အနက် အသက် ၅၀ ကျော်အရွယ် ဆွစ်ဇာလန် နိုင်ငံသူ အမျိုးသမီးဟာ ဂျီနီဗာ ကနေ ဘန်ကောက်တစ်ဆင့် လေယာဉ်နဲ့ နေပြည်တော်ကို မတ်လ ၁၈ ရက်နေ့က ရောက်လာသူ ဖြစ်ပြီး ကိုယ်အပူချိန်တက် ၊ ချောင်းဆိုး ၊ ဝမ်းသွားတာကြောင့် ၂၆ ရက်နေ့မှာ နေပြည်တော် ကုတင် တစ်ထောင် ဆေးရုံ တက်ရောက်ကုသရာက ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရုံးကလည်း ကြေညာချက် တရပ် ထုတ်ပြန်ထားပြီး ပြည်ပက လာရောက် အမှုထမ်းတဲ့ သူတို့ဝန်ထမ်း တယောက် ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အသက် ၆၀ အရွယ် အမျိုးသမီးကတော့ ဧည့်လမ်းညွှန်လုပ်ကိုင်ပြီး ဗဟန်းမြို့နယ်မှာ နေထိုင်ကာ ချောင်းဆိုး ၊ အော့အန် တာကြောင့် မတ်လ ၂၆ ရက်နေ့မှာ ရန်ကုန် ဆေးရုံကြီးမှာ တက်ရောက် ကုသခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ပြင်သစ်နိုင်ငံသား ခရီးသွားတွေနဲ့ အတူ ခရီးသွား လမ်းညွှန်ပေးခဲ့တာ ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်တယောက်ကတော့ အင်္ဂလန်ကနေ ထိုင်းနိုင်ငံကတဆင့် မြန်မာကို မတ်လ ၂၁ ရက်နေ့က ရောက်လာတာ ဖြစ်ပြီး အင်းစိန်မှာ နေထိုင်တာ ဖြစ်ပါတယ်။

သူ့ကို မတ်လ ၂၆ရက်နေ့မှာ ဝေဘာဂီ ဆေးရုံမှာ စောင့်ကြပ် ကြည့်ရှုရင်း ဓါတ်ခွဲခန်း အဖြေရယူခဲ့ရာမှာ COVID-19 ရောဂါပိုးတွေ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အထက်ပါ လူနာသုံးယောက်စလုံးဟာ လက်ရှိတော့ ကျန်းမာရေး ကောင်းမွန်လျက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် နဲ့ ကမ္ဘာ့ကပ်ရောဂါများ

မတ်လ ၂၇ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရသူ ငါးယောက် ရှိပြီး သူတို့ထဲက သုံးယောက်ကို ရန်ကုန်က ဝေဘာဂီ ဆေးရုံမှာ ကုသ စောင့်ရှောက်ထားသလို ကျန်တဲ့သူတွေကို ချင်းပြည်နယ် တီးတိန် နဲ့ မန္တလေး ကန်တော် နဒီ ဆေးရုံတို့မှာ စောင့်ကြပ် ကုသ ပေးလျက် ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ၁၃ ရက်နေ့က လေကြောင်းခရီး နဲ့ဝင်လာတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့က မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှာ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား နဲ့အင်္ဂလန်နိုင်ငံက မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝင်ရောက်လာခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့မှာ COVID-19 ရောဂါပိုး ပထမဆုံးတွေ့ရှိ ခဲ့တယ် လို့ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။